Powered By Blogger

Friday, March 19, 2010

မျောက်ဖြစ်ချင်တယ် ဒေါ်ကြီးရယ် (၄)

ဒီလိုနဲ့ ကျွန်မ ဒေါ်ကြီးတို့အိမ်မှာ ကောင်းကောင်းမွန်မွန် နေလို့ရပါတယ်။ ဒေါ်ကြီးတို့က သဘောကောင်းကြတယ်။ ကျွန်မကိုဆို တခါမျှ မရိုက်ဘူး။ ကျွန်မလုပ်တာတွေ မှားတဲ့အခါ၊ ဒေါ်ကြီးက စိတ်တိုင်းမကျတဲ့အခါ ဆူပါတယ်။ ဒါပေမယ့် တစ်ခါမျှလည်း မဆဲပါဘူး။ မနက်တိုင်း ဒေါ်ကြီးနဲ့ ဈေးလိုက်ပြီး ဈေးခြင်းကူဆွဲရပါတယ်။ အဘွားးကြီး ဆိုင်ကို ၀င်တဲ့အခါလည်း ၀င်ပါတယ်။ ကျွန်မကို အဘွားကြီး ဆိုင်နားက လူတွေက တွေ့တိုင်း အငယ်မလေး နင်ဝလာလိုက်တာ။ အသားတွေလည်း ဖြူလာတယ်တဲ့။ အမြဲဝိုင်းပြောကြတယ်။ ၀မှာပေါ့။။ ကျွန်မက တစ်နေ့တစ်နေ့ ထမင်းကို အ၀အပြဲစားရတာ။ မုန့်ကလည်း အဆင်ပြေသလို စားရပါတယ်။ နေ့လည်ဘက် အလုပ်ပြီးတဲ့အချိန်ဆို တစ်ရေးတောင် အိပ်ရသေးတယ်။ အပြင်လည်း သိပ်မှ မထွက်ရဘဲ။ အသားတွေက ဖြူတာပေါ့။

ဒေါ်ကြီးက စေတနာ ကောင်းရှာတယ်။ သူတို့အိမ်မှာ ဘုရားပွဲပြင်တဲ့အခါတိုင်း ငှက်ပျောသီးတွေ အများကြီးကို အနီးအနားလည်းဝေ။ ကျွန်မလည်း အ၀အပြဲစားပေါ့။ တစ်ခါတစ်လေ ကျွန်မကို နင်တို့အိမ်ကို သွားပေးချေ ဆိုပြီး အိမ်က သူတွေ စားဖို့ ထည့်ပေးတတ်သေးတယ်။ ကျွန်မနေတဲ့ ကာလတစ်လျှောက် ဒေါ်ကြီး စိတ်ဆိုးတာကို ဒီတစ်ခါပဲ မြင်ရတာ။ ကြောက်လိုက်တာ။ ကျွန်မကလည်း ကျွန်မပဲ။ ဒီလောက် ကောင်းကောင်းမွန်မွန် နေရတာကို --- ဘာကြောင့် စိတ်ဆိုးရတာလဲဆိုတော့ ဒေါ်ကြီးတို့အိမ်မှာ ဘီဒိုတွေ ရှင်းတဲ့တစ်နေ့ပေါ့။ ဘီဒိုထဲက အကျီတွေ ကို ချပြီး မ၀တ်တော့မယ့် အကျီတွေကို ရွေးပြီး ပီနံအိတ်နဲ့ ထုတ်တာပေါ့။ အဲဒီအကျီတွေထဲမှာ ကျွန်မညီမလေးတွေနဲ့ တော်နိုင်တဲ့ အကျီလေး နှစ်ထည်တွေ့တော့ ကျွန်မက ဖွက်ထားလိုက်တယ်။ နောက်နေ့ဈေးသွားရင် အဘွားကြီးကနေ တစ်ဆင့် ပေးခိုင်းမယ်ပေါ့။ ဒေါ်ကြီးကလည်း ကျွန်မဖွက်လိုက်တာ မမြင်လိုက်ဘူးလေ။ နောက်နေ့ဈေးသွားတော့ အဘွားကြီးတို့ဆိုင်ကို မ၀င်ဖြစ်ပါဘူး။ အဲဒီနေ့က ကျွန်မက အကျီကို ကျွန်မ၀တ်တဲ့ စကတ်ထဲမှာ ထည်ယူသွားတာ. ဒေါ်ကြီးက မုန့် မ၀ယ်တော့ ကျွန်မလည်း ပေးလို့မရဘူးပေါ့။ ကျွန်မလည်း တော်တော် စိတ်ညစ်သွားတယ်။ အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း ဈေးခြင်းတောင်းရှင်းရင်းနဲ့ ဆပ်ပြာမှုန့် မေ့ခဲ့တယ်တဲ့။ အငယ်မလေး နင်သွားဝယ်လိုက်တဲ့။ ကျွန်မရင်ထဲ ကုလားဘုရားလှည့်သွားတယ်။ ပျော်သွားလိုက်တာ။ ကျွန်မလည်း အင်းဆိုပြီး ခပ်မြန်မြန်သွားဖို့ ပြင်လိုက်တယ်။ ဒေါ်ကြီဒးက ခြံတခါးလိုက်ပိတ်ရင်းနဲ့ ကျွန်မ စကတ်ကြီး ဖောင်းနေတာတွေ့တော့ နင့်စကတ်ကြီးက ဘာဖြစ်နေတာလဲတဲ့။ ကျွန်မလည်း ပျာပျာသလဲ ဘာမှ မဖြစ်ပါဘူးပေါ့။ ပွနေလို့ပါ ဆိုတော့ ဒေါ်ကြီး ဒါဆို ချိတ်ထိုးမှပေါ့။ လူတောထဲ ကျွတ်ကျမှ ဒုက္ခဆိုပြီး ကျွန်မ စကတ်ကို ကိုင်လိုက်ရော အထဲက အကျီထုတ်ကြီးက ပြုတ်ကျလာရော။ ဒေါ်ကြီးလည်း မြင်သွားရော အရမ်းစိတ်ဆိုးသွားတယ်။ ကျွန်မကိုလည်း တော်တော်ဆူတယ်။ မရိုက်ဘူး။ မဆဲဘူး။ ဒါပေမယ့် ဒေါ်ကြီး ပြောတာတွေက တော်တော် ၀မ်းနည်းဖို့ ကောင်းတယ်။ မျက်နှာကြီးကိုလည်း တင်းနေလိုက်တာ။ ကျွန်မဖြင့် ကြောက်လိုက်တာ။ နောက်နေ့ ဈေးသွားတော့ အဘွားကြီးကိုလည်း တိုင်တယ်။ ကျွန်မခိုးထားတဲ့ အကျီတွေကိုလည်း ပေးလိုက်တယ်။

ဒေါ်ကြီးတို့အိမ်မှာ နေရတာ တော်တော်ကောင်းပါတယ်။ ။ အလုပ်ကလည်း သက်သာတယ်။ ဒေါ်ကြီးတို့ခြံထဲမှာ သီးပင် စားပင်တွေကလည်းများတယ်။ သရက်ပင်၊ ကွမ်းသီးပင်၊ ငှက်ပျောပင် တို့ပေါ့။ ကျွန်မကလည်း အပင်တက်တာ ၀ါသနာပါတယ်။ သရက်သီး သီးချိန်တုန်းကပေါ့ --- ကျွန်မချည်းပဲ သရက်သီးတွေ တက်ခူးတာ။ ပြီးတော့ ငါးပိချက်ကလည်း ကောင်းရှင်။ စားရတာ မြိန်လိုက်တာ။ ကွမ်းသီးပင်လည်း ကျွန်မက မရရအောင် တက်တာပဲ။ တခါခူးရင် ကွမ်းသီးတွေမှ အများကြီးပဲ။ အဘွားကြီးတို့ကိုလည်းပေး၊ ဒေါ်ကြီးက ဘုန်းကြီးကျောင်းလည်း သွားလှူသေးတယ်။ ဒါတောင်မှ အများကြီးပိုသေးတာ။ အဲဒါတွေကို ရောင်းစားလိုက်တယ်လေ။ ပြီးတော့ ကျွန်မကို မုန့်ဖိုးဆိုပြီးပေးတယ်။

ဒေါ်ကြီးက ကျွန်မကို အ၀တ်အစားတွေလည်း အများကြီးဝယ်ပေးတယ်။ ကျွန်မတို့အခေါ် ဘေထုတ်ဆိုင်ပေါ့။ ကျွန်မကို အဲဒီကို ခေါ်သွားပြီးတော့ နင်ကြိုက်တာရွေးဆိုပြီး ၀ယ်ပေးတာ. ကျွန်မ အဲဒီလို အကျီအသစ်တွေ ရရင် ကျွန်မ ညီမလေးတွေကိုလည်း ပေးချင်လိုက်တာ။ ဒေါ်ကြီးတို့ အိမ်မှာ နေတာ တစ်နှစ်ပြည့်တော့မယ်။ ဒီအတောအတွင်း ၀မ်းဆက် အသစ်နှစ်စုံတော့ ဒေါ်ကြီးက ၀ယ်ပေးထားတယ်။ တခါတလေ ကျွန်မ အိမ်ကို လွမ်းလို့ ပြန်ချင်တဲ့အခါ ဒေါ်ကြီးတို့ဆီမှာ ခွင့်တောင်းပြီး ပြန်လိုက်တယ်။ ပြီးတော့ ပြန်လာတယ်။ ကျွန်မအိမ်ပြန်ရင် ဒေါ်ကြီးက မုန့်တွေ ထည့်ပေးတတ်တယ်။

ဒေါ်ကြီးတို့အိမ်မှာ နေတုန်း ကျွန်မ နာမည်အသစ်နှစ်ခုရလိုက်တယ်။ ဘဘကြီးက နင့်ကို ငါ နာမည်အသစ်ပေးမယ်ဆိုပြီး ပေးထားတာလေ။ နင့်ကို တရုတ်လိုဆိုရင် “ ပင်းပင်း” လို့ ခေါ်မယ်တဲ့။ ကျွန်မက ငယ်ငယ်လေးတုန်းက အဖေ စိတ်ဆိုးပြီး ရိုက်လိုက်တာ။ နားစည်ထိသွားပြီး နားနည်းနည်းလေးတယ်။ ဒါကြောင့် ဘဘကြီးက ပင်းပင်းလို့ ပြောတာ.။ နောက် မြန်မာ နာမည်တစ်ခု ရှိသေးတယ်တဲ့။ လှတော့ လှတယ်။ “ မယ်လမ်းမျှော်” တဲ့။ ကျွန်မက ဘဘကြီးတို့၊ ဒေါ်ကြီးတို့နဲ့ အမြဲ အိမ်ထဲမှာပဲ နေရတော့ ပျင်းတယ်။ အဲဒါကြောင့် လမ်းထွက်ဖို့ ဆိုရင် တော်တော် ပျော်တယ်။ မကြီးတို့ ရန်ကုန်က ပြန်လာလို့ အပြင်သွားရင် ကျွန်မကို ခေါ်ပါစေလို့ ကျိတ်ဆုတောင်းမိတယ်။

ဒေါ်ကြီးတို့ အိမ်မှာ နေတုန်း ကျွန်မ ခရီးတွေလည်း ထွက်ရသေးတယ်။ ဘုရားဖူးပေါ့။ ရန်ကုန်ရယ်။ ကျိုက်ထီးရိုးရယ်။ ကျွန်မက ဓာတ်ပုံရိုက်ရတာ ၀ါသနာပါတယ်။ မကြီးတို့က ရိုက်ပေးမယ်တဲ့။ ဒါပေမယ့် ပိုက်ဆံပေးရမယ်တဲ့။ တစ်ပုံ ၅၀၀ တဲ့။ ကျွန်မလည်း ရိုက်ချင်လွန်းလို့ ရိုက်ခဲ့တယ်။ အများကြီးပဲ။ ပြီးတော့ ပိုက်ဆံကို ကျွန်မတွက်တတ်သလောက်တွက်တာ တော်တော်များတယ်။ အိပ်တောင် မပျော်ဘူး။ ဒါပေမယ့် တခါတလေ ရိုက်တာ ဆိုပြီးပဲ မှတ်ထားလိုက်တယ်။ ဒါပေမယ့် ဓာတ်ပုံတွေရတော့ ကျွန်မ ပိုက်ဆံ မပေးရဘူးလေ။ ပျော်လိုက်တာ။ အဲဒါနဲ့ ကျွန်မလည်း အိမ်ပြန်ပြီး ကြွားထည့်လိုက်တယ်။ အမေကလည်း အငယ်မလေး ဓာတ်ပုံတွေ ဆိုပြီး ရပ်ကွက်ထဲ လှည့်ပြလိုက်သေးတယ်။

ဒေါ်ကြီးတို့ အိမ်မှာ နေရတာ ပျော်ပါတယ်။ အေးလည်း အေးချမ်းတယ်။ ဒါပေမယ့် တစ်နေ့မှာ ဒေါ်ကြီးက အငယ်မလေး နင်ဘုရာ ရှိခိုးတတ်သလားတဲ့။ ကျွန်မကလည်း ပြီးလွယ် စီးလွယ် “ အင်း ” လို့ ဖြေလိုက်တယ်။ ဒါနဲ့ ဒေါ်ကြီးက ငါ့ကို ဘုရားစာတွေ ရွတ်ပြစမ်းတဲ့။ သေရော -- ကျွန်မလည်း တစ်ခုမှ မသိဘူး။ ဒါနဲ့ ဒေါ်ကြီးက နင် မတတ်ရင် ငါသင်ပေးမယ်တဲ့။ ကျွန်မက စာလည်း မတတ်တော့ ရေးပြလည်း သိမှာ မဟုတ်ဘူး။ ဒါနဲ့ ဒေါ်ကြီးက ငါဆိုပြတာ လိုက်ဆိုတဲ့။ ကျွန်မလည်း ကြောက်တော့ ဟုတ်ကဲ့ပေါ့။ ဒေါ်ကြီးက တစ်ခွန်းစဆိုပြတယ်။ တော်တော်ခက်တယ်။ မနည်း နားထောင်ယူရတယ်။ ဘာတဲ့ “ ဗုတ်ဓံ သရဏံ ဂစ်ဆာမိ ”။ ခက်လိုက်တာ။ ပါးစပ်ထဲမှာလည်း ရွတ်ရတာ တစ်မျိုးပဲ။ လျှာကိုလည်း လည်သွားတယ် ထင်မိတယ်။ တော်တော်ဆိုးတယ်။ ဒေါ်ကြီးက လေးငါးခွန်းလည်း ချပေးရော နင် ငါ့ကို ကိုးခေါက်ရွတ်ပြတဲ့။ သေရော ကျွန်မလည်း မဆိုတတ်ဘူး။ အရမ်းကိုမှ စိတ်ညစ်သွားတယ်။ ဖြစ် ညှစ်ပြီး ဆိုပြလိုက်တယ်။ ဒေါ်ကြီးက ပြောတယ်။ အသံထွက်တွေ မပီသေးဘူးတဲ့။ နောက်နေ့မှ ဆက်သင်မယ်တဲ့။ တော်သေးတယ်။ ဒါပေမယ့် ကျွန်မ တော်တော် စိတ်ညစ်တယ်။ နောက်နေ့တွေလည်း ဆိုရဦးမှာ။ ဒါနဲ့ ကျွန်မလည်း တွေးထားလိုက်တယ်။ နောက်နေ့ ဒေါ်ကြီးက ဆိုခိုင်းရင် ပြောလိုက်တော့မယ်။ ကျွန်မကို နောက်ထပ်ဆိုခိုင်းရင် “ မျောက် ဖြစ်ချင်တယ် ဒေါ်ကြီးရယ် ” လို့ --- ဒေါ်ကြီးက ဘာကြောင့်လဲလို့မေးရင် ကျွန်မ ပြောလိုက်တော့မယ်။ မျောက် ဘ၀က ကောင်းတယ်လို့။ ဘာမျှ ပူစရာ မလိုဘဲ သစ်ပင်တွေ ကြားမှာ တစ်ပင် က တစ်ပင် ကူးသွားနေတာ ပျော်စရာ ကောင်းတယ်။ လူတစ်ယောက်လောက်လည်း အလုပ်မရှုပ်ဘူးလို့ ပြောလိုက်တော့မယ်။ တကယ်ပြောတာ တစ်ခါ တစ်လေ ကျွန်မလေ မျောက်ဖြစ်ချင်တဲ့ စိတ်တွေ တော်တော် ပေါ်လာတယ်။ ----

ပြီးပါပြီ။

စာတစ်ပုဒ်မှ တွေးခေါ်မှု တစ်ခု တစ်စုံတစ်ရာ စိတ်ကျေနပ်မှု ရတယ်ဆိုရင် ရေးရကျိုး နပ်ပါပြီ။

ဖတ်ရှုအားပေးမှုကို ကျေးဇူးတင်လျှက် ---


Wednesday, March 17, 2010

မျောက်ဖြစ်ချင်တယ် ဒေါ်ကြီးရယ် (၃)

ဒီလိုနဲ့ပဲ ဒေါ်ကြီးက အဘွားကြီးဆီမှာ ကျွန်မကို ခေါ်မယ့် အကြောင်း ပြောလာတယ်။ ပျော်လိုက်တာပေါ့။ အဘွားကြီးက ပြောတယ်။ အငယ်မလေး အိမ်ပြန်တဲ့။ ညည်းအကျီတွေသွားယူလာခဲ့တဲ့. ဒီနေ့ဈေးပြန်ရင် ဒေါ်ကြီးတို့ အိမ်ကို သွားမှာတဲ့။ အဲဒါနဲ့ ကျွန်မလည်း အိမ်ကို သုတ်ခြေတင်တော့တယ်။ ပြီးတော့ ဈေးလေးကို ပြန်လာပြီး အဘွားကြီးနဲ့ ဒေါ်ကြီးတို့ အိမ်ကို သွားခဲ့တယ်။ ကျွန်မအမေလည်း ပါတယ်လေ။ ဒေါ်ကြီးတို့ အိမ်ရောက်တော့ ကျွန်မကို ဒေါ်ကြီးက လက်တိုလက်တောင်း ခိုင်းဖို့ ခေါ်မှာဖြစ်ကြောင်း။ နောက်တော့ ဘွားကြီးတို့နဲ့ ကျွန်မအတွက် လစာပြောကြပါလေရော။ ဘွားကြီးက တူမလေး သင့်တော်သလိုပေးပါ။ စန္ဒာရွှေတို့ အိမ်မှာတော့ တစ်လကို တစ်သောင်းပေးတယ်လို့ ပြောလိုက်တယ်။ ဒေါ်ကြီးက ဒါဆိုလည်း သူ တစ်လကို တစ်သောင်းပေးမယ်လို့ ပြောတယ်။ ဒါနဲ့ အမေက ၀င်ပြီးတော့ လစာကို ကြိုတင်ငွေလေး ထုတ်ပေးပါလို့ပြောတော့ ဒေါ်ကြီးက ခဏငြိမ်သွားတယ်။ ကျွန်မလည်း လန့်သွားတယ်။ ဒေါ်ကြီးက ဆက်မခေါ်တော့မှာ စိုးရိမ်သွားမိတယ်။ ခဏကြာတော့ ဒေါ်ကြီးကပြောတယ်။ နင်တို့လည်း အခက်အခဲဖြစ်နေတာဆိုတော့ ငါပေးလိုက်မယ်။ ဒါပေမယ့် နင်တို့ကို အများကြီးတော့ ကြိုမပေးနိုင်ဘူးတဲ့။ အမေက သုံးလစာဆို ရပါပြီ လို့ပြောလိုက်တယ်။ ဒေါ်ကြီးက သဘောတူလိုက်တယ်။ ဒါပေမယ့် တစ်ခုတော့ အမေတို့ကို ပြောလိုက်တယ်။ ငါ့မှာလည်း သားသမီးတွေရှိလို့ မတရားမခိုင်းဘူး။ ငါ မနိုင်မနင်းဖြစ်တာလောက်ပဲ ခိုင်းမယ်ပေါ့။ ဒါပေမယ့် နင်တို့ လစာငွေ ကြိုတင်ယူပြီးမှ ရှုပ် ရှုပ် ရှက် ရှက်တွေ လာမလုပ်နဲ့ လို့တော့ ပြောလိုက်တယ်။

အဲဒါနဲ့ အမေနဲ့ အဘွားကြီးလည်း ဒေါ်ကြီးပေးတဲ့ ပိုက်ဆံတွေ ယူပြီး ပြန်သွားတယ်။ ကျွန်မကိုလည်း အငယ်မလေး လိမ်လိမ်မာမာနေလို့ မှာသွားတယ်. ကျွန်မလည်း အမေတို့ ပြန်သွားတော့ နည်းနည်းတော့ ၀မ်းနည်းသွားတယ်။ ကျွန်မလည်း အပြေးအလွှားသွားပြီးတော့ အမေရေ --- စန္ဒာရွှေတို့ အကြွေူကို သွားဆပ်နော်။ ကျွန်မကို လာဖမ်းမှာ ကြောက်တယ်လို့ ပြောလိုက်ရတယ်။ အမေကလည်း အေးပါ။ စိတ်ချပါ. မဖမ်းပါဘူး လို့ ပြောမှ နည်းနည်း စိတ်အေးသွားရတယ်.

ပြီးတော့ ဒေါ်ကြီးကို ပြောတယ်။ ဒေါ်ကြီး ကျွန်မကို ခိုင်းပါ။ ကျွန်မ အလုပ်ကောင်းကောင်းလုပ်တတ်ပါတယ်လို့ ပြောလိုက်တယ်။ ဒေါ်ကြီးက အေး တဲ့။ ဒါပေမယ့် ညည်းကို အရင် သန့်ရှင်းရေး လုပ်ရဦးမယ်တဲ့။ ကျွန်မယူလာတဲ့ အ၀တ်အစားတွေကို ကြည့်တယ်။ ပြီးတော့ ကျွန်မနေရမယ့် နေရာကို ပြတယ်။ အားပါး။ ကြည့်လိုက်တော့ ကျွန်မနေရမယ့် အခန်းလေးက ကျွန်မတို့ အိမ်လေးလောက်ရှိတယ်။ ကျောက်ပျဉ်လည်း ပေးထားတယ်။ သနပ်ခါးကတော့ နောက်နေ့မှ ဈေးက ၀ယ်လိမ်းတဲ့။ ဆပ်ပြာနဲ့ ကျွန်မသုံးဖို့ မျက်နှာသုတ်ပုဝါလေးလည်းပေးတယ်။ အဟောင်းလေးပေမယ့် အကောင်းလေး။ အိမ်မှာဆို အဘိုး ပုဆိုးနဲ့ ပဲ သုတ်ရတာ။ တခါတလေ ချင်းစောင်ကြမ်းနဲ့လေ။ ညည်းရေချိုးတဲ့. ချေးတွေ စင်အောင် သေချာဆပ်ပြာတိုက်ပြီးချိုးတဲ့။ ကျွန်မရေချိုးပြီးတော့ ပါလာတဲ့ အကျီလေး ၀တ်လိုက်တယ်။ ပြီးတော့ ဒေါ်ကြီးက ညည်းဆံပင်တွေက ရှည်နေတယ်တဲ့။ ပြီးတော့ သပ်သပ်ရပ်ရပ်မရှိဘူးတဲ့။ ဆံပင်ညှပ်တဲ့။ ကျွန်မလည်း အစတော့ လန့်သွားတယ်။ အိမ်မှာ ညှပ်ပေးမယ်ပဲ ထင်တာပေါ့။ နောက်တော့မှ ဒေါ်ကြီး သမီးအငယ်နဲ့ ဆိုင်မှာ သွားညှပ်ရမှာ။ သွားတာတောင်မှ ကောင်းကောင်းသွားရတာ။ ကျွန်မတို့ မြို့မှာက စက်ဘီး။ ဆိုင်ကယ် အသုံးများတာလေ။ ဒါပေမယ့် ကျွန်မတို့က မြင်ဖူးတာပဲရှိတာ။ ကိုင်မှ မကိုင်ဖူးဘဲ။ စက်ဘီးလည်း မစီးတတ်ဘူး။ ကျွန်မက လမ်းလျှောက်သွားမယ်ပဲထင်တာ။ နောက်တော့မှ မကြီးက ဆိုင်ကယ် ထုတ်လာပြီး နင် တက်တဲ့။ သေချာလည်း ကိုင်ထားတဲ့။ ကျွန်မ များ ဘယ်လောက်တုံးလဲ။ တက်ပြီးတော့ ဘယ်နားကိုင်ရမှန်း မသိဘူး။ မကြီးလည်း သွား မကိုင်ရဲဘူး။ ဆူမှာ ကြောက်လို့။ ကျွန်မလည်း ဘယ်လိုကိုင်ရင် ကောင်းမလဲ စဉ်းစားနေတုန်း ဒေါ်ကြီးက ထွက်လာပြိး ဒီနားကို ကိုင်ဆိုပြီး ကျွန်မ ထိုင်နေတဲ့ အောက်က တန်းလေးကို ပြတယ်။ ကျွန်မလည်း ဒေါ်ကြီးပြတဲ့ အတိုင်း ထိုင်လိုက်သွားခဲ့တယ်။ အဲဒါနဲ့ ဆိုင်ရောက်တော့ မကြီးက တိုတိုနဲ့ ရှင်းရှင်း ညှပ်ပါလို့ ပြောလိုက်တယ်။ ဆိုင်ရှင်ကလည်း ညှပ်လိုက်တာ။ ကျွန်မလည်း နှမြောပေမယ့် မကြီးကို ကြောက်လို့ ပြန်မပြောရဲဘူး။

ဆံပင်ကလည်း တော်တော်တိုသွားတယ်။ ကျွန်မလည်း ခေါင်းတွေ ပေါ့သွားသလိုပဲ။ အဲဒါနဲ့ ဆိုင်ကယ်ကြီး စီးပြီး အိမ်ပြန်ရောက်တော့တယ်။ အိမ်ရောက်မှ ဒေါ်ကြီးက ကျွန်မလုပ်ရမယ့် အလုပ်တွေ ခိုင်းတော့တယ်။ ခိုင်းတဲ့ အလုပ်တွေကလည်း လွယ်လွယ်လေးတွေ။ ကြမ်းတိုက်။ တံမြက်စည်းလှည်း။ ပန်းကန်ဆေး။ ခြံရှင်း။ တကယ့်ကို လွယ်လွယ်လေးရယ်။ ရေတောင်မှ ပင်ပင်ပန်းပန်း ခတ်စရာ မလိုဘဲ ခလုတ်ကလေးဖွင့်လိုက်တာနဲ့ ရေတွေက တဝေါဝေါနဲ့ ကျလာရော-- တော်တော်ကို အဆင်ပြေတယ်။ ဘဘကြီးနဲ့ ဒေါ်ကြီးခိုင်းတဲ့ လက်တို လက်တောင်းတွေ တော့ လုပ်ပေးရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အရမ်းသက်သာတယ်။

ပြောရဦးမယ်။ စားတာကလည်း အလျှံပယ်ပဲ။ ထမင်းကလည်း အိနေတာ. ကျွန်မတစ်ယောက်တည်းဆိုတော့ ထမင်းကိုလည်း အိုးခွဲမချက်ဘဲ ဒေါ်ကြီးတို့ စားတဲ့ ထမင်းပဲ စားရတာ။ ထမင်းကတော့ စားကောင်းတယ်. ဟင်းကတော့ မကောင်းဘူး။ ငါးပိချက်က နေ့တိုင်းမချက်တော့ တချို့နေ့တွေ စားရတာ အဆင်မပြေတော့ဘူး။ အဲဒါနဲ့ ကျွန်မလည်း ငါးပိ ချက်တဲ့နေ့တွေဆို နောက်နေ့စားဖို့ ခွဲပြီးချန်ထားလိုက်တယ်။ ဒါကို ဒေါ်ကြီးမြင်တော့ နောက်ဆို ငါးပိ ကို များများချက်ထားပြီး တစ်နေ့ တစ်နေ့ နွှေးပြီး စားခိုင်းတယ်။ ထမင်းကကောင်း။ ဟင်းကလည်း မြိန်ဆိုတော့ ပြောမနေပါနဲ့။ အငယ်မတို့က စားချက်က တစ်နေ့တစ်နေ့ တော်တော် စားတာ။ ဒေါ်ကြီးကလည်း နင်မ၀သေးရင် ထပ်ယူ ဆိုတော့ ဗိုက်က ပြည့်နေပေမယ့် စားလို့ မ၀သေးဘူးထင်ပြီး ထပ်ချည်းယူတာ တော်တော်နဲ့ကို မထနိုင်တာ။ အလုပ်ကလည်း သက်သာ. ကောင်းကောင်းလည်း စားရ။ ကောင်းကောင်းလည်း နေရတယ်။ တစ်ခုပဲ ရှိတယ်။ ကောင်းကောင်းတော့ ဗွီဒီယို မကြည့်ရဘူး. ဒေါ်ကြီးတို့အိမ်က ထင်သလောက် ရုပ်ရှင်မကြည့်ကြဘူး။ ကြည့်ရင်လည်း အင်္ဂလိပ်ကားနဲ့ ကိုရီးယားကားပဲ ကြည့်တာ။ ကျွန်မကလည်း နေတိုး တို့ ပြေတီဦးတို့ပဲ ကြိုက်တာ ---

ဆက်ပါဦးမည်-- မျှော်

Monday, March 15, 2010

မျောက်ဖြစ်ချင်တယ် ဒေါ်ကြီးရယ် (၂ )

ဒီလိုနဲ့ပဲ စန္ဒာရွှေတို့ဆီမှာ ဆီတလူးလူးနဲ့ မိုးလင်းလိုက် မိုးချုပ်လိုက်နဲ့ အချိန်တွေ ကုန်ဆုံးခဲ့ရပါတယ်။ တနေ့နေ့လည်မှာတော့ ဈေးရောင်းနေရင်း စန္ဒာရွှေက အိမ်မှာ ဆီချက်ပုလင်းကျန်ခဲ့တယ်။ ပြန်ယူလို့ ခိုင်းလို့ ပြန်သွားယူပါတယ်။ ဒါပေမယ့် အိမ်မှာ မတွေ့ဘူး။ အဲဒီတော့ စန္ဒာရွှေက နင့်ကြောင့် ပျောက်တယ်ဆိုပြီး ကျွန်မဇက်ပိုးကိုလည်း နှစ်ချက်ရိုက်ပါတယ်။ ပြန်လျှော်ပေးလို့လည်း ပြောပါတယ်။ အမှန်တော့ ကျွန်မက သူတို့သယ်ခိုင်းတာတွေကိုပဲ သယ်ရတာပါ။ ဘာပစ္စည်းပါတယ်ဆိုတာ သေချာ မသိရပါဘူး။ အဲဒီနောက်တော့ အိမ်မှာ ထမင်းပြန်ချက်။ လမ်းမှာ ဆန်ဝင်ဝယ်သွားဆိုပြီး ပိုက်ဆံ တစ်ထောင်ပေးပြီး လွှတ်လိုက်ပါတယ်။ ကျွန်မလည်း သူတို့ဆီမှာ ဆက်မနေချင်တော့တာနဲ့ အဘွားတို့အိမ်ကိုပဲ ပြန်လာခဲ့ပြီး အဘွားရယ် သူတို့ဆီကို မပြန်ခိုင်းပါနဲ့တော့။ ဒီမှာပဲ လုပ်ပါရစေလို့ ငိုယိုပြီး ပြောတော့ အဘွားက နင်ပြန်မသွားချင်လည်း နေလေ လို့ဆိုမှ အပူလုံးကြီး ကျသွားပါတော့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ စန္ဒာရွှေ ယောက်ျား လိုက်လာပြီးတော့ ကျွန်မက သူတို့အိမ်က ပစ္စည်းတွေ ခိုးသွားလို့ဆိုပြီး ပြောပါတယ်။ နောက်တော့ ရဲစခန်းမှာ အမှုဖွင့်ပါတယ်။ အဲဒီတော့ အမေက လိုက်သွားပြီး ကလေးက မနေချင်တော့လို့ မထားနိုင်တော့ကြောင်း၊ ကြိုယူထားတဲ့ လစာငွေနဲ့ ကလေးကြောင့် ပျက်စီးသွားတာတွေကို လျှော်ပေးမယ်လို့ ကတိပြုခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း လျှော်ရမယ့် ငွေတွေက ကျွန်မတို့အတွက် များလိုက်တာလေ။ နားတောင် မလည်တော့ဘူး။

ဒီလိုနဲ့ ကျွန်မလည်း အဘွားကြီးနဲ့ ဈေးကူထွက်ရပြန်ပါတယ်။ အဘွားကြီးက အသက်ကြီးတော့ ဈေးတောင်းမရွက်နိုင်တော့တာမို့ ကျွန်မက ဈေးတောင်းရွက်ပြီး ဈေးလေးကို လိုက်ကူရပါတယ်။ အဘွားကြီးဆိုင်နားက ဈေးသည်တွေက ကျွန်မကို တောက်တိုမယ်ရခိုင်းလို့ မုန့်ဖိုးလေး ဘာလေးလည်း ပေးပါတယ်။

တနေ့တော့ အဘွားကြီးဆိုင်မှာ ဈေးဝယ်နေကျ ဒေါ်ကြီးတစ်ယောက်ကို အဘွားကြီးက ကျွန်မတို့ ဖြစ်အင်တွေကို ပြောပြလို့ ညည်းတော့ ဒေါ်ကြီးက တော်တော် စိတ်မကောင်းဖြစ်သွားပုံရပါတယ်။ ဒါနဲ့ သူအိမ်မှာ သမီးနှစ်ယောက်ရှိပြီး သမီးတွေကလည်း အရွယ်ရောက်လို့ အလုပ်ကိုယ်စီနဲ့ တာဝန်ကျရာမှာ နေရတဲ့ အကြောင်းတွေ ပြောပြပါတယ်။ ဒေါ်ကြီးက သူ့သမီးတွေ ၀တ်ခဲ့တဲ့ အကျီတွေရှိတယ်။ လာယူလို့ ပြောတဲ့အတွက် အဘွားကြီးနဲ့ သွားယူပါတယ်။ အိမ်ကိုရောက်တော့ ဒေါ်ကြီးက အကျီတွေကို အပြင်ကို ထုတ်ထားပြီး စောင့်နေပါတယ်။ ကျွန်မနဲ့ တော်တာတွေကို ရွေးလိုက်တာလေ အများကြီးပဲ ရတယ်။ တချို့ဟာတွေက တော်တော်ကြီးနေလို့ မယူလိုက်ရဘူး ဖြစ်နေတယ်။ ဒေါ်ကြီးအိမ်က ပြန်တော့ ကျွန်မ ပျော်လိုက်တာ --- လှလှလေးတွေ ၀တ်လို့ရပြီဆိုပြီး တွေးလာလိုက်တာ အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်းတောင် သတိမထားမိလိုက်ဘူး။

ဒီလိုနဲ့ နောက်ရက်တွေလည်း ဒေါ်ကြီးဈေးလာဝယ်ရင် အဘွားကြီးက အပိုတွေ ထည့်ပေးတတ်ပါတယ်. ဒါပေမယ့် ဒေါ်ကြီးက ပေးတိုင်းမယူပါဘူး။ သူတို့ အိမ်က လူနည်းတဲ့အတွက် မစားနိုင်တဲ့အကြောင်း ပြောပြီး မုန့်တွေ ထည့်ပေးရင် ပြန်ပြီး ပေးခဲ့တာက များပါတယ်။

တနေ့တော့ အဘွားကြီးက အဲဒီဒေါ်ကြီးကို ကျွန်မကို လက်တိုလက်တောင်းခိုင်းဖို့ ယူပါလားလို့ မေးတော့ ဒေါ်ကြီး မယူချင်ဘူးတဲ့။ သူ့မှာလည်း သားသမီးရှိလို့ သူများတွေက ဒီလို ခိုင်းစားခံရမှာကို မလိုချင်တဲ့အကြောင်း ပြောပါတယ်။ ကျွန်မလည်း တော်တော်ဝမ်းနည်းသွားတယ်။ ကျွန်မက ဒေါ်ကြီးက ခေါ်မယ်ဆိုရင် လိုက်နေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒေါ်ကြီးကို ကြည့်ရတာ သဘောကောင်းပုံရတယ်။ ပြီးတော့ ကျွန်မ ဒေါ်ကြီးတို့အိမ်သွားပြီး အ၀တ်အစားတွေ ယူတုန်းက ဒေါ်ကြီးတို့ အိမ်က တီဗွီကြီးက အကြီးကြီးပဲ။ ဒေါ်ကြီးတို့အိမ်မှာနေရင် ရုပ်ရှင်တွေလည်း ကြည့်ရမှာ --- ပြီးတော့လည်း စန္ဒာရွှေတို့ကို ပေးရမယ့် အကြွေးတွေကလည်း ရှိသေးတယ်။ အဘွားကြီးတို့ကလည်း မပေးနိုင်နဲ့ နောက်တစ်ခါ ကျွန်မကို ရဲစခန်းက လာဖမ်းမှာလည်း ကြောက်သေးတယ်။ ဒေါ်ကြီးက ခေါ်ရင်တော့ တော်တော်ကို ကောင်းမှာပဲ လို့ တွေးနေမိတယ်။ ဒါကြောင့် အဘွားကြီးဆီမှာ ဒေါ်ကြီးဈေးလာဝယ်တိုင်း ရီ ရီပြရတာ ပါးတောင် တော်တော် ညောင်းနေပြီ။

Wednesday, March 10, 2010

မျောက်ဖြစ်ချင်တယ် ဒေါ်ကြီးရယ် ---- (၁)



ကျွန်မ နာမည်က အငယ်မ။ နာမည်ရင်းတော့ မဟုတ်ဘူး။ နာမည်အရင်းက လှတယ်ရှင် --- သူဇာလွင်တဲ့။ ဒါပေမယ့် ဘယ်သူမှ အဲဒီနာမည်မခေါ်ဘူး။ အကုန်လုံးက အငယ်မပဲ ခေါ်တော့ အဲဒါကပဲ ကိုယ့်နာမည်ဖြစ်နေတာ။ သူဇာလွင်လို့ ခေါ်သံကြားရင် နားထဲမှာကိုက ယားကျိကျိ။ မွေးရပ်က ရန်ကုန်မြို့ကြီးရဲ့ ဒညင်းကုန်းရပ်ကွက်ထဲ --- အဖေဆုံးပြီးတော့ အမေတစ်ယောက်တည်းလည်း သမီးတွေ အတွက် မလုံးပမ်းနိုင်တာနဲ့ အဘိုး၊ အဘွားများ ရှိရာ ပုသိမ်မြို့ရဲ့ ပျံကျ ရပ်ကွက်လေးထဲကို ပြောင်းသွားခဲ့တယ်။

မွေးချင်းက လေးယောက်။ ခုတော့ သုံးယောက်ပဲ ကျန်တော့တယ်။ ကျွန်မရဲ့ အထက်က အကြီးတစ်ယောက်က ဆုံးသွားပြီလေ။ အဘိုး၊ အဘွားတွေကလည်း လက်လုပ်၊ လက်စား တော်တော်ကလေး ဆင်းရဲတယ်။ မုန့်ဟင်းခါးဟင်းရည်နဲ့ စားရတဲ့ ခေါက်ဆွဲဖြန့်တဲ့ အလုပ်လေးလုပ်ပြီး ခေါက်ဆွဲဆိုင်၊ ကော်ရည်ဆိုင်နဲ့ ဈေးလေးထဲမှာ သွားရောင်းကြတယ်။ နဂိုကတည်းက ကြပ်တည်းရတဲ့ကြားထဲ ခုလို ပါးစပ်ပေါက်တွေ တိုးတာတော့ ပိုလို ကြပ်တည်းသွားတာပေါ့။ ဒါပေမယ့်လည်း ညည်းညူရင်းပဲ သမီးနဲ့ မြေးတွေကို ရှာဖွေကျွေးမွေးပါတယ်။ ဒီလိုနဲ့ ကျွန်မလည်း အရွယ်ရောက်ပြီး လုပ်နိုင်ကိုင်နိုင်ရှိလာတော့ တစ်ဖက်တစ်လမ်းက အပိုဝင်ငွေလေးရအောင်ဆိုပြီး အဘွားကြီးတို့ ခေါက်ဆွဲပို့နေကြဆိုင်တစ်ဆိုင်ကို အိမ်အကူ (ဒီအရပ်မှာတော့ အိမ်ဖော်ပေါ့) ပို့လိုက်တယ်။ ကျွန်မရဲ့ လုပ်အားခတွေကို အမေနဲ့ အဘွားက လာလာပြီး ယူသွားကြတာပဲ။ အိမ်ပိုင်ရှင် စန္ဒာရွှေ (မုန်းလွန်းလို့ အန်တီလို့တောင် ထည့်မခေါ်ဘူး) အပြောအရတော့ ညည်းအမေက ပိုက်ဆံတွေမှ ကြိုယူသွားတာ အများကြီးပဲတဲ့။ အမေတို့ကလည်း အမြဲတမ်းကြပ်တည်းနေတာမို့ သူပြောတာလည်း ဟုတ်မှာ။ ကျွန်မကတော့ ဘာမှ သေချာ မသိဘူးလေ။ စာလည်းမှ မတတ်တာ။ ကျောင်းတောင် သူငယ်တန်းအထိပဲ နေဖူးတာ ---

စန္ဒာရွှေတို့က မုန့်ဟင်းခါးဆိုင်ဖွင့်တယ်။ အိမ်နဲ့ ဆိုင်နဲ့ က အဝေးကြီးရယ်။ သူတို့က နေ့လည်ပိုင်းမှ ဆိုင်ဖွင့်တာ။ ဒါကြောင့် နေ့လည် ၁၁နာရီဆိုရင် ဆိုင်ခင်းဖို့ စလုပ်ရပြီလေ။ မြို့လယ်ခေါင်က သိမ်ကြီးရှေ့မှာ ရောင်းတာ။ ဆိုင်ခုံတွေဆိုအိမ်ကနေပဲ သယ်ရတာ --- ကျွန်မမှာ တနေ့တနေ့ ရွက်ရတာ ခေါင်းကို ကျိန်းရော။ ပြီးရင် အိမ် နဲ့ ဆိုင်ကိုလည်း ခေါက်တုန့် ခေါက်ပြန် သွားရတာ။ သူတို့ ခိုင်းတာတွေ သွားယူပေးရတာ။ တော်ကြာ ဆီချက်ရည် ကျန်ခဲ့လိုက်။ ပဲမှုန့် ကျန်ခဲ့လို့ ပြေးလိုက်ဦး။ တနေ့ တနေ့ ပြေးနေရတာ ဆိုင် မသိမ်း မချင်းပဲ။ တခါတလေဆို လမ်းတောာင် ဆက်မလျှောက်ချင်တော့လောက်အောင် ညောင်းနေတာ။ သွားတာနှေးရင်လည်း ခေါင်းခေါက်သေးတယ်။

ကျွန်မအလုပ်က စန္ဒာရွှေတို့ဆိုင်ကို ကူညီရုံတင်မကပါဘူး။ အိမ်မှာလည်း ရေခပ်ရ။ ထမင်းချက်ရ။ (ဟင်းတော့ မချက်ရဘူး) သူတို့ကလည်း ချက်မစားပါဘူး။ ကျွန်မကိုတော့ မုန့်ဟင်းခါးရည်နဲ့ ကျွေးပြီး သူတို့ကတော့ ဆိုင်က ပဲဟင်းနဲ့ အခြားဟင်းတွေ ၀ယ်စားတာပေါ့။ ကျွန်မကတော့ နေ့တိုင်း မုန့်ဟင်းခါးရည်နဲ့ပဲ စားရတာပေါ့။ အိမ်က လူတွေ ခိုင်းတာ အကုန်လုပ်ရနဲ့။ ဒီကြားထဲ ဈေးလည်း ၀ယ်ပေးရသေးတယ်။ တိုတိုစစလေးတွေပါ။ ဆေးလိပ်တို့၊ ကွမ်းတို့၊ လက်ဖက်ရည်တို့ပေါ့။ ကျွန်မကလည်း အဲဒါတွေ သွားဝယ်ခိုင်းရင်ပျော်တယ်။ လက်ဖက်ရည် ၀ယ်ပေးရတာ အပျော်ဆုံးပေါ့။ ဘာကြောင့်လဲဆိုတော့ လက်ဖက်ရည်ဆိုင်မှာက ဗွီဒီယိုပြတယ်လေ။ ကျွန်မကြိုက်တဲ့ မြန်မာကားတွေဆို အကြာကြီး ကြည့်ပစ်လိုက်တာ။

ကျွန်မကို စန္ဒာရွှေတို့က မအားရအောင်ခိုင်းတာ။ တခါတလေဆို မနက်စာ ထမင်းတောင် လွတ်တယ်။ ရေလည်း သေချာ မချိုးဖြစ်ပါဘူး။ ရေချိုးနေရင်းနဲ့ အငယ်မရေ --- မပြီးသေးဘူးလား --- ကြာလှချည်လား --- မြန်မြန်လုပ်-- ကဲကြည့်ဦး ခုမှ စချိုးရတာ။ ဂျီးတောင် မတွန်းရသေးဘူး။ အဲဒါနဲ့ လက်စသတ်. ကိုယ်က ချွေးနံ့တောင် မစင်ဘူး။ ဒီလိုပဲ လုံးချာလည်လိုက်တာ ညရောက်ရော --- ညဆိုလည်း ၉နာရီလောက်မှ ဆိုင်သိမ်းတာဆိုတော့ အိမ်ကိုရောက်တော့ ၁၀နာရီကျော်။ အိုး၊ ခွက်တွေ တိုက်၊ ချွတ်ဆေးကြော။ ညစာ အဖြစ် မုန့်ဆိုင်က အကျန် ခေါက်ဆွဲတွေ၊ ထမင်းတွေ ရောစားပြီး ၁၁ နာရီလည်း ကျော်ရော တစ်နေ့တာ လက်စသိမ်းလို့ အိပ်ရရော ---



ဆက်ပါဦးမည်။ မျှော် ---

Tuesday, March 9, 2010

အတွေးအချို့ (၁)



လူတိုင်းလူတိုင်းဟာ မိမိတို့ ရှင်သန်နေရတဲ့ ဘ၀ကို ဘာနဲ့ တူသလဲလို့ ပုံဖော် စဉ်းစားဖူးကြပါလိမ့်မယ်။ ကျွန်မလည်း ပုံဖော်ကြည့်ဖူးတယ်။ တချို့သော စိတ်ကူးတွေကို မမှတ်မိ တော့ပေမယ့် တလောကမှ စိတ်ကူးဖူးတဲ့ ဘ၀သဏ္ဍန်ကို တင်ပြလိုက်ရပါတယ်။


ဖေဖော်ဝါရီလတုန်းက ကျွန်မတို့ရဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ရှိလို့ ဇာတိမြေ ပုသိမ်ကို ပြန်ဖြစ်ခဲ့ပါတယ်။ ကားလက်မှတ် ကလည်း စောစောကတည်းက ကြိုတင်ဝယ်ခဲ့လို့ နေရာကောင်းကို ရခဲ့ပါတယ်။ ဒရိုင်ဘာနော်ကခုံရဲ့ တစ်ခုံကျော်ဆိုတော့ view ကောင်းတယ်ပေါ့ရှင်။ လမ်းဘေးဝဲယာကိုလည်း ကြည့်နိုင်သလို လမ်းရှေ့တစ်ဆုံးကိုလည်း ကြည့်နိုင်ပါတယ်။ မည်သူမဆို ခရီးထွက်ရတဲ့အခါ နေရတဓူဝ လုပ်ငန်းဆောင်တာများမှ ဝေးလို့ စိတ်ပင်ပန်းမှုများကို တစ်ပိုင်းတစ်စ ကွယ်ပျောက် သက်သာစေပါတယ်။ မဟာရန်ကုန်မြို့တော်မှာ ရပ်တည် နေထိုင်နိုင်ဖို့ ကြိုးစားရတဲ့ ကျွန်မလည်း အတော်ကလေးတော့ ပင်ပန်းပါတယ်။ ကျွန်မကလည်း ခရီးသွားဝါသနာ ပါတာကြောင့် ခရီးတို၊ ခရီးရှည် ဘယ်လိုပဲဖြစ်ဖြစ် နှစ်သက်ပါတယ်။


နောက်ပြီး ကျွန်မရဲ့ အလေ့အကျင့်တစ်ခုက ခရီးသွားရင်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုလေ့ မရှိပါဘူး။ ဒါကြောင့် ရှေ့တွေး၊ နောက်တွေး၊ ဟိုငေး၊ ဒီငေးနဲ့ ခရီးကို သွားလေ့ရှိပါတယ်။ ပုသိမ်အပြန်ခရီးကို သွားနေရင်းနဲ့ အဝေးပြေးလမ်း တစ်လျှောက် ကျွန်မတို့စီးနင်းလိုက်ပါလာတဲ့ ကားမောင်းနှင်ပုံကို ကြည့်ရှုသုံးသပ်မိရင်း ဘ၀ဆိုတာ တစ်ခါတစ်ရံ အဝေးပြေးလမ်းမကြီးပေါ်မှာ မောင်းနှင်နေတဲ့ ဟိုက်ဝေးကားများနဲ့ တူတယ်လို့ ခံစားမိခဲ့ပါတယ်။


အဝေးပြေးလမ်းမကြီးပေါ်က ခရီးသွားကား၊ ကုန်တင်ကား ဘယ်လိုကားမျိုးဖြစ်ပါစေ။ မောင်းနှင်ယူဆရတာကတော့ မတိမ်းမယိမ်းပါပဲ။ ကားတွေဟာ လမ်းမကြီးပေါ်က မိမိမောင်းနှင်ရမယ့် လမ်းကြောင်းပေါ်မှာ အနှေး၊ အမြန်၊ ပုံမှန် အနေအထားတွေနဲ့ မောင်းနှင်ရပါတယ်။ အဝေးပြေးဂိတ်က စစထွက်ချင်းမှာ ဖြည်းဖြည်းနဲ့ ပုံမှန်မောင်းနှင်ရပေမယ့် ဟိုက်ဝေးလမ်းမ၊ အဝေးပြေးလမ်းမကြီးပေါ်ကိုရောက်ရင် လမ်းပေါ်မှာလည်း ကားတွေရှင်းရင် မိုင်နှုန်းမြင့် အမြန်မောင်းနှင် ရပါတယ်။ တစ်ခါတစ်ရံမှာ ဟိုဘက်၊ ဒီဘက် ကားတွေများလာရင် အရှိန်ကိုလျှော့လို့ ပုံမှန် မောင်းနှင်ရပြန်ပါတယ်။ တခါတရံ မနှေး မမြန်ပဲ မောင်းနှင်ရပါတယ်။ လမ်းကြောင်းယှဉ်မောင်းလို့ အရှေ့က ကားကို ကျော်တက်ချင်တဲ့အခါ မျက်နှာချင်းဆိုင်မှ လာသောကား၊ ဘေးဘီဝဲယာကိုလည်း တစ်ချက်ကြည့်ရှုလို့ လိုအပ်သလို မောင်းနှင်ရပြန်ပါတယ်။ အချိန်တစ်ခုအထိ မောင်းပြီးတဲ့အခါ ရှေ့ဆက်ခရီးဝေးသွားနိုင်ဖို့အတွက် သင့်တော်ရာမှာ ရပ်နားလို့ ခရီးတစ်ထောက် နားရပြန်ပါတယ်။ တခါတရံမှာ အင်ဂျင်တွေပူလို့ ကားအင်ဂျင်ရဲ့ အပြင်ဘက်ကို ရေလောင်းပေးရတဲ့ အခါလည်းရှိပါတယ်။ တခါတရံ ရှေ့၊ နောက်၊ ၀ဲ၊ ယာ ကြည့်မှန်တွေ ရှင်းလင်းစွာ မြင်ရနိုင်ဖို့ သုတ်သင်ရှင်းလင်းရတာမျိုးတွေလည်း လုပ်ရပါတယ်။


ထို့အတူပဲ လူ့ဘ၀မှာလည်း ဘ၀တစဆစ်ချိုး၊ ပညာသင်ချိန်က ပြီးလို့ ဥစ္စာရှာချိန် ခရီးထွက်စမှာ ဖြေးဖြေးမှန်မှန် လုပ်ဆောင်လို့ ဘ၀အတွက် ပိုင်ဆိုင်မှုတွေ စုဆောင်းရပါတယ်။ လုပ်ငန်းခွင်ထဲရောက်ပြီးလို့ အတိုင်းအတာ တစ်ခုပြီးတဲ့အခါ ဘ၀တစ်ဆင့် လှမ်းနိုင်ဖို့ အရှိန်မြှင့်လို့လည်း လုပ်ဆောင်ရပါတယ်။ လုပ်နေတဲ့ အလုပ်တစ်ခု၊ မြင်ကွင်းတစ်ခုတည်းမှာပဲ ဘ၀ရဲ့ အချိန်တွေကို အကုန်မခံသင့်ဘဲ မိမိလုပ်နိုင်စွမ်းအားရှိရင် ရှိသလောက် တိုးချဲ့ လုပ်ကိုင်သင့်ပါတယ်။ တစ်ခါတစ်ရံ အချိန်တွေမှာ မိမိကိုယ်တိုင် ထိန်းချုပ်လို့ မရနိုင်တဲ့ အပြောင်းအလဲတွေ ရှိနေတဲ့ အချိန်မှာ ပုံမှန်လေး လုပ်ကိုင်လို့ အရှိန်မပြတ် ဆက်လက်ရွှေ့နေသင့်ပါတယ်။ မည်သို့ဆိုစေ ဘ၀လမ်းတစ်လျှောက် လုပ်ကိုင်နေရတဲ့အခါ လုပ်ငန်းခွင်ကြောင့်ပဲဖြစ်ဖြစ် ကြီးပြင်းလာတဲ့ လူ့ဘ၀မှာ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ လည်းကြုံတွေ့ရပါတယ်။ ဒါပေမယ့် အသက်ရှင်သန်နေဖို့ အတွက် မဆုံးသေးသော ဘ၀ခရီးလမ်းကို ဆက်လက် သွားကြရမှာပါ။ အဲဒီအတွက် ကားကြီးက ခရီးတစ်ထောက်နားလို့ အနားယူ အပန်းဖြေသလို လူ့ဘ၀မှာလည်း ပန်းသမျှတွေ အချို့တ၀က် ပြေပျောက်ကာ လန်းနိုင်ဖို့လည်း ပြုလုပ်ရမှာပါ. အရမ်းပင်ပန်းလာတဲ့အခါ အင်ဂျင်တွေ ပူလို့ စက်ဖုံးအပြင်ဘက်က ရေလောင်းသလို ကျွန်မတို့ရဲ့ ဥနှောက်တွေ၊ စိတ်တွေကိုလည်း ရေလောင်းသင့်ရင် ရေလောင်းရမှာပါ။ အနားယူ အပန်းဖြေရမှာပါ။


တခါတရံ ကျွန်မတို့ရဲ့ မှတ်ဥာဏ်တွေထဲမှာ မလိုအပ်တဲ့ အစိတ်အပိုင်းတွေ (တစ်စုံ တစ်ယောက်ကို မုန်းတီးမိတာမျိုးတွေ၊ မိမိဘ၀ကို အလိုမကျ ဘ၀င်မကျ ဖြစ်နေတာတွေ၊ ရင့်ကျက်သင့်တဲ့ အချိန် အများနည်းတူ မရင့်ကျက်နိုင်သေးလို့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်သေးတာတွေ စသည်ဖြင့်ပေါ့) ကို မှတ်ထားရလို့ ရှေ့ဆက်ဘာမျှ သိပ်ထည့်လို့မရ၊ အမြင်၊ စိတ်ကူး၊ အတွေးတို့ မကြည်လင်ဘဲ ဖြစ်နေတဲ့အခါ ကားရဲ့ကြည့်မှန်တွေကို ဖုန်သုတ်လိုက်သလို ကျွန်မတို့ရဲ့ အတွင်းသန္တာန်ကို ရှင်းလင်းလိုက်ဖို့ လည်း လိုပါတယ်။ ဒီလို ဒီလို သွားရင်းနဲ့ လူ့ဘ၀ရဲ့ မဆုံးနိုင်တဲ့ခရီးတွေကို ပျော်ရွှင်စွာနဲ့ ဆက်လက်သွားနိုင်မှာပါ။


ကျွန်မခံစားမိ၊ တွေးမိတဲ့ ဘ၀ဆိုတာ ဘာနဲ့ တူသလဲဆိုတဲ့ ယူဆချက်လေးပါ။ စာဖတ်သူ ပရိတ်သတ်ကြီးလည်း မိမိတို့ ခံစားမိတဲ့ ဘ၀ဆိုတာ ဘယ်လိုဆိုတာ။ ဘယ်လိုသွားရင်တော့ ကောင်းနိုင်တယ် ဆိုတာလေး မျှဝေသွား နိုင်ပါတယ်။


ဒီပိုစ့်လေးမှာ အမြင်ချင်း ဖလှယ်နိုင်တဲ့အတွက် ချစ်တဲ့ သူငယ်ချင်းတွေကိုလည်း ဘလော့ဂ်ယဉ်ကျေးမှုလေး တစ်ခုဖြစ်တဲ့ Tag လုပ်လိုက်ပါတယ်။ Tag မလုပ်မိပေမယ့် မိမိခံစားချက်ကို ဝေမျှချင်တဲ့သူတွေလည်း ဝေမျှဖို့ ဖိတ်ခေါ်လိုက်ပါတယ်။


လက်ဆော့လို့ Tag မိတဲ့သူများက


၁။ ကိုဇီးရိုး

၂။ ပန်းပွင့်

၃။ မသီရိ

၎။ လင်းလက်ဖြူ

၅။ ချစ်မီး ( Danialog)

၆။ ဆောင်းနှင်းဖြူ

၇။ ခိုင်ခိုင်

၈။ တခါမျှ မဆုံဖူးပေမယ့် စိတ်ကူးကောင်းတွေရှိတဲ့ အစိမ်းရောင်လွင်ပြင်ပိုင်ရှင် ချစ်ချော

၉။ ဆောင်းရိုင်း