Wednesday, March 10, 2010
မျောက်ဖြစ်ချင်တယ် ဒေါ်ကြီးရယ် ---- (၁)
ကျွန်မ နာမည်က အငယ်မ။ နာမည်ရင်းတော့ မဟုတ်ဘူး။ နာမည်အရင်းက လှတယ်ရှင် --- သူဇာလွင်တဲ့။ ဒါပေမယ့် ဘယ်သူမှ အဲဒီနာမည်မခေါ်ဘူး။ အကုန်လုံးက အငယ်မပဲ ခေါ်တော့ အဲဒါကပဲ ကိုယ့်နာမည်ဖြစ်နေတာ။ သူဇာလွင်လို့ ခေါ်သံကြားရင် နားထဲမှာကိုက ယားကျိကျိ။ မွေးရပ်က ရန်ကုန်မြို့ကြီးရဲ့ ဒညင်းကုန်းရပ်ကွက်ထဲ --- အဖေဆုံးပြီးတော့ အမေတစ်ယောက်တည်းလည်း သမီးတွေ အတွက် မလုံးပမ်းနိုင်တာနဲ့ အဘိုး၊ အဘွားများ ရှိရာ ပုသိမ်မြို့ရဲ့ ပျံကျ ရပ်ကွက်လေးထဲကို ပြောင်းသွားခဲ့တယ်။
မွေးချင်းက လေးယောက်။ ခုတော့ သုံးယောက်ပဲ ကျန်တော့တယ်။ ကျွန်မရဲ့ အထက်က အကြီးတစ်ယောက်က ဆုံးသွားပြီလေ။ အဘိုး၊ အဘွားတွေကလည်း လက်လုပ်၊ လက်စား တော်တော်ကလေး ဆင်းရဲတယ်။ မုန့်ဟင်းခါးဟင်းရည်နဲ့ စားရတဲ့ ခေါက်ဆွဲဖြန့်တဲ့ အလုပ်လေးလုပ်ပြီး ခေါက်ဆွဲဆိုင်၊ ကော်ရည်ဆိုင်နဲ့ ဈေးလေးထဲမှာ သွားရောင်းကြတယ်။ နဂိုကတည်းက ကြပ်တည်းရတဲ့ကြားထဲ ခုလို ပါးစပ်ပေါက်တွေ တိုးတာတော့ ပိုလို ကြပ်တည်းသွားတာပေါ့။ ဒါပေမယ့်လည်း ညည်းညူရင်းပဲ သမီးနဲ့ မြေးတွေကို ရှာဖွေကျွေးမွေးပါတယ်။ ဒီလိုနဲ့ ကျွန်မလည်း အရွယ်ရောက်ပြီး လုပ်နိုင်ကိုင်နိုင်ရှိလာတော့ တစ်ဖက်တစ်လမ်းက အပိုဝင်ငွေလေးရအောင်ဆိုပြီး အဘွားကြီးတို့ ခေါက်ဆွဲပို့နေကြဆိုင်တစ်ဆိုင်ကို အိမ်အကူ (ဒီအရပ်မှာတော့ အိမ်ဖော်ပေါ့) ပို့လိုက်တယ်။ ကျွန်မရဲ့ လုပ်အားခတွေကို အမေနဲ့ အဘွားက လာလာပြီး ယူသွားကြတာပဲ။ အိမ်ပိုင်ရှင် စန္ဒာရွှေ (မုန်းလွန်းလို့ အန်တီလို့တောင် ထည့်မခေါ်ဘူး) အပြောအရတော့ ညည်းအမေက ပိုက်ဆံတွေမှ ကြိုယူသွားတာ အများကြီးပဲတဲ့။ အမေတို့ကလည်း အမြဲတမ်းကြပ်တည်းနေတာမို့ သူပြောတာလည်း ဟုတ်မှာ။ ကျွန်မကတော့ ဘာမှ သေချာ မသိဘူးလေ။ စာလည်းမှ မတတ်တာ။ ကျောင်းတောင် သူငယ်တန်းအထိပဲ နေဖူးတာ ---
စန္ဒာရွှေတို့က မုန့်ဟင်းခါးဆိုင်ဖွင့်တယ်။ အိမ်နဲ့ ဆိုင်နဲ့ က အဝေးကြီးရယ်။ သူတို့က နေ့လည်ပိုင်းမှ ဆိုင်ဖွင့်တာ။ ဒါကြောင့် နေ့လည် ၁၁နာရီဆိုရင် ဆိုင်ခင်းဖို့ စလုပ်ရပြီလေ။ မြို့လယ်ခေါင်က သိမ်ကြီးရှေ့မှာ ရောင်းတာ။ ဆိုင်ခုံတွေဆိုအိမ်ကနေပဲ သယ်ရတာ --- ကျွန်မမှာ တနေ့တနေ့ ရွက်ရတာ ခေါင်းကို ကျိန်းရော။ ပြီးရင် အိမ် နဲ့ ဆိုင်ကိုလည်း ခေါက်တုန့် ခေါက်ပြန် သွားရတာ။ သူတို့ ခိုင်းတာတွေ သွားယူပေးရတာ။ တော်ကြာ ဆီချက်ရည် ကျန်ခဲ့လိုက်။ ပဲမှုန့် ကျန်ခဲ့လို့ ပြေးလိုက်ဦး။ တနေ့ တနေ့ ပြေးနေရတာ ဆိုင် မသိမ်း မချင်းပဲ။ တခါတလေဆို လမ်းတောာင် ဆက်မလျှောက်ချင်တော့လောက်အောင် ညောင်းနေတာ။ သွားတာနှေးရင်လည်း ခေါင်းခေါက်သေးတယ်။
ကျွန်မအလုပ်က စန္ဒာရွှေတို့ဆိုင်ကို ကူညီရုံတင်မကပါဘူး။ အိမ်မှာလည်း ရေခပ်ရ။ ထမင်းချက်ရ။ (ဟင်းတော့ မချက်ရဘူး) သူတို့ကလည်း ချက်မစားပါဘူး။ ကျွန်မကိုတော့ မုန့်ဟင်းခါးရည်နဲ့ ကျွေးပြီး သူတို့ကတော့ ဆိုင်က ပဲဟင်းနဲ့ အခြားဟင်းတွေ ၀ယ်စားတာပေါ့။ ကျွန်မကတော့ နေ့တိုင်း မုန့်ဟင်းခါးရည်နဲ့ပဲ စားရတာပေါ့။ အိမ်က လူတွေ ခိုင်းတာ အကုန်လုပ်ရနဲ့။ ဒီကြားထဲ ဈေးလည်း ၀ယ်ပေးရသေးတယ်။ တိုတိုစစလေးတွေပါ။ ဆေးလိပ်တို့၊ ကွမ်းတို့၊ လက်ဖက်ရည်တို့ပေါ့။ ကျွန်မကလည်း အဲဒါတွေ သွားဝယ်ခိုင်းရင်ပျော်တယ်။ လက်ဖက်ရည် ၀ယ်ပေးရတာ အပျော်ဆုံးပေါ့။ ဘာကြောင့်လဲဆိုတော့ လက်ဖက်ရည်ဆိုင်မှာက ဗွီဒီယိုပြတယ်လေ။ ကျွန်မကြိုက်တဲ့ မြန်မာကားတွေဆို အကြာကြီး ကြည့်ပစ်လိုက်တာ။
ကျွန်မကို စန္ဒာရွှေတို့က မအားရအောင်ခိုင်းတာ။ တခါတလေဆို မနက်စာ ထမင်းတောင် လွတ်တယ်။ ရေလည်း သေချာ မချိုးဖြစ်ပါဘူး။ ရေချိုးနေရင်းနဲ့ အငယ်မရေ --- မပြီးသေးဘူးလား --- ကြာလှချည်လား --- မြန်မြန်လုပ်-- ကဲကြည့်ဦး ခုမှ စချိုးရတာ။ ဂျီးတောင် မတွန်းရသေးဘူး။ အဲဒါနဲ့ လက်စသတ်. ကိုယ်က ချွေးနံ့တောင် မစင်ဘူး။ ဒီလိုပဲ လုံးချာလည်လိုက်တာ ညရောက်ရော --- ညဆိုလည်း ၉နာရီလောက်မှ ဆိုင်သိမ်းတာဆိုတော့ အိမ်ကိုရောက်တော့ ၁၀နာရီကျော်။ အိုး၊ ခွက်တွေ တိုက်၊ ချွတ်ဆေးကြော။ ညစာ အဖြစ် မုန့်ဆိုင်က အကျန် ခေါက်ဆွဲတွေ၊ ထမင်းတွေ ရောစားပြီး ၁၁ နာရီလည်း ကျော်ရော တစ်နေ့တာ လက်စသိမ်းလို့ အိပ်ရရော ---
ဆက်ပါဦးမည်။ မျှော် ---
Subscribe to:
Post Comments (Atom)
4 comments:
ဖတ်ကောင်းနေတုန်း ဆက်ရန်နဲ့ တိုးသွားတယ်
မျှော်နေမယ်နော်..
အဆက်ကလေးကို
မကြာခင်မှာ ဆက်ပါ့မယ်။ ကျေးဇူးပါ ချော ---
ဒီနေ့မှဘဲ ဖတ်ဖြစ်တော့တယ်....
ဆက်ရေးနော်....
မျှော်နေမယ်....
ဟုတ် -- မသီရိ -- အပိုင်း (၂) ကို ဆက်လိုက်ပါပြီ
Post a Comment