Powered By Blogger

Wednesday, November 25, 2009

လူ့အဆင့်အတန်းနှင့် လူ့တန်ဖိုး

လူ့အဆင့်အတန်းကို မည်သို့တိုင်းတာမည်နည်း၊ မည်သည့်ပုံစံခွက်နဲ့ ခွဲခြားနိုင်မည်နည်း။
လူ့အဆင့်အတန်းကို လူတွေက သတ်မှတ်ခြင်းလား သို့တည်းမဟုတ် လူအဆင့်အတန်း
ကပဲ လူတွေကို ခွဲခြားနေခြင်းလား ဆန်းစစ်ရန်လိုအပ်ပေသည်။

များသောအားဖြင့်လူအများစုသည် ငွေကြေး ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာမှု၊ ရာထူးဂုဏ်ရှိန်
တန်ခိုးအာဏာ၊ ဆွေမျိုးအင်အား စသည်တို့နှင့် လူ့အဆင့်အတန်းကို တိုင်းတာလေ့ရှိကြပါ
သည်။ ပညာတတ် လူတန်းစားများသည် ပညာအရည်အချင်း ဘွဲ့ရာထူး တို့နှင့် တိုင်းတာ
လေ့ရှိကြပါသည်။

သတ်မှတ်ခြင်း၏ နောက်ကွယ်တွင်….

ချမ်းသာကြွယ်ဝမှုနဲ့ မိမိတို့ကိုယ်ကို မိမိတို့ အဆင့်အတန်းမြင့်သည်ဟုသတ်မှတ်လေ့ရှိသော
လူချမ်းသာ လူ့ဘူဇွာ အများစုသည် များသောအားဖြင့် အလှူအတန်း ရက်ရက်ရောရော ပြု
လုပ်ခြင်းဖြင့် လူအများသိမြင်အောင် ကြွားလုံးထုတ်လေ့ရှိပါသည်။ အမှန်စင်စစ် လူအများ၏
နောက်ကွယ်တွင် လက်တဖက်က ပေးလှူပြီး တခြားလက်တဖက်က ပြန်လည်ခိုးယူ နှိုက်ယူ
နေကြသည်မှာ ထိုသူတို့သတ်မှတ်ထားသော လူ့အဆင့်အတန်း ဖြစ်နိုင်ပေသည်။

ဆွေစဉ်မျိုးဆက် တန်ခိုးအာဏာ အရှိန်အဝါ ကြီးမားမှုနဲ့ အစဉ်အမြဲ ဂုဏ်ယူလေ့ရှိသော လူကုံထံ
လူပေါ်လူဇော် တို့သည် အမြဲတစေ ပွဲလမ်းသဘင် ပါတီ အခန်းအနားတို့တွင် ခေါင်းပေါင်းစ တလူ
လူ ပုဝါနှစ်စ စုံချ၍ မိန့်မိန့်ကြီး ပြုံးကာ ဂုဏ်ယူဝံ့ကြွားလေ့ ရှိကြပါသည်။ တကယ်တမ်း လူမသိသူ
မသိ မိဘအရှိန်အဝါမရှိ ဝမ်းရေးအတွက် မလုပ်မဖြစ် သူတပါးအိမ်တွင်ကျွန်ခံနေရသောမျက်နှာမွဲ
မိန်းမငယ်များကို အနိုင်ကျင့် စော်ကားမော်ကား လက်ရဲဇက်ရဲ လုပ်နေကြသည်မှာလည်း သူတို့
မှတ်ယူနေသော လူ့အဆင့်အတန်းထဲမှ တစ်ခု ဖြစ်နိုင်ပေသည်။

ပညာအရည်အချင်း ဘွဲ့ရာထူးနဲ့ ခေါင်းမော့ ခြေဖျားထောက်လေ့ရှိသော ပညာတတ်လူတန်းစား
တို့သည် မိမိတို့နဲ့သက်ဆိုင်ရာ နေရာတိုင်း ဋ္ဌာနတိုင်းတွင် မာနမျက်နှာမချိုမြသောမျက်နှာတို့ဖြင့်
လူအများကို ဆက်ဆံလေ့ရှိပြီး ၄င်းတို့အကျိုးရှိမည့် မည်သည့်ကိစ္စအတွက်မဆိုလူမှုရေး ဖောက်
ပြန်မှုပြုလုပ်ရန် ဝန်မလေးကြပေ။ ဤသည်မှာလည်း ထိုသူတို့၏ လူ့အဆင့်အတန်းတခု ဖြစ်ပေ
သည်။

မြင့်မြတ်သော လူ့အဆင့်အတန်း

သေချာသည်မှာ လူတယောက်၏ အဆင့်အတန်းကို ထိုလူကိုယ်တိုင် ပြသနေခြင်းပင်ဖြစ်ပါသည်။
လူတစ်ယောက်၏ အပြုအမူ အပြောအဆို အနေအထိုင်သာမက အရေးကြီးဆုံးဖြစ်သော စိတ်နေ
စိတ်ထား မြင့်မြတ်မှု၊ စိတ်ထားတတ်မှု စိတ်ကောင်းရှိမှု၊ စိတ်ဓာတ်ခိုင်မာမှု၊ မည်သို့သော အခြေ
အနေအချိန်အခါတွင်မဆိုမပြောင်းမလဲမဖောက်မပြန်သော စိတ်ဓာတ်ခွန်အားရှိမှုတို့သည်မြင့်မြတ်
သော လူ့အဆင့်အတန်းကို ပြသနေသော အဓိက အကြောင်းများ ဖြစ်ပေသည်။

ခိုင်မာသောစိတ်ဓာတ်ရှိမှသာလျှင် ဆောင်ရွက်ချက် လုပ်ဆောင်ချက် နှင့် ရပ်တည်ချက်တို့သည်
မယိမ်းမယိုင် ကျောက်တိုင်ကဲ့သို့ အမြဲ တည်တံ့နေပေမည်။ ထိုသို့မဟုတ်ပါက သူတပါး၏ သွေး
ထိုးမှု မြှောက်ပင့်ပေးမှု သွေးဆောင်မှု ဖြားယောင်းမှု ကြောင့်လေယူရာယိမ်းတတ်သောအရောင်
ပြောင်းတတ်သောသူအဖြစ် အလွယ်တကူ အရေခွံ လဲတတ်ပေသည်။ မည်သည့်လုပ်ငန်းကိုမဆို
ပြုလုပ်ရာတွင် အစမှ အဆုံးတိုင်အောင် မိမိ၏ ရပ်တည်ချက် ခံယူချက် ယုံကြည်ချက်ကို မပြိုလဲ
အောင်ထိန်းသိမ်းနိုင်ပြီး ပန်းတိုင်ကို ရယူရန်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင်မူ အခြေအ
နေ အချိန်အခါပြောင်းလဲမှု နှင့် ဖြစ်နိုင်ခြေရှိသော အကြောင်းအချက်များပေါ် မူတည်၍ သင့်တော
်သလိုလိုအပ်သလို ပြုပြင်ဆောင်ရွက်သင့်ပေသည်။ ထိုကဲ့သို့သော လူတို့၏ နောက်ဆုံးခရီးနေဝင်
ချိန်သည်ကား လှပ စည်ကားသိုက်မြိုက်မှာ သေချာလှပေသည်။

မိမိတို့ အားသန်ရာကို မိမိတို့သဘောကျသလိုမည်သို့ပင်သတ်မှတ်စေကာမူပတ်ဝန်းကျင်၏ချစ်ခင်
်မှု တန်ဖိုးထားမှု လေးစားမှု ယုံကြည်မှု အားကိုးမှု သာမက စံပြလူသားအဖြစ် သဘောထား မှတ်
ယူမှုများကို မိမိ၏ လုပ်ဆောင်ချက်များဖြင့်သာ ရယူနိုင်ပေမည်။

လူ့စရိုက်နဲ့ ပတ်ဝန်းကျင်

လူ့စရိုက်ဆိုသည်မှာ ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည်ဟု အပေါ်ယံအားဖြင့် ထင်မြင်စရာရှိသော်
လည်း ပတ်ဝန်းကျင်ထက် အရေးကြီးသည်မှာ လူ၏ မွေးရာပါ ပင်ကိုယ်စရိုက်ဖြစ်ပါသည်။

ပတ်ဝန်းကျင် မည်မျှပင်ကောင်းစေကာမူ ပင်ကိုယ်စရိုက် မကောင်းမှုကို ဆုံးမပဲ့ပြင် လမ်းညွှန်ပြသ
ထိန်းကျောင်းမည့်သူ မရှိလျှင်သော်လည်းကောင်း၊ ရှိသော်ငြားလည်း ဆိုဆုံးမလွယ်သူ မဟုတ်လျှင်
သော်လည်းကောင်း၊ မွေးရာပါ ပင်ကိုယ်စရိုက်တွင် ဝါသနာပါ ပူးတွဲနေပါက မည်သို့ဆုံးမစေကာမူ
တသက်လုံး မပြင်တော့ဘဲ သေသည်အထိ မိုက်တွင်းနက်ကြပေလိမ့်မည်။

ပင်ကိုယ်စရိုက်ကောင်းမွန်သောလူတစ်ယောက်သည်မည်သည့်ဘဝ၊မည်သည့်နေရာမဆို၊ မည်သည့်
အချိန်ဖြစ်ဖြစ် မည်သို့သောအပေါင်းအသင်းနဲ့ တွေ့စေကာမူ ပတ်ဝန်းကျင် မကောင်းသည့်တိုင်အောင်
လမ်းမှားပေါ်ရောက်ရန် အင်မတန်ခက်ခဲလှပါသည်။
ထိုသူ၏ ပင်ကိုယ်စရိုက်ကောင်းသည် မိမိကိုယ်ကို ထိန်းကျောင်းနိုင်သည်သာမက ပတ်ဝန်းကျင်ကိုပါ
တည့်မတ် ကောင်းမွန်စေတတ်ပါသည်။ ပတ်ဝန်းကျင်၏ကောင်းခြင်းဆိုးခြင်းသည်ထိုသူအပေါ်မလွှမ်းမိုး
နိုင်ဘဲထိုသူ၏ကောင်းမြတ်တဲ့ ပင်ကိုယ်စရိုက်အကျင့်သီလ နှင့်တကွ သင့်မြတ်မှန်ကန်တဲ့ အနေအထိုင်
သည်သာ ပတ်ဝန်းကျင်ကို သြဇာသက်ရောက်မှု ရှိစေမည်ဖြစ်သည်။

အမှန်စင်စစ် အရေးကြီးဆုံးမှာ ပင်ကိုယ်စရိုက်နှင့် အသိဥာဏ်ပေါ် မူတည်ပြိး ဖြစ်ပေါ်လာသော အပြုအမူ
အပြောအဆို အနေအထိုင်သာမက အကျင့်သီလ သိက္ခာ သမာဓိသာလျှင် အဓိကဖြစ်ပေသည်။

အကယ်၍ လူတစ်ယောက်သည် ငယ်ရွယ်စဉ်ကလေးဘဝက ဆိုးဝါးလှတဲ့ ပတ်ဝန်းကျင်ဒဏ်ကို ပြင်းထန်စွာ
ခံစားခဲ့ကာ စိတ်ဒဏ်ရာ နာကျည်းမှု စိတ်မလုံခြုံမှု ရခဲ့သည့်တိုင် ၄င်း၏ ပင်ကိုယ်စရိုက်နှင့် အသိဥာဏ်သာ
ကောင်းမွန်မြင့်မြတ်မည် ဆိုပါက ကြီးပြင်းလာသောအချိန်တွင် ရောက်ရှိနေသော ပတ်ဝန်းကျင်နဲ့ လျော်ညီစွာ
မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ သင့်လျော်သော အေးချမ်းသော မြင့်မြတ်သာလွန်သော ကိုယ် စိတ်
နှလုံး သုံးပါးလုံးကို ပိုင်ဆိုင်နိုင်သောသူဖြစ်ပေမည်။ ပတ်ဝန်းကျင်ကို အပြစ်တင် ဝေဖန် လက်ညှိုးထိုး နေမည့်
အစား မိမိကိုယ်ကို ဆန်းစစ်ဝေဖန်သုံးသပ်ပြီး ပြုပြင်ယူသင့်ပေသည်။

လူ့တန်ဖိုးကို ကြည့်တတ်ပါစေ

လူဆိုသည်မှာ အစစအရာရာ မပြည့်စုံနိုင်ပေ။ ကောင်းသောအားသာချက်ရှိနိုင်သကဲ့သို့ မကောင်းသော
အားနည်းချက်လဲ ရှိနိုင်ပါသည်။ ကောင်းသောအချက်များကိုသာ ကြည့်ပြီး လူကောင်းဟု မသတ်မှတ်နိုင်
သလို ဆိုးသောအချက်များသာ ကွက်ကြည့်ပြီး လူဆိုးဟုလဲ မခေါ်ဆိုနိုင်ပေ။ ကောင်းသော အချက်များသည်
လူ့ပတ်ဝန်းကျင်ကိုအကျိုးပြုနေပြီးလူ့အကျိုးဆောင်နေမည်ဆိုပါကလူ့အသိုင်းအဝိုင်းတခုလုံးကလူကောင်း
ဟုသတ်မှတ်ပေလိမ့်မည်။ ထို့အတူ မိမိ၏မကောင်း သောလုပ်ရပ်များက မိမိဘေးပတ်ဝန်းကျင်မှ အစပြုပြီး
လူသားအားလုံးကို အန္တရာယ်ပေးနိုင်မည်ဆိုပါက လူဆိုးဟု ခေါ်ဝေါ်ပေလိမ့်မည်။

လူ့တန်ဖိုးဆိုသည်မှာ ကြည့်တတ်သောသူမှသာလျှင် မြင်နိုင်ပါသည်။ လူ့တန်ဖိုးသည် ကြည့်တတ်သောသူ
အပေါ်မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေပါသည်။ လူများကို အပေါ်စီးမှ ကြည့်တတ်သူ တနည်းအားဖြင့် မိမိ
ကိုယ်သာလျှင်အတော်ဆုံး အတတ်ဆုံးလို့ ထင်နေသောသူများသည် လူအချင်းချင်း အထင်သေးလွယ်ပြီး
လူ့တန်ဖိုးကို အလွယ်တကူမသိနိုင်ပေ။ လူများကို အောက်မှ မော့ကြည့်တတ်သူ (သို့) မိမိကိုယ်ကို ယုံကြည်
မှုမရှိသူများသည် မည်သူ့ကို မဆို အထင်ကြီးလွယ်ပြီး ယုံလွယ်တတ်ကြပါသည်။ လူများကို တန်းတူရည်တူ
သဘောထားပြီး လူ့အရည်အချင်းကို အထင်မသေးလွန်း အထင်မကြီးလွယ်သူများသာလျှင် လူ့တန်ဖိုးကို
မှန်မှန်ကန်ကန် မြင်နိုင် ယုံယုံကြည်ကြည် အသုံးချနိုင်ပေလိမ့်မည်။ နေရာတိုင်းတွင် အယုံအကြည်မလွယ်
သင့်သလို အယုံအကြည်မဲ့တာမျိုးလည်း မဖြစ်သင့်ပေ။ အစဉ်အမြဲ သံသယစိတ်နှင့် အထင်သေးမည်ဆိုပါက
လည်း နောက်ဆုံးတွင် မိမိအရိပ်ကိုပင် မိမိမယုံကြည်တော့ဘဲ အထီးကျန်စိတ်နှင့် အရာရာကျဆုံးသွားနိုင်ပေ
လိမ့်မည်။

အမှန်စင်စစ် လူတစ်ယောက်၏ကံကြမ္မာကို မည်သည့်နတ်သိကြား နတ်ဘုရားမှဖန်ဆင်းယူ၍ မရနိုင်
သကဲ့သို့ ဘေးပတ်ဝန်းကျင်မှလည်း ပြုပြင်ယူ၍ မရနိုင်ပေ။ မိမိ၏ကိုယ်စိတ်နှလုံး သုံးပါးနှင့်တကွကာယကံ
ဝဇီကံမနောကံတည်းဟူသော ကံသုံးပါးသာလျှင် မိမိ၏ဘဝတစ်ခုလုံးကိုသာမက သံသရာတလျှောက်လုံး
တွင်ပါ တန်ဖိုးရှိသူအဖြစ် လမ်းပြကြယ်သဖွယ် ဖန်ဆင်းပြုပြင်ယူသွားမည် ဖြစ်ပါသည်။ ။

မှတ်ချက်။ ။ ယခုဆောင်းပါးသည် ကိုယ်တိုင်ရေး ဆောင်းပါးမဟုတ်ပါ။ အမတစ်ယောက် ဝေမျှသော ဆောင်းပါးအား နှစ်သက်လွန်းသဖြင့် ပြန်လည် တင်ပြရခြင်းဖြစ်ပါသည်။ အားနည်းချက်မှာ မူလစာဆိုရှင်ကို မသိခြင်းပင် ဖြစ်ပါသည်။ သို့ပေမယ့် အမည်မသိသော မူလစာဆိုရှင်အား ကျွန်တော့် စာမျက်နှာပေါ်တွင် ဖော်ပြခွင့် ပြုပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

Monday, November 9, 2009

ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို ဖန်တီးပေးနိုင်သည့် ခေတ်မှီသယံဇာတ အင်အားစုများ (အပိုင်း-၂)



ပိုင်ဆိုင်မှု အကျိုးကျေးဇူး (Competitive Advantage) ကို ရရှိစေရန် ခေတ်မီသယံဇာတများတွင် ရင်းနှီးမြှုပ်နှံရာတွင် အခြေခံနှင့် အဆင့်မြင့် ပညာများတွင် ရင်းနှီးမြှုပ်နှံခြင်း (Investing in basic and higher institutions)၊ စွမ်းရည် ဗဟုသူတများ တိုးတက်လာစေခြင်း (Improving in general skill and knowledge)၊ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များ (Stimulating R & D at higher institutions) တို့အား ပြုလုပ်ပေးခြင်းဖြင့် ရရှိနိုင်စေသည်။


အခြေခံသဘာဝအင်အားစုများ (Basic Factors) ကောင်းမွန်မှုသည် ကနဦး အကျိုးကျေးဇူး (Initial Advantages) ကိုသာ ဖန်တီးပေးနိုင်သည်။ ထို Basic Factory များ မရှိလျှင်လည်း သွင်းကုန်များအဖြစ် တင်သွင်းကြခြင်းဖြင့် ရရှိနိုင်ပေသည်။ ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို တွန်းအားပေးသည့် အဓိက အောင်မြင်မှုများ ကို ဆက်လက်ထိန်းသိမ်းပေးနိုင်မည့် အင်အားစုမှာ ခေတ်မှီသယံဇာတအင်အားစုများ (Advanced Factors) များပင် ဖြစ်သည်။


သို့ဖြစ်ရာ နိုင်ငံများတွင် အခြေခံသဘာဝအင်အားစု (Basic Factors) များ ပြည့်စုံစွာ မရှိပါက ၎င်းနိုင်ငံသည် မည်ကဲ့သို့ ပြုလုပ်သင့်သနည်း။ နိုင်ငံများတွင် အခြေခံသဘာဝအင်အားစုများ မရှိပါက Advanced Factors များတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံသည် Natural Resources တွင် ရှားပါးပြီး ဧရိယာကျဉ်းမြောင်းသော နိုင်ငံတစ်ခုဖြစ်သော်လည်း Advanced Factors များဖြစ်သော Engineering, Entrepreneurship, Skilled Labors များရရှိအောင် ဖန်တီးထားသဖြင့် ထုတ်လုပ်မှုလုပ်ငန်းများတွင် အောင်မြင် မှုများ အမြဲရရှိခဲ့သည်။


နိုင်ငံများသည် မိမိနိုင်ငံအတွက် ပြိုင်ဆိုင်မှု အားကောင်းသော၊ စဉ်ဆက်မပြတ်ဖြစ်သော၊ တိုးတက်မြန်ဆန်သော စီးပွားရေးအဆောက်အအုံ ဖြစ်ပေါ်စေရန် အခြေအနေများကို ရယူဖန်တီးရပေမည်။ နည်းပညာသည် စီးပွားရေးအဆောက်အအုံကြီး ပြောင်းလဲမှု ဖြစ်ပေါ်စေရန် အရေးကြီးဆုံး ဇစ်မြစ်ထဲတွင် ပါဝင်သည်။ သိပ္ပံနှင့် နည်းပညာ စွမ်းရည် (Capacity for Science and Technology) သည် တီထွင်မှု အားကောင်းသော၊ ပြောင်းလဲမှုများကို တိုးတက်လက်ခံနို်င်သော စီးပွားရေး လုပ်ငန်းများ လက်ထဲသို့ ရောက်ရှိစေရန် လိုအပ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများ (Research and Development) ကို ပြုလုပ်နေသော အဖွဲ့အစည်းများ (Institutions) များနှင့် လက်တွေ့နယ်ပယ်မှ ထုတ်လုပ်မှု လုပ်ငန်းများကြား ဆက်စပ်မှုအားကောင်းစေရန် ဆက်စပ်မှုအား မြှင့်တင်ပေးခြင်း (Linkage Promotion) ပြုလုပ်ပေးရပေမည်။ များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သုတေသနပြုလုပ်နေသည့် အဖွဲ့အစည်းများနှင့် လက်တွေ့အသုံးချ ထုတ်လုပ်မှု ပြုလုပ်နေသည့် လုပ်ငန်းများကြား ဆက်စပ်မှု အားနည်းနေသည့်အပြင် သုတေသန အသုံးစရိတ် (Research and Development Expenditure) လည်း သုံးစွဲနိုင်မှု အားနည်းခြင်း၊ သတင်းအချက်အလက်များကို ဖြန့်ဖြူးမှု အားနည်းခြင်း၊ မူပိုင်ခွင့်ဥပဒေများ အားနည်းခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများပေးမှုများ အားနည်းခြင်းတို့ကို တွေ့ရှိရပေသည်။


နိုင်ငံတစ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာတီထွင်ခြင်း တိုးတက်မှုကို တိုင်းတာနိုင်သော ညွှန်ကိန်းများထဲတွင် သုတေသန အသုံးစရိတ်လည်း ပါဝင်သည်။ သုတေသန အသုံးစရိတ်အတွက် ရင်းနှီးမှုများလေလေ၊ မိမိနိုင်ငံ၊ မိမိကုမ္ပဏီ၏ တီထွင်မှု အတိုင်းအတာမှာ များပြားလေလေပင် ဖြစ်သည်။ ထို့ကြောင့် ခိုင်မာသော သိပ္ပံ နှင့် နည်းပညာ အခြေခံနှင့် ဥစ္စာဓနကို ဖန်တီးပေးနိုင်သော နည်းပညာ တီထွင်ခြင်း (Wealth Creating Technological Innovations) နှင့်အတူ အသုံးချမှု (Application) တို့ကိုပါ တွဲဖက်အသုံးပြုနိုင်လေလေ အပြည်ပြည်ဆိုင်ရာ ပြိုင်ဆိုင်မှု ပတ်ဝန်းကျင် (Competitive International Environment )၌ မရှိမဖြစ် လိုအပ်သော စီးပွားရေး တိုးတက်မှု (Essential to Economic Growth) ကို ဖော်ဆောင်နိုင်မှု ဝေးလေလေပင်ဖြစ်သည်။


ယခုအခါ အသိပညာ၊ ဗဟုသုတ၊ ပညာတို့ကို အခြေခံသော စီးပွားရေး အဆောက်အအုံ (Knowledge Based Economy) ဖြစ်ပြီး သဘာဝသယံဇာတ အရင်းအမြစ် (Natural Resource)၊ အခြေခံကျသော သမရိုးကျ ထုတ်လုပ်မှု (Primary Processing and manufacturing) မျိုးဖြင့် ရပ်တည်၍ မရတော့ပေ။ ထိရောက်သော ထုတ်လုပ်မှုများ (Effective Production) နှင့်အတူ အသိပညာ၊ ဗဟုသုတ၊ ပညာတို့ကို အခြေခံသော ခေတ်မှီနည်းပညာာ (Advanced Technology)၊ ဈေးကွက် ရှာဖွေမှု (Marketing)၊ ရောင်းချမှု (Sales)၊ ၀န်ဆောင်မှု (Services) နှင့် ဖြန့်ဖြူးမှု (Distribution) များ ရရှိမည် ဖြစ်သည်။


စီးပွားရေး လုပ်ငန်းစု အဆင့်ဆင့်တွင် ပြိုင်ဆိုင်မှုသည် အရေးပါလျှက်ရှိပြီး ဈေးပေါလျှက်ရှိပြီး ဈေးပေါသော ကုန်ကြမ်းနှင့် လုပ်အား ရနိုင်မှု၊ နည်းပညာရနိုင်မှု၊ ဈေးကွက်ရနိုင်မှု တို့သည် ပြိုင်ဆိုင်မှုကို တွန်းအားပေးသော အရာများ ဖြစ်ခဲ့သော်လည်း ပညာခေတ် (Knowledge Era) တွင် တွန်းအားပေးနိုင်သော တွန်းအားစုအသစ် (New Drivers for Competitiveness) အဖြစ် ၀ယ်ယူသူများကို တန်ဖိုးထားခြင်း (Customer Value) ကို တွေ့ရှိရပေမည်။ ၀ယ်သူများကို တန်ဖိုးထားခြင်းတွင် ဒီဇိုင်းနှင့် ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှု (Ownership of Designs and Brands)၊ ဈေးကွက် ရှာဖွေမှု စွမ်းရည် (the excellence of marketing skills) နှင့် ၀ယ်သူများ၏ လိုအင်ဆန္ဒကို ချဉ်းကပ်မှု (Focus on Customer Demands) တို့ ပါဝင်ပေသည်။ ထို့ကြောင့် ပုံစံကျနသော ထုတ်လုပ်မှု ဖြစ်စဉ် (Smart Production Process) သည် အလွန်အရေးပါလာခဲ့သည်။ နည်းပညာ စီမံခန့်ခွဲမှု (Management for Technology)၊ တီထွင်မှု (Innovation) နှင့် သတင်းအချက်အလက် (Information) တို့မှာ ၂၁ရာစု၏ အဓိက လိုအပ်ချက်များ ဖြစ်လာခဲ့သည်။


ထို့ကြောင့် စီးပွားရေး တိုးတက်မှုနှင့် အပြည်ပြည်ဆိုင်ရာ ပြိုင်ဆိုင်မှု ရရှိရေးတို့သည် အပြန်အလှန် ဆက်စပ်လျှက်ရှိပြီး ပညာဗဟုသုတ၊ နည်းပညာ လွဲပြောင်းရေး (Generation and Transfer of Knowledge and Technology) တို့အပေါ်တွင် မူတည်လျှက်ရှိသည်။ ပညာဗဟုသုတနှင့် နည်းပညာများမြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ်တီထွင်မှုများ ပြုလုပ်နိုင်ခြင်း (Sustained Innovation) တို့သည် စက်မှုနှင့် စီးပွားရေး လုပ်ငန်းများအတွက် ပြဿနာများကို အောင်မြင် ကျော်လွှားစေနိုင်ပြီး နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို အထောက်အကူ ပြုနိုင်ပေသည်။


ပြိုင်ဆိုင်မှုများလွန်းသော ခေတ်ထဲတွင် ပြိုင်ဆိုင်မှုမှ အကိျုးရလဒ်ကောင်းများ ဖန်တီးနို်င်စေကြောင်း ဆန္ဒပြုရင်း ---

Sunday, November 8, 2009

ပြိုင်ဆိုင်မှုအကျိုးကျေးဇူးကို ဖန်တီးပေးနိုင်သည့် ခေတ်မှီသယံဇာတ အင်အားစုများ - အပိုင်း ၁


၂၀ ရာစု ကုန်ခါနီးအချိန်မှ စတင်၍ ကမ္ဘာ့စီးပွားရေး အဆောက်အအုံအတွင်း တွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ကုန်စည်နှင့် ၀န်ဆောင်မှု၊ ဘဏ္ဍာငွေ စီးဆင်းမှု၊ အရင်းအနှီး နှင့် နည်းပညာများ စသည်တို့သည် နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ အလွယ်တကူ ၀င်ထွက်သွားလာနိုင်ကြသည်နှင့်အမျှ ယနေ့ကမ္ဘာ ပေါ်တွင် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်မှ စ၍ နှိုင်းယှဉ်အကျိုးကျေးဇူးများ (Comparative Advantage)ကို မှီခို အားကိုး၍ မရတော့ဘဲ ကမ္ဘာ့ဈေးကွက် တွင် အပြိုင်အဆိုင် ဈေးကွက်ရှာဖွေမှုမှ တဆင့် ပြိုင်ဆိုင်မှု အကျိုးကျေးဇူး (Competitive Advantages) ကို ရရှိအောင် ဖန်တီးလျှက်ရှိသည်။


ပြိုင်ဆိုင်မှု (Competitiveness) ဆိုသည့် ဝေါဟာရကို စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးဘာသာ ရပ်နယ်ပယ်၊ နိုင်ငံရေးနယ်ပယ်များတွင် အသုံးများလာ သည်ကို တွေ့ရှိရသည်။ စီးပွားရေးရှုထောင့်အရ ပြိုင်ဆိုင်မှု (Competitiveness) ဆိုသည်မှာ အမြတ်၊ ဈေးနှုန်း၊ ရင်းနှီးမြှုပ်နှံမှုတို့၏ ပြန်ရချက်၊ ထုတ်ကုန်အရည်အသွေး စသည်တို့၏ ရလဒ်များ ကြောင့် စီးပွားရေး လုပ်ငန်းနယ်ပယ်အတွင်းမှာ ဆက်လက်ရှင်သန် ရပ်တည်နေနိုင်ပြီး အသစ်အသစ်သော ဈေးကွက်များအထိ တိုးချဲ့ နိုင်သော လုပ်ငန်း၏ စွမ်းရည်ကို ခေါ်ဆိုသည်။


နိုင်ငံ၏ ပြိုင်ဆိုင်မှု (National Competitiveness) ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ဈေးကွက်များတွင် မိမိနိုင်ငံထုတ်ကုန်စည်နှင့် ၀န်ဆောင်မှုများကို ကမ္ဘာ့ဈေးကွက်တွင် ဖန်တီးထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းဝယ်နိုင် သော နိုင်ငံတစ်ခု၏ စွမ်းရည်ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်ခု၏ ယှဉ်ပြိုင်မှုကို အရှင်းဆုံးဖွင့်ဆိုရလျှင် ကမ္ဘာ့ဈေးကွက်တွင် ဆက်လက်ရှင်သန်ရပ်တည်နိုင်စွမ်းရှိသော လုပ်ငန်း၏ စွမ်းရည်ပင် ဖြစ်ပေသည်။


နိုင်ငံတစ်ခု၏ ပြိုင်ဆိုင်မှု တိုးတက်စေရန် အဓိကကျသော အင်အားစုများမှာ -

Ø သဘာဝသယံဇာတအင်အားစု (Factor Endowment)

Ø ပြည်တွင်းဝယ်လိုအား အခြေအနေ (Demand Condition)

Ø ၎င်းလုပ်ငန်းနှင့် ဆက်စပ်ပတ်သက်လျှက်ရှိသော၊ အထောက်အပံ့ ပြုလျှက်ရှိသော စက်မှုလုပ်ငန်းများ ( Related and Supporting Industries)

Ø လုပ်ငန်းစု၏ မဟာဗျူဟာ၊ လုပ်ငန်းပုံသဏ္ဍာန် နှင့် လုပ်ငန်းပြိုင်ဆိုင်မှု (Firm Strategy၊ Structure and Rivalry) တို့ ဖြစ်ကြသည်။


ဤအင်အားစုများ အားကောင်းလေ နိုင်ငံ၏ ပြိုင်ဆိုင်မှု အင်အားကောင်းလေ ဖြစ်သည်။ သို့သော် ဤအင်အားစုများသည် လုပ်ငန်း၏ အတွင်းအင်အားစုများ (Internal Factors) များဖြစ်ပြီး အခွင့်အလမ်း (Chance) နှင့် အစိုးရ၏ ထိန်းချုပ်မှုနှင့် မူဝါဒ (Government Control and Policy) ကဲ့သို့သော လုပ်ငန်း၏ ပြင်ပမှ ထိရောက်စေသော အင်အားစုများ (External Factors) များလည်း ရှိသည်။


နိုင်ငံများအကြားတွင် မိမိနိုင်ငံထုတ်ပစ္စည်းများ၊ ၀န်ဆောင်မှုများကို ကမ္ဘာ့ဈေးကွက်အတွင်း ရှယ်ယာ အပြိုင်အဆိုင်ရယူနိုင်ရန် တီထွင်မှုများ (Innovation) ဆက်တိုက်လိုအပ်လာသည်။ ထို့ကြောင့် နိုင်ငံများအကြား ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို ရရှိခံစားနိုင်ရန်၊ ပြိုင်ဆိုင်မှု အကျိုးကျေးဇူးသည် မည်သည့်အကြောင်းအရာများပေါ် မူတည်နေသနည်း၊ မည်သို့စီမံခန့်ခွဲလျှင် ရနိုင်မည်နည်း ဆိုသည်ကို နိုင်ငံများအကြား အပြိုင်အဆိုင် လေ့လာ သုံးသပ်မှုများ ပြုလုပ်လာခဲ့သည်။ အာရှနိုင်ငံများဖြစ်သော စင်္ကာပူနှင့် ဟောင်ကောင်တို့သည်လည်း အမေရိကန် နှင့် ပြိုင်ဆိုင်မှု ကွာဟချက် (Competitiveness Gap) ကျဉ်းမြောင်း လာခဲ့သည်။


ကမ္ဘာ့စီးပွားရေးအဆောက်အအုံတွင် စီးပွားရေးလုပ်ငန်းများ၊ ကုမပဏီများသည် ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို ရရှိနိုင်ရန် အတွက် အပြိုင်အဆိုင်ရှာဖွေကြသည်။ ထိုသို့ ရှာဖွေကြရာတွင် -


Ø ကုန်ကြမ်းဇစ်မြစ်ကို သေချာစွာ ထိန်းသိမ်းခြင်း (Maintaining a Secure Source of Materials)

Ø ထုတ်လုပ်မှု အခြေအနေအား ပြိုင်ဆိုင်မှု ရှိအောင် ထိန်းသိမ်းခြင်း (Maintaining a Competitive Manufacturing Position)

Ø ဈေးကွက်ချဲ့ထွင်ခြင်းကို ဖြစ်ထွန်းစေရန် ၀ယ်ယူသူများအကြား ၀န်ဆောင်မှု (Customer Service) နှင့် ဈေးနှုန်းအားဖြင့် လျော့ချ ရောင်းချခြင်း (Lower Price) ဟူ၍ ဈေးနှုန်းအရ ပြိုင်ဆိုင်မှု (Price Competition) နှင့် ဈေးနှုန်းအရ မဟုတ်သော ပြိုင်ဆိုင်မှု (Non- Competitive Competition) ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။


ဤနေရာတွင် ဈေးနှုန်းအရ ပြိုင်ဆိုင်မှုဆိုသည်မှာ ဈေးနှုန်းကို အပြိုင်အဆိုင် လျော့ချခြင်းအားဖြင့် ရောင်းအား မြှင့်တင်ခြင်းဖြစ်ပြီး ဈေးနှုန်းအရ မဟုတ်သော ပြိုင်ဆိုင်မှု ဆိုသည်မှာ ထုတ်ကုန်အရည်အသွေးကို မြှင့်တင်ခြင်း (Promotion of Quality Product) ၊ ထုတ်ကုန်ဒီဇိုင်းအသစ်များ တီထွင်ခြင်း (Innovation of new design products)၊ ၀န်ဆောင်မှုပေးခြင်း (Services)၊ ကြော်ငြာခြင်း (Advertising) တို့ပင်ဖြစ်သည်။ နိုင်ငံများ၊ စီးပွားရေး လုပ်ငန်းများအဖို့ ပြိုင်ဆိုင်မှု အကျိုးကျေးဇူးဟု ခေါ်၍ ထိုစိန်ခေါ်များကို ရင်ဆိုင်နိုင်ရန် အသင့်ဖြစ်ပြီလားဟု (Are you up for the challenges?) ဟူ၍ စဉ်းစားစရာပင် ဖြစ်ပေသည်။


သဘာဝသယံဇာတအင်အားစုကို Heckscher-Ohlin သီအိုရီအရ အခြေခံသဘာဝအင်အားစု (Basic factors) နှင့် ခေတ်မှီ သယံဇာတအင်အားစု (Advanced Factors) ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ အခြေခံ သဘာဝအင်အားစု (Basic Factors) တွင် သဘာဝသယံဇာတ (Natural Resources)၊ ရာသီဥတု (Climate)၊ နေရာ (Location) တို့ပါဝင်သည်။ ခေတ်မှီသယံဇာတအင်အားစု (Advanced Factors) တွင် ဆက်သွယ်ရေး (Communication)၊ ကျွမ်းကျင်လုပ်သား (Skilled Labor)၊ နည်းပညယ (Technology) တို့ ပါဝင်သည်။


ပြိုင်ဆိုင်မှု အကျိုးကျေးဇူး (Competitiveness Advantages) ကိုရရှိစေရန် ခေတ်မှီသယံဇာတ အင်အားစုများက ပိုမိုအရေးပါကြောင်း တွေ့ရသည်။ ခေတ်မီသယံဇာတ အင်အားစုများသည် လူများ၊ စီးပွားရေး လုပ်ငန်းစုများနှင့် အစိုးရတို့မှ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ရရှိလာနိုင်စေသော ရလဒ်များပင် ဖြစ်သည်။