Powered By Blogger

Wednesday, January 6, 2010

၂၀၁၀ ကမ္ဘာ့စီးပွားရေးကို တရုတ်က ဦးဆောင်သွားနိုင်တဲ့ အကြောင်းတရားလေးပါး

၀၀၉ စီးပွားရေးအကျပ်အတည်းမှ ပြန်လည်ဦးမော့လာနိုင်ရန်အတွက် တရုတ်နိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ကမ္ဘာ့စတော့ဈေးကွက်တွင် တရုတ်နိုင်ငံသည် ၆၀% မှ ၇၀% အထိပါဝင်ခဲ့ပြီး အကျိုးအမြတ်အားဖြင့်လည်း ၁၀% မှ ၂၀% ခန့်အထိ ရရှိခဲ့သည်။ ဗဟိုအစိုးရ၏ လျှင်မြန်စွာ ပြောင်းလဲ ချမှတ်ခဲ့သော စီးပွားရေးဆိုင်ရာ မူဝါဒများကြောင့် တရုတ်ဈေးကွက်သည် အကျိုးအမြတ်ကောင်းစွာ ရရှိခဲ့သည်။ စီးပွားရေး အဆောက် အအုံ ပိုမိုတည်ငြိမ်လာခဲ့ပြီး လာမည့် ၂၀၁၀တွင်လည်း ပိုမိုကောင်းမွန်သော ဈေးကွက်အနေအထားများကို ဖန်တီးနိုင် လိမ့်မည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး ပညာရှင်များ၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံသည် ကုန်ကြမ်းပစ္စည်းများနှင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများတွင် ၇၀% ခန့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လေသည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံသူများက ပိုမိုကောင်းမွန်လာသော စီးပွားရေး ညွှန်ကိန်းများကြောင့် တရုတ်အစိုးရသည် ၂၀၁၀တွင် ထည့်ဝင်မှုများ လျော့ကျသွား မည်ကို စိုးရိမ်နေကြသည်။ ခိုင်မာလာသော စီးပွားရေးဆိုင်ရာ ညွှန်ကိန်းများကြောင့် တရုတ်နိုင်ငံသည် ၂၀၁၀ ကမ္ဘာ့စီးပွားရေးကို ဦးဆောင်နိုင်လိမ့်မည်ဟု Wall Street Journal မှ သုံးသပ်ခဲ့သည်။ ထိုသို့သုံးသပ်ချက်သည် အောက်ပါ အကြောင်းတရား (၄) ချက်ပေါ်တွင် မူတည်၍ သုံးသပ်ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။


(၁) တရုတ် - အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် တည်ထောင်လိုက်ခြင်း

တရုတ်နှင့် အာဆီယံနိုင်ငံများသည် ကမ္ဘာ့အကြီးဆုံး ဒေသတွင်း ကုန်သွယ်မှုဇုန်တစ်ခုကို ၂၀၁၀ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် သဘောတူလက်မှတ်ရေးထိုးပြီး တည်ထောင်ခဲ့ကြသည်။ ထိုလွတ်လပ်သော ကုန်သွယ်မှုဇုန်သည် တရုတ်နှင့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံ စသည် ခြောက်နိုင်ငံနှင့် စတင်ကုန်သွယ်မည်ဖြစ်ပြီး ကုန်သွယ်မှုစည်းကြပ်ခွန်များကို လျော့ချကုန်သွယ်ကြမည်ဖြစ်သည်။ ထိုကုန်သွယ်မှုဇုန်သည် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄.၅ ထလီလျံအထိ ကုန်သွယ်မှု ပြုကြလိမ့်မည်ဟု ခန့်မှန်းကြသည်။ ထိုကုန်သွယ်မှု ပမာဏသည် ဒေသတွင်း တိုးတက်မှုအတွက် စွမ်းအင်တစ်ခု (Growth Engine) ဖြစ်လာနိုင်သည်။ အဆိုပါလွတ်လပ်သော ကုန်သွယ်မှုဇုန် သဘောတူညီချက်သည် ၂၀၁၀တွင် တရုတ်နိုင်ငံ၏ စုစုပေါင်းတိုင်းပြည် ထုတ်ကုန် (Gross Domestic Product – GDP) ကို ၁% မှ ၂% အထိ တိုးတက်လာနိုင်စေသည်။


(၂) တရုတ်နိုင်ငံသည် လာမည့်ငါးနှစ်အတွင်း သဘာဝစွမ်းအင် (Green Energy) တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည်ဟု အတည်ပြုခြင်း

စက်မှုလုပ်ငန်းများတွင် ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ကို အမှီလိုက်နိုင်ရန် Green Energy ကဏ္ဍကို နိုင်ငံတော် စီမံကိန်းတစ်ရပ်အနေဖြင့် လုပ်ကိုင်သွားမည်ဖြစ်သည်။ စင်ဟွာသတင်းဌာန၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ သည် လေနှင့် နေစွမ်းအင်ဆိုင်ရာ ကဏ္ဍများတွင် အမေရိကန်ဒေါ်လာ 454 ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ ပြန်လည် အသုံးချနိုင်သော စွမ်းအင်ကဏ္ဍတို့မှတဆင့် လျှပ်စစ်စွမ်းအင်ကို ဖော်ထုတ်သွား နိုင်ရန်လည်း ကြိုးပမ်းနေကြသည်။ သို့ဖြစ်ရာ လာမည့် ၂၀၂၀တအချိန်တွင် ပြန်လည်အသုံးချနိုင်သော စွမ်းအင် ရင်းမြစ်တို့မှ စွမ်းအင်ထုတ်လုပ်ရရှိမှုကို ၁၅% အထိရရှိအောင် ကြိုးစားသွား မည်ဖြစ်သည်။ ၂၁ရာစုတွင် နိုင်ငံအများစုသည် ကိုယ်ပိုင်စွမ်းအင်ထုတ်လုပ်ခြင်းဖြင့် စွမ်းအင်ဆိုင်ရာ မှီခိုမှု (Energy Dependency) ကို လျော့ချလို ကြသည်။ နည်းပညာဆိုင်ရာ တိုးတက်မှုများကို အသုံးပြုကာ လေစွမ်းအင်မှ လုံလောက်လျှပ်စစ်ပမာဏထုတ်လုပ်ကြပြီး ထိုနည်းပညာအား ဈေးကွက်တင် ရောင်းချမှုများကို ပြုလုပ်ကြသည်။


(၃) CIC ( China’s Sovereign Wealth Fund) က Green Energy ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်း

တရုတ်အစိုးရ၏ သဘာဝစွမ်းအင် (Green Energy) ကဏ္ဍတွင် မူဝါဒများ ချမှတ်လုပ်ဆောင်ခြင်းနှင့် အညီ CIC (China Investment Corporatoion) သည် နိုင်ငံတော်၏ စွမ်းအင်မူဝါဒများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသည်။ Wind Turbine များကို အသုံးပြုကာ စွမ်းအင်ထုတ်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်သော A Power Energy Generation သည် CIC အပါအ၀င် တရုတ်နိုင်ငံ၏ ဘဏ်လုပ်ငန်းများမှ အတိုးနှုန်းသက်သာစွာနှင့် ရင်းနှီးမြှုပ်နှံမှုများကို ရရှိသောကြောင့် ပြိုင်ဘက်ဖြစ်သော အိန္ဒိယ၊ သြစတြေးလျ၊ ဂျာမန်နှင့် ဒိန်းမတ်နိုင်ငံများကို ယှဉ်ပြိုင်ကာ ကမ္ဘာ့ဈေးကွက် တွင် နေရာရလာခဲ့ခြင်းဖြစ်သည်။


(၄) ၂၀၁၀ ကမ္ဘာ့တင်ပို့ကုန်များသည်လည်း တရုတ်နိုင်ငံအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်လာခြင်း

ကမ္ဘာ့တင်ပို့ကုန်များသည်လည်း နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို ဖြစ်စေသော အကြောင်းတရား တစ်ရပ်ပင် ဖြစ်သည်။ လေစွမ်းအင်၊ နေစွမ်းအင်နှင့် အခြားသော ပြန်လည်အသုံးပြုနိုင်သည့် သဘာဝစွမ်းအင်တို့ကို ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်သော စီးပွားလုပ်ငန်းများရှိခြင်းသည်လည်း စီးပွားရေးအဆောက်အအုံကို တိုးတက်စေသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများ နေရာရလာသော ယနေ့ခေတ်တွင် မည်သူမျှတစ်ဦးတစ်ယောက်မျှ ကျောက်မီးသွေးများ လောင်ကျွမ်းခြင်း မှ တဆင့် စွမ်းအင် မထုတ်ယူလိုကြတော့ချေ။ သို့ဖြစ်ရာ သဘာဝစွမ်းအင် (Green Energy) ဈေးကွက်သည် ကမ္ဘာ့ဈေးကွက်ဝေစုကို တဖြည်းဖြည်းနှင့် တိုးချဲ့ယူလာကြပြီဖြစ်သည်။


Ref:

http://seekingalpha.com/article/180762-four-signs-that-china-will-lead-world-economy-in-2010