Powered By Blogger

Tuesday, September 16, 2008

နိုင်ငံများသည် သွင်းကုန်နှင့် ပို့ကုန်များ တင်ပို့ခြင်းကို တပြိုင်နက်တည်း အဘယ်ကြောင့် အားမပေးသနည်း။

သွင်းကုန် လျော့ကျစေသော အကောက်ခွန်(Tariff)သည် ပို့ကုန်(Export) ကိုလည်း လျော့နည်းစေနိုင်ပါသည်။ သွင်းကုန်ကို အစားထိုးရန် ကာကွယ်ခြင်းဖြင့် နိုင်ငံ၏ သယံဇာတများကို အမှန်တကယ် အလားအလာရှိသော ပို့ကုန်ကဏ္ဍများမှ ဆွဲထုတ်ယူရသကဲ့သို့ ဖြစ်ပေါ်စေသည်။ ထို့ကြောင့်နိုင်ငံတစ်ခု၏ သွင်းကုန်အစားထိုးခြင်း ဟူသောရွေးချယ်မှုမှာ ပို့ကုန်တိုးတက်မှုကိုလည်း လျော့နည်းစေနိုင်သည်။

သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းများ၏ ပြဿနာများမှာ အဘယ်နည်း။

အချို့သော ပညာရှင်များက စက်မှုသွင်းကုန် အစားထိုးခြင်းအပေါ် တိုက်ခိုက်ပြောဆိုကြခြင်းမှာ ဤစနစ်ကို ကျင့်သုံးကြသော ဖွံ့ဖြိုးဆဲနိုင်ငံများသည် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံကြီးနှစ်ခုကို အမှီမလိုက်နိုင်ခဲ့ကြပေ။ ဥပမာဆိုရသော India နှင့် Argentina နှစ်နိုင်ငံစလုံးသည် ဤစနစ်ကို ကျင့်သုံးခဲ့ကြသော်လည်း ဆယ်စုနှစ် နှစ်ခု ကုန်သည်အထိ ထူးခြားစွာ တိုးတက်ပြောင်းလဲမှု မရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်များတွင် နှစ်နိုင်ငံစလုံး၏ မဟာဗျူဟာများကို ပြုပြင်ပြောင်းလဲခဲ့ကြသည်။

အချို့သော စီးပွားရေးလုပ်ငန်းများတွင် သွင်းကုန် အစားထိုးသည့် စနစ်ကို ကျင့်သုံးခြင်းဖြင့် ပြည်တွင်းစက်မှု ကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်ရမည့်အစား စီးပွားရေး တန့်လို့ပင် နေပါသေးသည်။ ထိုပြင် သက်နုစက်မှုလုပ်ငန်းများကို ကာကွယ်ပေးရန်ဟူသော Infant Industry Argument သည် လူတို့မျှော်လင့် ယူဆထားသလို ခိုင်မာမှုရှိပုံမရပါ။ လုပ်ငန်းငယ်များကို ကာကွယ်ပေးနေသော ကာလတလျှောက်လုံးတွင် ထုတ်လုပ်ခြင်းကဏ္ဍနှင့် ပတ်သက်၍ ပြိုင်ဆိုင်မှု () ကို ဖန်တီးပေးနိုင်ခြင်းမရှိပါ။ သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းတည်ထောင်ရေးအတွေ့အကြုံများအရ နိုင်ငံငယ်လေးများထက် နိုင်ငံကြီးများတွင် ပိုမိုအောင်မြင်မှုရှိသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ပိုမိုအောင်မြင်ရခြင်းမှာ -
၁။ အရင်းအနှီး၊ ကျွမ်းကျင်လုပ်သား၊ နည်းပညာနှင့် ပြည်တွင်းဈေးကွက် ကွာခြားမှုများကြောင့် လည်းကောင်း
၂။ လုပ်ငန်းကြီး လုပ်ကိုင်မှုကွာခြားချက်ကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အကျိုးသက်ရောက်မှု ရှိစေခြင်းကြောင့် လည်းကောင်း
၃။ ထုတ်လုပ်မှု၊ စွန့်ထွင်ဦးစီးမှုများ နှင့် စီမံအုပ်ချုပ်မှုများတွင် အတွေ့အကြုံ မရှိခြင်း တို့ကြောင့်ပင် ဖြစ်သည်။

ကုန်သွယ်မှုကဏ္ဍသည် ဈေးကွက်၏ အားနည်းချက်တစ်ခုဖြစ်ပြီး အစွန်းရောက် ဒွန်တွဲမှု Dualism ကိုဖြစ်ပေါ်စေသည်။ Dualism ဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ တော်တော်များများတွင် ခေတ်မီကဏ္ဍ ကဲ့သို့ စက်မှုကဏ္ဍများ နှင့် ခေတ်နောက်ကျနေသော လယ်ယာစိုက်ပျိုးရေးကဏ္ဍများ၏ တိုးချဲ့မှု ၊ အားပြိုင်မှုတို့တွင် ၀ိရောဓိများ ဖြစ်နေသည်။ ၎င်းကဏ္ဍများတွင် လုပ်ခ၊ လစာ နှုန်းများ ကွာခြားမှု၊ ၀င်ငွေကွာဟမှု၊ ဆင်းရဲချမ်းသာ ကွာဟမှုများကို ဖြစ်ပေါ်နေစေပါသည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်၏ မှားယွင်းမှုများကို ပြင်ဆင်ရန် ကုန်သွယ်မှုဝါဒကို သုံးမည်ဆိုလျှင် အကောင်းဆုံး ကုစားချက်တော့ မဟုတ်ပါ။

သွင်းကုန်အစားထိုးခြင်းကို ပြုလုပ်မည့်အစား ပို့ကုန်မြှင့်တင်ရေးသည်လည်း Industrialization ကို အောင်မြင်စေနိုင်သည်။

Thursday, September 11, 2008

ကုန်သွယ်မှုပေါ်လစီများချမှတ်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းများအား ကာကွယ်ပေးရသည့် အကြောင်းရင်းများ

ီကုန်သွယ်မှုပေါ်လစီဟာ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံစီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန် အရေးပါတဲ့ ပေါ်လစီတွေ ဖြစ်ပါတယ်။ ဒီလိုကုန်သွယ်မှုပေါ်လစီတွေ ချမှတ်ခြင်းအားဖြင့်
၁။ သက်နုစက်မှုလုပ်ငန်းများအား အကာအကွယ်ပေးရန်
( To protect infant industry argument)
၂။ လုပ်ငန်းများခွဲခြားထုတ်လုပ်မှု ပြုနိုင်ရန်
( The diversification of industry argument)
၃။ အလုပ်အကိုင်တည်မြဲရေး ဦးစားပေးရန်
( The employment argument)
၎။ သဘာဝသယံဇာတများ ထိန်းသိမ်းနိုင်ရန်
(The conservation of national resources argument)
၅။ အဓိက စက်မှုလုပ်ငန်းစုများအား အားပေးရန်
( The Key industry argument)
၆။ မိမိတို့ကိုယ်တိုင် ဖူလုံမှုစနစ်ကို ဦးစားပေးရန်
( The self sufficiency argument) စသည်တို့ ဖြစ်ကြပါသည်။ ၎င်းတို့ထဲတွင် သက်မှုစက်မှုလုပ်ငန်းများကို အကာအကွယ်ပေးသည့် တင်ပြချက်မှာ အထင်ရှားဆုံးဖြစ်သည်။

အဘယ့်ကြောင့် ထိုသို့ဦးစားပေးရသနည်း (Why infant industry argument is favoured? )

Infant industry argument အရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နှိုင်းယှဉ်ခြင်း (Competitiveness) အားဖြင့် အကျိုးကျေးဇူးရှိပြီး အလားအလာကောင်းသော ထုတ်လုပ်မှုလုပ်ငန်းများ ရှိနေသည်ကို တွေ့ရသည်။ သို့သော် ဤဖွံ့ဖြိုးဆဲနိုင်ငံများတွင် တည်ရှိနေသော စက်မှုလုပ်ငန်းသစ်များ၏ ကနဦးအခြေအနေသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကောင်းစွာတည်ထောင်ပြီးသော စက်မှုလုပ်ငန်းကြီးများနှင့် ကောင်းစွာ မယှဉ်ပြိုင်နိုင်သေးပေ။
ဤကဲ့သို့ စက်မှုလုပ်ငန်းငယ်လေးများကို အကာအကွယ်ပေးရန် အစိုးရသည် လုပ်ငန်းသစ်များကို အပြည်ပြည်ဆိုင်ရာ ယှဉ်ပြိုင်မှုဒဏ်ကို တွေ့ကြုံခံစားနိုင်စေရန် ရင့်ကျက်ချိန်ရောက်သည်အထိသာ အထောက်အပံ့ ပြုသင့်ပါသည်။ သို့သော် အချို့ပညာရှင်များ၏ ထောက်ပြချက်အရ သက်နုစက်မှုလုပ်ငန်း ငယ်လေးများကို အကာအကွယ်ပေးခြင်းအားဖြင့် ၎င်းတို့သည် မည်သည့်အခါမှ တိုးတက်ကြီးပွားမလာကြောင်း၊ အကူအညီ အထောက်အပံ့ အမြဲလိုအပ်လေ့ရှိကြောင်း ဖော်ပြလေ့ရှိသည်။

စက်မှုလုပ်ငန်းတိုးတက်ဖို့ မည်သည့်အခြေခံနည်းဗျူဟာများကို သုံးစွဲမည်နည်း။

ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများတွင် Industrilization အတွက် အခြေခံနည်းဗျူဟာမှာ အကောက်ခွန် ကောက်ခံခြင်း(Tariff) နှင့် သွင်းကုန်ပမာဏ သတ်မှတ်ခြင်း (Quotas) အစရှိသည့် ကုန်သွယ်မှု အဟန့်အတားများ (Trade Barriers) နှင့် ပြည်တွင်းဈေးကွက် ကိုရှေ့ရှုပြီး စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်။ ဤသည်မှာ ပြည်တွင်း ထုတ်ကုန်လုပ်ငန်းများအတွက် သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်း လုပ်ငန်းများကို တွန်းအားပေးခြင်းပင် ဖြစ်ပါသည်။
စက်မှုလုပ်ငန်းများ၏ တင်သွင်းမှုကို ကန့်သတ်ခြင်းဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းများအား အားပေးသည့် နည်းပညာကို စက်မှုသွင်းကုန် အစားထိုးသည့် နည်းဗျူးဟာ ဟု ခေါ်ဆိုနိုင်သည်။