Thursday, May 6, 2010

ကိုယ်ပိုင်စီးပွားရေးတည်ထောင်ကြမယ် --- လက်လီအရောင်းဆိုင်တွေ ဖွင့်ကြမယ် --- (၂)



ကိုယ်ပိုင်စီးပွားရေးမထူထောင်ဖြစ်တဲ့ အခြေခံအကြောင်းတရား (၄) ချက်

လေ့လာဆန်းစစ်ချက်များအရ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စိတ်ကူးရှိကြပေမယ့်လည်း လက်တွေ့မှာ အကောင်အထည် မပေါ်လာတဲ့ အနေအထားတွေ များစွာ ရှိပါတယ်။ စီးပွားရေးလုပ်တယ်ဆိုမှတော့ စွန့်စားရမှုတွေလည်း ရှိလာနိုင်ပါတယ်။ မလှူတတ်ရင် ဈေးရောင်း ဆိုတာမျိုးလည်း ရှိသကဲ့သို့ ဈေးရောင်းတော့ အလုပ်မဖြစ်တော့ အရင်းတစ်ဝက်တော့ ကျန်နိုင်ပါသေးတယ်လို့ဆိုပြီး စိတ်ဖြေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုအကြောင်းအရာလေးတွေက ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ကို နောက်တွန့်နှောင့်နှေးစေသလဲဆိုတာ တင်ပြလိုက်ပါတယ်။

၁။ ငွေကြေး

ဒါကတော့ အရေးကြီးတဲ့အချက်တစ်ခုလို့ ဆိုလို့ရသလို့ ရှောင်တိမ်းလို့ကောင်းတဲ့၊ အကြောင်းပြချက် ကောင်းကောင်းပေးနိုင်တဲ့ အနေအထားမှာရှိပါတယ်။ အရင်းမရှိလို့ မလုပ်တာ။ အရင်းပေးကြည့်ပါလား လုပ်ပြလိုက်မှာပေါ့ စတဲ့ ကြွေးကြော်သံတွေကိုလည်း ကြားနေရမှာပါ။ တကယ်တော့ စတင်လုပ်ကိုင်နိုင်တဲ့ ငွေကြေးအရင်းအနှီး မရှိတဲ့အခါ ဘယ်လိုစီးပွားရေး လုပ်ငန်းလေးကို လုပ်မယ်ဆိုတဲ့ အတွေးလေးလည်း မှေးမှိန်သွားရတတ်ပြန်ပါတယ်။ တချို့သူများကတော့ နဂိုဗီဇ စီးပွားရေးသမားဇလေး ပါသူများကတော့ အကွက်မြင်တတ်လွန်းလို့ ကိုယ်ပိုင်အရင်းအနှီးမရှိလည်း သူများဆီက ချေးငှားပြီး အရင်းမတည်ကာ စီးပွားရေးလုပ်တတ်သူများလည်း ရှိပါတယ်။ ဒါကြောင့်မို့ လုပ်နိုင်စွမ်းရှိတဲ့ အရွယ်။ လုပ်ရင် ဖြစ်နိုင်မယ့် စီးပွားရေးပုံစံ၊ ထက်သန်နေတဲ့ စိတ်ကူးများ ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ အရင်းအနှီး မရှိလို့ဆိုတဲ့ ဆင်ခြေပေးကာ စီးပွားရေးလုပ်ငန်း မလုပ်ကြလျှင်ဖြင့် တချိန်မှာ များစွာ နောင်တရမှာ အသေအချာဖြစ်ပါတယ်။

၂။ စိုးရိမ်ကြောင့်ကြရှိခြင်း

ကိုယ်ပိုင်စီးပွားရေးထူထောင်လိုက်လို့ အချိန်တွေ မလောက်ငှတဲ့အခါ မိမိနေ့တုင်းဝင်ငွေရနေတဲ့ အလုပ်လေးကို စွန့်လွှတ်လိုက်ရမှာ စိုးရိမ်မကင်းဖြစ်တယ်ဆိုရင်လည်း စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ဖို့ လက်တွန့်နေမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အချိန်ပိုင်းလေးလုပ်၊ ကိုယ်ပိုင်စီးပွားရေးက စိတ်ချလောက်တဲ့ အနေအထားမှာ ရပ်တည်လာနိုင်ပြီဆိုမှ သူများအလုပ်မှ ထွက်လိုက်တာမျိုးလည်း လုပ်နိုင်ပါသေးတယ်။

၃။ ယှဉ်ပြိုင်ခြင်း

ဒီနေ့ခေတ်မှာ အဖော်အချွတ်ကအစ သူ့ထက်ငါ အပြိုင် ဖြစ်နေတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းများအကြားလည်း ပြိုင်ဆိုင်မှုတွေ များလာပါတယ်။ ဒါကြောင့် စတိုးဆိုင်တွေ ဘေးချင်းယှဉ်ဖွင့်၊ သူ့ထက်ငါ သာအောင် မျိုးစုံကြိုးပမ်းကြ၊ ဒီလိုနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေဖြစ်လာပါတယ်။ တချို့သူများအနေနဲ့ ဒီလိုပြိုင်ဆိုင်မှုအပေါ် စိုးရိမ်မကင်းရှိနေတတ်ပြန်ပါတယ်။ ဒါကြောင့်လည်း ကိုယ်ပိုင်ကလေးလုပ်ဖို့ လက်တွန့်နေကြပါတယ်။

၎။ အကြံအစည်မရှိခြင်း

တချို့သူတွေက ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုတည်ထောင်ပြီး ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်လိုသော်လည်း ဘယ်ကစလို့ ဘာလုပ်ရမှန်း အကြံဥာဏ်မထွက်တတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆိုရင်လည်း ရင်းနှီးပြီး ယုံကြည်ရတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံပြီး အကြံဥာဏ်လေးတောင်းပြီး ဖြစ်နိုင်ချေလေးတွေက စတင်ရင်ဖြင့် ကိုယ်ပိုင်စီးပွားရေးလေးတစ်ခု လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုဆိုရင် မလုပ်နိုင်တဲ့ အကြောင်းတရားတွေကို ဖြေရှင်းနိုင်ရင် ကိုယ်ပိုင်စီးပွားရေးလေးတည်ထောင်လို့ စိတ်အေးချမ်းမှုနဲ့အတူ ပျော်ရွှင်မှုတွေလည်း ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


Monday, May 3, 2010

ကိုယ်ပိုင်စီးပွားရေးတည်ထောင်ကြမယ် --- လက်လီအရောင်းဆိုင်လေးတွေ ဖွင့်ကြမယ် --- (၁)


လက်လီစီးပွားရေးစနစ်လို့ ပြောလိုက်တာနဲ့ စာဖတ်သူတို့ ရပ်ကွက်ထဲက ဆိုင်လေး၊ ဆိုင်ကြီးမှ စလို့ စူပါမားကတ်ကြီးတွေအထိ မျက်မှန်းတန်းမိကြမှာပါ။ ဒီနေ့ခေတ်မှာ အလွယ်တကူ ၀ယ်လို့ရတာရော၊ သွားရလာရ လွယ်ကူတာရော၊ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာတာတွေကြောင့်ပါ စူပါမားကတ်ယဉ်ကျေးမှုတစ်ခု မြန်မာပြည်မှာ စီးဆင်းနေပါပြီ။ အဲဒီကနေတဆင့် စာဖတ်သူများအတွက် လက်လီအရောင်းစနစ်ကလေးအကြောင်း တစေ့တစောင်းတင်ပြလိုပါတယ်။

လက်လီအရောင်းစနစ်ဆိုတာ

လက်လီအရောင်းဆိုင်တွေဆိုတာ နေရာအတည်တကျ သတ်မှတ်ထားပြီး ကုန်စည်တွေကို သေသပ်ကျနစွာ ထုတ်ပိုးရောင်းချတဲ့ဆိုင်တွေပဲဖြစ်ပြီး စားသုံးသူများအနေနှင့် အလွယ်တကူ တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ ဒါအပြင့် လက်လီအရောင်းစနစ်နဲ့တွဲဖက်ပြီး စားသုံးသူများ အလိုရှိသည့် နေရာအရောက် ကုန်ပစ္စည်းများ ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှုကိုလည်း ပေးပါတယ်။ လက်လီအရောင်းဆိုတာက ဆိုင်ငယ်လေးတွေကနေ ပေါ်ပေါက်လာတဲ့ ဝေါဟာရတစ်ခုလည်း ဖြစ်ပါတယ်။ လက်လီအရောင်းစနစ်ဟာ Supply Chain မှာ အဆုံးသတ်သွားတယ်လို့လည်း ဆိုကြပါတယ်။ ဒါကြောင့်လည်း ထုတ်လုပ်သူတွေက လက်လီအရောင်းစနစ်ကို သူတို့ရဲ့ ဖြန့်ဖြူးရေးဗျူဟာတွေမှာ မရှိမဖြစ်ပါရမယ့်၊ အရေးပါတဲ့ အကြောင်းအရာအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။

လက်လီအရောင်းဆိုင်လေးတွေဟာ လမ်းမဘေးမှာ ရှိနေတတ်ပါတယ်။ လူနေအိမ်ခြေတွေနဲ့ နည်းနည်းပဲရှိပြီး ဒါမှမဟုတ် အိမ်ခြေတွေနဲ့ ဝေးတဲ့နေရာတွေမှာ ဖွင့်ထားတတ်တဲ့ ဆိုင်တွေကိုတော့ Shopping Mall တွေလို့ ခေါ်ကြပါတယ်။ (နောက်မှ Shopping Mall တွေအကြောင်း တင်ပြပါ့မယ်)၊ ဒီနေ့ခေတ်မှာတော့ ဈေးဝယ်ထွက်တာကို လိုအပ်တဲ့ အသုံးအဆောင်တွေ ၀ယ်ရုံမျှမကဘဲ စိတ်အပန်းဖြေဖို့ရာ Window Shopping ပုံစံမျိုးလည်း ထွက်တတ်ကြပြန်ပါတယ်။

Retail ဆိုတဲ့အသုံးအနှုန်းဟာ ပြင်သစ်စကားလုံး Retailler ဆိုတဲ့စကားမှ ဆင်းသက်လာပြီး ဖြတ်၊ ညှပ်၊ ကပ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ပထမတော့ အဲဒီစကားလုံးကို နာမ် (Noun) အဖြစ်နဲ့ သုံးနှုန်းပြီး သေးငယ်သော ပမာဏကိုသာ ရောင်းချတယ်လို့ အဓိပ္ပါယ်ရှိပါတယ်။ နောက်တော့မှ Dutch နဲ့ German ဘာသာစကားတွေမှာလည်း Detailhandel နှင့် Einzelhandel လို့ သုံးနှုန်းကြပါတယ်။ လက်လီအရောင်း စီးပွားရေး လုပ်ငန်းဟာ အရင်းအနှီး နည်းပါးတဲ့သူတွေလည်း လုပ်ကိုင်နိုင်သလို အမြတ်အစွန်းလည်းရှိပြီး မိမိစိတ်တိုင်းကျ ချဲ့ထွင်ဖန်တီးနိုင်တာမို့ အားသာမှုများ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းအမျိုးအစားလည်းဖြစ်ပါတယ်။ ဒါကြောင့် လက်လီစီးပွားရေးလမ်းကြောင်းထဲကို ရောက်ဖို့ အောက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို တစ်ချက်ချင်း စဉ်းစားပြီး ဖြည့်စွက်လုပ်ဆောင်လိုက်မယ်ဆိုရင် ကိုယ်ပိုင်ဝင်ငွေတစ်ခုကို ကောင်းစွာဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

လက်လီအရောင်းစီးပွားရေးစတင်နိုင်မယ့် အချက် (၁၀) ချက်

တပိုင်တနိုင် ကိုယ်ပိုင် လက်လီစီးပွားရေးလုပ်ငန်းလုပ်ချင်သူတွေရဲ့ အိပ်မက်ဟာ အမှန်တကယ် ဖြစ်ထွန်းလို့ လာနေပါပြီ. ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်ဖို့ကတော့ မှန်ကန်တဲ့ ရွေးချယ်မှု၊ မှန်ကန်တဲ့ အစီအစဉ်တွေအပြင် ရည်မှန်းချက် ကောင်းကောင်းလည်း ထားနိုင်ဖို့ လိုပါတယ်။

၁။ သင့်တော်တဲ့ စီးပွားရေးတည့်မတ်မှုပုံစံကို ရွေးချယ်ပါ ---

ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင် လုပ်ငန်းထဲမှာ ပါဝင်လုပ်ကိုင်မယ့်သူတွေကို အသေအချာ နေရာချထားနိုင်ဖို့ လိုပါလိမ့်မယ်။ ဈေးဝယ်ထွက်ပေးမယ့်သူ၊ ထိုင်ရောင်းပေးမယ့်သူ၊ ၀ယ်သူများ အဆင်ပြေစွာ ၀ယ်ယူနိုင်စေရန် ထောက်ပံ့မှု Supporting လေးတွေ လုပ်ပေးမယ့်သူ၊ ၀ယ်ပြီးသားပစ္စည်းတွေကို နေရာချဖို့ စနစ်တကျ စီစဉ်ပေးမယ့်သူ စသည်ဖြင့် လုပ်ငန်းအရွယ်အစားပေါ် မူတည်ပြီး ကွဲပြားစွာ လိုအပ်ပါလိမ့်မယ်။ တချို့ လုပ်ငန်းတွေမှာ နှစ်ယောက်၊ သုံးယောက်ပဲ လိုနိုင်ပေမယ့် တချို့လုပ်ငန်းတွေမှာ HR အရေအတွက် များပြားစွာ လိုအပ်နိုင်ပါတယ်။ ဒီလိုမှ မသတ်မှတ်ခဲ့ရင် လုပ်ငန်းလည်ပတ်နေစဉ်မှာ လူမနိုင်တာတို့၊ လုပ်ရကိုင်ရ အဆင်မပြေတာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းမစခင်ကတည်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။

၂။ ဆိုင်နာမည်ကောင်းကောင်းလေး ပေးပါ ---
ကိုယ့်ဆိုင်လေးရဲ့ အမည်နာမကိုလည်း မိမိစိတ်ကြိုက်ဖြစ်ဖို့ရယ်၊ စားသုံးသူတွေ အလွယ်တကူ ခေါ်ဆိုနိုင်ပြီး မှတ်မိနိုင်ဖို့ရယ် ရွေးချယ်ပေးနိုင်ဖို့ လိုပါတယ်။ (ဗေဒင်မေးလို့လည်း ဆိုင်နာမည်ရွေးချယ်နိုင်သလို ဆိုင်းဘုတ်အရောင်လည်း နှစ်သက်သလို ရွေးချယ်နိုင်ပါတယ်.)

၃။ ဆိုင်လိုင်စင်လျှောက်ပါ ---

ဆိုင်ဖွင့်လှစ်ရာတွင် မိမိပိုင်ဆိုင်ကြောင်းမှန်ကန်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရုံးတွေ မှာ အမည်နာမ တင်သွင်းပါ။ (မြန်မာနိုင်ငံမှာတော့ လုပ်လေ့ လုပ်ထ နည်းပါတယ်။)

၎။ ဘယ်လိုကုန်စည်တွေ တင်ရောင်းမှာလဲ ဆုံးဖြတ်ပါ ---

မိမိလက်လီအရောင်းဆိုင်လေးမှာ ဘာတွေတင်ရောင်းမှာလဲ ရွေးချယ်ပါ။ အဲဒါကို ရပ်ကွက်လူဦးရေ၊ လူနေမှုအဆင့်အတန်း၊ ၀င်ငွေရရှိမှု၊ သုံးစွဲမှုတွေကို လေ့လာသုံးသပ်ပြီးမှ ရွေးချယ်ဖို့ လိုပါတယ်။ မိမိနဲ့ ရင်းနှီးကျွမ်းကျင်သော ကုန်စည်များကိုလည်း ရွေးချယ်ပြီး ရောင်းနိုင်ပါတယ်။ ဥပမာ- ဆေးဝါးကျွမ်းကျင်နဲ့ ကျောင်းပြီးထားတဲ့သူတွေက `ဆေးနှင့် စတိုး´ ဆိုပြီး ဖွင့်လို့ရသလိုပေါ့။ ဆေးဆိုင်ဖွင့်မယ်ဆိုရင်တော့ ဆေးဆိုင်ဖွင့်ခွင့် လိုင်စင်ကို လျှောက်ထားဖို့လည်း လိုအပ်ပါလိမ့်မယ်။

၅။ လုပ်ငန်းအစီအစဉ်ကို ရေးဆွဲပါ ---

လုပ်ငန်းကြီးဖြစ်စေ၊ လုပ်ငန်းသေးဖြစ်စေ၊ စနစ်တကျ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ လုပ်ငန်းအစီအစဉ်ကိုတော့ သေချာစွာ ရေးဆွဲဖို့တော့ လိုအပ်ပါတယ်။ ဘာတွေရောင်းမယ်။ ဘာတွေဝယ်ရမယ်။ စရိတ်ဘယ်လောက်ရှိနိုင်မယ်။ ကုန်လက်ကျန်တွေ မလေလွင့်အောင် ဘယ်လိုလုပ်မယ်။ ဘယ်အချိန်ကနေ ဘယ်အချိန်အထိဖွင့်မယ်။ ဘယ်နေ့ ပစ္စည်းတွေ ထပ်ဝယ်မယ်။ အမြတ်ရာခိုင်နှုန်းကအစ ဘယ်လောက်သတ်မှတ်မယ် စသည်ဖြင့် လုပ်ငန်းအတွက်လိုအပ်နိုင်တဲ့ အစီအစဉ်များကို ရေးဆွဲထားဖို့ လိုပါတယ်။

၆။ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများကို လေ့လာပါ ---

မြန်မာနိုင်ငံမှာ Customer rights လို့ခေါ်တဲ့ စားသုံးသူများအတွက် အခွင့်အရေးတောင်းဆိုမှုဟာ မတွင်ကျယ် အရေးမပါသေးပေမယ့် နောင်တစ်ချိန်မှာ အရေးပါလာမှာပါ. ဒီတော့ လုပ်ငန်းရှင်က မိမိလိုက်နာသင့်တဲ့ စည်းမျဉ်း ဥပဒေများကို တတ်နိုင်သမျှ လေ့လာထားဖို့လည်း လိုအပ်ပါတယ်။

၇။ နေရာကောင်းလေးရှာပါ ---

လက်လီအရောင်းဆိုင်က ကုန်စည်အများစုဟာ အခြေခံကုန်စည်များနဲ့ ဆက်နွယ်လျှက်ရှိတာမို့ အကွက်အကွင်းကောင်းတဲ့ နေရာလေးမှာ ဖွင့်နိုင်ဖို့လည်း လိုအပ်ပါတယ်။ မိမိဆိုင်ကို လူများများ ခလုတ်တိုက်နိုင်တဲ့ နေရာလေးမှာ ဖွင့်နိုင်ရင်၊ သွားရ လာရလွယ်ကူတဲ့ နေရာမှာ ဖွင့်နိုင်ရင် ပိုလို့တောင် ကောင်းပါတယ်။

၈။ လက်ကားဆိုင်တွေကနေ ဖောက်သည်ယူပါ ---

မိမိလက်လီဆိုင်လေးမှာ တင်ရောင်းမယ့် ပစ္စည်းတွေကို လက်ကားဆိုင်တွေက ၀ယ်ယူပါ။ လတ်ဆတ်သော၊ ဈေးနှုန်းချိုသာသော၊ အရေအတွက် မှန်ကန်သော၊ အချိန်နဲ့တပြေးညီ ရောင်းချပေးနိုင်သော လက်ကားဆိုင်များမှ ၀ယ်ယူခြင်းဖြင့် မိမိအတွက် အကျိုးအမြတ်ကောင်းတွေ ရနိုင်ပါတယ်။

၉။ ဆိုင်ရဲ့ မူဝါဒကို ချမှတ်ပါ ---

မိမိလက်လီဆိုင်လေးရဲ့ မူဝါဒကိုလည်း အရပ်ဒေသ၊ အခြေအနေ ကာလံ ဒေသံနဲ့အညီ ချမှတ်ထားပါ။ ဥပမာ -- တခွန်းဆိုင်၊ ၀ယ်ပြီးပစ္စည်း ပြန်မလဲပါ။ သူများထက်ဈေးများနေလျှင် ငွေပြန်အမ်းမယ် စသည်ဖြင့် ချမှတ်ထားနိုင်ပါတယ်။

၁၀။ သတင်းဖြန့်ပါ ---

ဆိုင်သစ်ဖွင့်ပွဲ လုပ်တာတို့၊ မိမိဆိုင်မှာ ၀ယ်နေကျ စားသုံးသူများမှ တဆင့် မိမိဆိုင်ကို လူပိုသိအောင် လုပ်တာတို့၊ ပစ္စည်းမှန်၊ ဈေးမှန်ရောင်းတာကို ပေါ်လွင်အောင်လုပ်တာတို့၊ အရောင်းမြှင့်တင်ပွဲ Sales Promotion တွေ လုပ်တာတို့ စသည်ဖြင့် ကိုယ့်အတွက်နဲ့ကိုယ်၊ ကိုယ့်အထွာနဲ့ကိုယ် သင့်တော်သလို သတင်းဖြန့်ပါ.

ဒီလိုဆိုရင်ဖြင့် မိမိလုပ်လိုတဲ့ လက်လီစီးပွားရေးလုပ်ငန်းလေးတစ်ခုကို စတင်နိုင်ပြီ ဖြစ်ပါတယ်။
ဆက်လက်တင်ပြပါဦးမယ်။

Sunday, April 25, 2010

အမေ

သင်္ကြန်ပိတ်ရက်မှာ စာရေးသူက ဇာတိ ပုသိမ်ကို အလည်ပြန်ခဲ့ပါတယ်။ စာရေးသူရဲ့ အမေက စာရေး၊ စာဖတ် ၀ါသနာပါတယ်။ ကျွန်မကိုလည်း စာအုပ်တွေနဲ့ ရင်းနှီးအောင် စာအုပ်တွေကို ချစ်တတ်အောင် သင်ပေးခဲ့တာလည်း အမေပါပဲ။ ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးက တစ်ခေါက်ပြန်ခဲ့တုန်း အမေက ကျွန်မကို အခွေလေးတစ်ခွေ ပေးခဲ့ပါတယ်။ မီးကလည်း ပျက်၊ ပြန်တဲ့ရက်ကလည်း နည်း၊ တခြားအလုပ်လေးတွေကလည်း များဆိုတော့ အခွေကို ဖွင့်မကြည့်ဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် အပြန်ကျယူသွားလို့ ပြောတာကိုလည်း သယ်စရာတွေများ၊ တက်သုတ်ရိုက်ပြီး လောလောနဲ့ ပြန်ခဲ့ရတော့ မယူဖြစ်ခဲ့ပြန်ပါဘူး။ ဒါနဲ့ ဒီတစ်ခေါက်ပြန်တော့မှ အခွေကို အမေက ထုတ်ပေးတယ်။ သမီးနားထောင်ချင်တဲ့ အချိန် နားထောင်တဲ့။ ကျွန်မလည်း ပုသိမ်မြို့ရဲ့ လျှပ်စစ်မီးအခြေအနေကြောင့် တစ်ညတော့ မီးအလာစောင့်ပြီး နားထောင်ခဲ့တယ်။ နားထောင်နေရင်းနဲ့ အသိတရားတွေလည်း ရခဲ့ရတယ်။ ရသစာပေရဲ့ တန်ဖိုးကိုလည်း နားလည်ခဲ့ရတယ်။ မိမိရဲ့ စိတ်သန္တာန်ကိုလည်း သိခဲ့ရတယ်။ ဆင်ခြင်စရာတွေလည်း ရ၊ မှတ်သား လိုက်နာသင့်တာတွေလည်း ပိုသိခဲ့ရတာနဲ့ စာရေးပြီး စာဖတ်သူတွေကို မျှဝေချင်လာတယ်။

အခွေလေးက ကျေးဇူးကြီးလှ မိနဲ့ဘတဲ့။ ပုသိမ်မြို့ မြောင်းမြကျောင်းတိုက် ဆရာတော်ဘုရားကြီး ဦးဆောင်မှုနဲ့ ဆရာ မင်းယုဝေ၊ ဆရာ လယ်တွင်းသားစောချစ်နဲ့ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) တို့က လာရောက်ပြီး ဟောပြောပေးတာဖြစ်ပါတယ်။ ပုသိမ်မြို့သူ၊ မြို့သားတွေကလည်း လာလိုက်ကြတာ ကျောင်းတိုက်တောင် လျှံထွက်ပြီး လမ်းမတွေပေါ်မှာ ပရော်ဂျက်တာ ထိုးပြီး နားထောင်ရတဲ့ အထိကို ပရိတ်သတ်က များလွန်းလှပါတယ်။ ကျွန်မလည်း ဆရာကြီး ပြောတဲ့အထဲက စာဖတ်သူတို့ကို ပြန်လည် မျှဝေချင်တာက မိခင်မေတ္တာကို ဖော်ညွှန်းထားတဲ့ အကြောင်းအရာလေးကို မျှဝေချင်ပါတယ်။

ဆရာ မောင်စိန်ဝင်းပြောပြသွားတဲ့ အမေဆိုတဲ့ ဖြစ်ရပ်ကလေးမှာ ဆရာတို့ငယ်ရွယ်စဉ် ပုတီးကုန်းရွာမှာ နေခဲ့တုန်း အလယ်တန်းကျောင်းသားအရွယ်မှာ ဆရာတို့ ရွာက စာကြည့်တိုက်ထဲမှာဝင်ရောက်မွှေနှောက်ရင်းနဲ့ မဂ္ဂဇင်းဟောင်းတစ်အုပ်ထဲက ၀တ္ထုတိုလေးတစ်ပုဒ်အကြောင်းကို ပြောပြသွားပါတယ်။ ဆရာ အပြောကတော့ ရှင်းလင်းတယ်။ ထိမိတယ်။ ပြတ်သားတယ်။ နားထောင်မှတ်သားလို့ အလွန်ကောင်းပါတယ်။ ဆရာက ရသစာပေက နှလုံးသားရဲ့ အာဟာရကို ပေးစွမ်းနိုင်ပြီး ရင်ထဲအရောက်ပို့ပေးတဲ့အတွက် ဥနှောက်က မှတ်ဥာဏ်က ဘယ်တော့မျှ မမေ့နိုင်တော့ဘူးလို့ အစချီရင်း ၀တ္ထုတိုလေးကို စပြောပြပါတယ်။

မြို့လေးတစ်မြို့။
ညနေစောင်းအချိန်လောက်မှာ လူနှစ်ယောက်ဟာ နွားမကြီးတစ်ကောင်ကိုဆွဲလို့ လမ်းလျှောက်လာပါတယ်။ တစ်ယောက်က ရှေ့နားဖားကြိုးကနေဆွဲလို့။ နောက်တစ်ယောက်က နောက်ကနေ ကြာပွတ်တစ်ရမ်းရမ်းနဲ့။ နွားမကြီးရဲ့ ဘေးမှာလည်း နွားသားပေါက်လေးက ဟိုဒီ လျှောက်ဆော့ရင်း ပါလာတာပေါ့။ လျှောက်ရင်းနဲ့ ခေါင်းဆောင်ဖြစ်ဟန်လူက `နေမ၀င်ခင် ဒီနွားမကြီး သတ်ပြီးမှ ဖြစ်မယ်တဲ့။ ဒါကြောင့် မင်းကြာပွတ်ကို နာနာရိုက်ကွာ´ လို့ပြောတယ်။ ဒီတော့ နောက်ကလူကလည်း ကြာပွတ်ကို ခပ်နာနာလေး ရိုက်တော့တယ်။ နွားငယ်လေးကလည်း ဆော့ရင်း လှောင်ရင်းနဲ့ လိုက်လာ။ အသားနာလာတော့လည်း နွားမကြီးက ခပ်မြန်မြန်လေး လျှောက်လာနဲ့ လယ်ကွင်းစပ် ကန်သင်းရိုးပြတ်တွေ အနားကို ရောက်လာပါတယ်။ ဒီလိုနဲ့ နွားမကြီးက လေထဲက အနံ့တစ်ခုကို ရလို့ လမ်းလျှောက်တာ တဖြည်းဖြည်းနဲ့ နှေးလေးလို့လာပါတယ်။ နွားသားပေါက်လေးကလည်း ဆော့ရင်း နဲ့ အနောက် ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့ပါတယ်။ နွားမကြီး လျှောက်တာ နှေးလာလို့ နောက်ကလူက ကြာပွတ်ကို ပိုနာအောင် ရိုက်။ အသားနာတော့လည်း ခပ်မြန်မြန်လေးလျှောက်လိုက်။ လေထဲက အနံ့ကို တစ်ချက်ပြန်ရလိုက်။ နွားမကြီးရဲ့ ခြေလှမ်းတွေက နှေးလေးသွားလိုက်နဲ့။ တစစနဲ့ ကန်သင်းရိုးပြတ်တစ်ခုကို ရောက်ရော နွားမကြီးက ကန်သင်းဘောင်ကို ခြေထောက်နဲ့ ကန်ထားပြီး လုံးဝကို ဆက်မသွားတော့ပါဘူး။ ဒီတော့ ရှေ့ကလူက နောက်ကလူကို ပိုပြီး နာနာရိုက်ခိုင်း။ ဘယ်လိုပဲ နာအောင် ရိုက်ရိုက် နွားမကြီးက လုံးဝကို ဆက်မသွားတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူရနေတဲ့ လေထဲက သွေးညှီနံ့ တွေက နွားသတ်ရုံဖြစ်ကြောင်း တဖြည်းဖြည်းနဲ့ သေချာသွားလို့ပါပဲ။ တိရိစ္ဆာန်ဆိုပေမယ့်လည်း ကိုယ်သေရမှာကို သိလာတဲ့အတွက် အကြောက်အကန် ကန်ထားတော့တာပါပဲ။ ဒီလိုနဲ့ ရှေ့ကလူက ငါတို့က နေ၀င်အမှီ နွားကို အပြီး သတ်ရမှာ။ ဒီလိုဆိုရင်တော့ မဖြစ်တော့ဘူး။ နွားမကြီးကို မခံနိုင်အောင် လုပ်မှ ဖြစ်တော့မယ်တဲ့။ ပြောရင်းနဲ့ နွားမကြီးရဲ့ နဖားကြိုးကို ရှေ့ကို လှန်ချလိုက်ပါတယ်။ ပြီးမှ ရှေ့က အားကုန်ဆွဲပါတော့တယ်။ နွားမကြီးကလည်း နှာသီးနုနုလေးကို နဖားကြိုးကြီးနဲ့ ပွတ်တိုက်ပြီး အသည်းခိုက်အောင် နာကျင်နေပေမယ့်လည်း လုံးဝကို ဆက်မလှမ်းတော့ပါဘူး။ ခေါင်းဆောင်လုပ်သူက `မထူးတော့ဘူး။ မင်းပါရှေ့လာခဲ့။ ငါတို့နှစ်ယောက်အားကုန်ဆွဲရင် ဒီနွားမတော့ ခံနိုင်မှာ မဟုတ်ဘူး´ လို့ဆိုပြီး နှစ်ယောက်အားနဲ့ ဆွဲပါတော့တယ်။ နွားမကြီးခမျာမှာ နာကျင်လွန်းလို့နေသော်လည်း လုံးဝကို ဆက်မလှမ်းပါဘူး။ နှာသီးနုနုလေးကနေ သွေးတွေလည်း ထွက်နေသော်လည်း ဆွဲတဲ့သူများက အားမလျှော့ဘဲ အားကုန်ဆွဲလိုက်တဲ့ တစ်ချက်မှာတော့ နွားမကြီးရဲ့ နှာအုံတစ်ခုလုံး ပြုတ်ထွက်သွားပြီး သွေးများလည်း ချင်းချင်းရဲသွားပါတယ်။ ရှေ့ကနေပြီး အားကုန်ဆွဲတဲ့ လူနှစ်ယောက်လည်း အရှိန်လွန်ပြီး ဖင်ထိုင်လဲကျသွားလို့ နဖားကြိုးလည်း လွတ်သွားပါတယ်။

နွားမကြီးလည်း အားကုန်ပြေးတော့တာပေါ့။ ပြေးလာလိုက်တာ တော်တော်ကြီး အဝေးကို ရောက်သွားတော့တယ်။ အဲဒီအချိန်မှာ နွားသားပေါက်လေးက သူ့အမေကို မြင်လို့ နောက်ကနေ ပြေးလိုက်တာပေါ့။ ဒါပေမယ့် သေရမှာကို ကြောက်လို့ ပြေးနေတဲ့ နွားမကြီးရဲ့ ပြေးနှုန်းက မြန်လွန်းလို့ နွားပေါက်ကလေးက မလိုက်နိုင်တော့ဘူးပေါ့။ ဒါကြောင့် နောက်ကနေ သူ့အမေကို အော်ခေါ်တော့တာပေါ့။ သားရဲ့ အော်သံကို ကြားတော့ နွားမကြီးက တုန့်ကနဲရပ်ပြီး ပြန်လှည့်ကြည့်တာပေါ့။ နောက်တော့ သူအသတ်ခံရမှာကို သတိရသွားပြန်တော့ တခါပြန်ပြေးတော့တာပေါ့။ ဒီတော့လည်း နွားလေးက ထပ်အော်တော့တာပေါ့။ခုနက လူနှစ်ယောက်ကလည်း နွားလေးနားကို ရောက်ပြီး ဒီအဖြစ်အပျက်ကို မြင်တော့ ငါတို့နွားမကြီးကို မဖမ်းတော့ဘူး။ ဒီနွားလေးကိုပဲ ဖမ်းသွားတော့မယ်ဆိုပြီး နွားလေးကို ဆွဲလို့ နွားသတ်ရုံကို ပြန်လာခဲ့ပါတယ်။ ပြီးတော့ နွားသတ်ရုံရဲ့ တိုင်တစ်တိုင်မှာ နွားလေးကို ချည်ထားတာပေါ့။ ပြီးတော့ ခေါင်းဆောင်လုပ်သူက `မင်း နွားလေးကို ခပ်နာနာရိုက်တဲ့၊ အဆက်မပြတ်ရိုက်တဲ့´ အဲဒီတော့ နောက်လိုက်ကလည်း ရိုက်တော့တာပေါ့။ အရိုက်ခံရတော့ နွားလေးကလည်း နာလွန်းလို့ အော်၊ သားအော်သံကိုကြားတော့ နွားမကြီးက ပြန်လှည့်လာတော့တာပေါ့။ ဒီလိုနဲ့ ခပ်နာနာရိုက်၊ နွားလေးကလည်း အော်တော့ နွားမကြီးခမျာ သူ့ကို သတ်မယ့် နွားသတ်ကုန်းကို ဘယ်သူမှ မခေါ်ရဘဲ ပြန်လာတော့တာပေါ့။ သားဇောနဲ့ ကိုယ့်အသက်ဘေးတောင်မှ ဂရုမစိုက်နိုင်တော့ဘဲ ကိုယ့်သေတွင်းကို တည့်တည့်မတ်မတ် ပြန်လာတော့တာပေါ့။

ဒီလိုနဲ့ နေလည်း ၀င်သွားပါပြီ။ ၀တ္ထုတိုလေးလည်း အဆုံးသတ်သွားပါပြီလို့ ဆရာက ပြောလိုက်ပါတယ်။

ဒီဝတ္ထုတိုလေးက မိခင်မေတ္တာကို ဖော်ကျူးရေးဖွဲ့ထားတာပါ။ အမေတိုင်းက သားသမီးတွေကို အသက်နဲ့လဲလို့ ချစ်ခဲ့တာချည်းပါပဲ။

ကျွန်မအနေနဲ့ကတော့ မိခင်ဆိုတာကို ဖော်ကျူးရုံတင်ပါ။ ဖတ်ပြီးတော့ တစ်စုံတစ်ရာ ရရှိသွားတယ်ဆိုရင် တင်ပြရကျိုး နပ်ပါတယ်။

ကျွန်မဆီမှာ `ကျေးဇူးကြီးလှ မိ နဲ့ ဖ´ ဆိုပြီး ဆရာကြီးတွေ ဟောပြောထားတဲ့ အခွေလေးရှိပါတယ်။ ဖိုင်ဆိုက်ကြီးလွန်းလို့ ဘယ်လိုမှ Upload လုပ်လို့ မရနိုင် ဖြစ်နေပါတယ်။ စာဖတ်သူများ ကိုယ်တိုင် ကိုယ်ကျ နားဆင်ချင်တယ်ဆိုရင် အတတ်နိုင်ဆုံး အဆင်ပြေအောင် စီစဉ်ပြီး အခွေလေးကို ပေးပါ့မယ်. လိုအပ်သူများ ဆက်သွယ်နိုင်ပါတယ်ရှင်။

စွက်ဖက်တာ ကောင်းတယ်။ စွက်ဖက်တာ မကောင်းဘူး။

ဒီအကြောင်းအရာလေးက မိတ်ဆွေတစ်ယောက်က ရေးပါဆိုပြီး မေးခွန်းလေးတွေ အနေနဲ့ မေးထားတာကို ရေးဖြေသဘောမျိုးလေး ရေးသားခဲ့တာဖြစ်ပါတယ်။


စွက်ဖက်တယ်ဆိုတာကို ရိုးရိုးလေးတွေးကြည့်ရင် သူတပါးကိစ္စတွင် ပါဝင်ပတ်သက်တယ်ဆိုတာကို လူတိုင်းနားလည်ကြမှာပါ။ စွက်ဖက်ခြင်းဆိုတဲ့အလုပ်ကို လူတိုင်းလိုလို လုပ်ဆောင်ကြဖူးပါလိမ့်မယ်။ အိမ်သားတွေအချင်းချင်း၊ မောင်နှမသားချင်းကြားမှာ၊ သူငယ်ချင်းတွေကြားမှာ၊ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ၊ ကုန်ကုန်ပြောရရင် နိုင်ငံတကာကြားမှာတောင် ၀င်ရောက်စွက်ဖက်မှုတွေ ပြုလုပ်ကြပါတယ်။ အဲဒီတော့ စွက်ဖက်တာကောင်းလား၊ ဆိုးလား၊ မစွက်ဖက်ရဘူးလား စတဲ့အကြောင်းအရာတွေနဲ့ ဒွိဟဖြစ်စရာတွေ အတော်လေးများလှပါတယ်။ တခါတလေကြတော့ ` ငါက ကောင်းစေချင်လို့ ၀င်ပြီးစွက်ဖက်တာ စွက်ဖက်ရမှာပဲ။ တစ်ချိန်ကျရင်တော့ သူနားလည်လာပါလိမ့်မယ်။´ တခါတခါကျတော့လည်း `ငါက စေတနာနဲ့ပြောတာ။ လက်မခံလည်းနေပေါ့´ ဆိုတဲ့ စိတ်ချဉ်သွားတဲ့ အနေအထားမျိုးတွေလည်း ခံစားကြဖူးမှာပါ။


အဲဒီတော့ စွက်ဖက်ခြင်းဆိုတဲ့ အနေအထားတစ်ခုမှာ မိတ်ဆွေ၊ မောင်နှမသားချင်း၊ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ကြားထဲမှာ ပုံစံတစ်မျိုးမျိုးနဲ့ ရှိနေကြမှာပါ။ စွက်ဖက်လွန်းလို့လည်း အခင်အမင်တွေပျက်၊ သံယောဇဉ်တွေပြတ်၊ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ချင်၊ နာမည်လေးတောင်မှ မကြားချင် စတဲ့ အဖြစ်အပျက်ကလေးတွေ ဖြစ်သွားတတ်သလို နေဟာ မစွက်ဖက်ဘူးဆိုပြီး မျက်စိကြောင်တောင် ကြည့်နေလို့ တစ်စုံတစ်ဦးက ဘ၀တွေနဲ့ရင်းပြီး ပျက်စီးသွားပြန်တော့လည်း စိတ်မကောင်းတွေဖြစ်ရဦးမယ်လေ။ ဒါကြောင့် စွက်ဖက်ခြင်းကို အကြောင်းအရာလေးတွေ ခွဲခြမ်းပြီးတော့ မိမိကိုယ်တိုင် ဆန်းစစ်ကြည့်ရအောင်လေ။


အကြောင်းအရာ မှန်ပါစေ

တပါးသူရဲ့ အရေးအရာမှာ ၀င်ရောက်စွက်ဖက်တယ်ဆိုတာ မိမိဘက်က ဒီလိုမြင်လို့၊ သူမှားမှာစိုးလို့ စသည်ဖြင့် ခံစားချက်အပေါ်မှာ ဦးတည်လို့ စွက်ဖက်တာ ဖြစ်တဲ့အတွက် တစ်ဖက်သားအပေါ် မိမိစွက်ဖက်မယ့် အကြောင်းအရာလေး က မှန်ကန်နေဖို့တောလိုပါတယ်။ ကိုယ့်တစ်ဖက်သတ်ခံစားချက်နဲ့ တစ်ဖက်သားအပေါ် မမှန်ကန်တဲ့ စွက်ဖက်မှုလေးတွေ မဖြစ်အောင် ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ မိမိရဲ့ ထင်မြင်ယူဆချက်နဲ့ တစ်ဖက်သားရဲ့ အကြောင်းအရာတွေကို ၀င်ရောက်စွက်ဖက်ရတာဖြစ်လို့ မိမိမှာ “သူ့အတွက် ကောင်းပါစေ၊ သူလမ်းမှန်မှာ လျှောက်လှမ်းနိုင်ဖို့ လိုအပ်နေတာလေးတွေကို ဖြည့်စွက်လို့ စွက်ဖက်တာမျိုး၊ စေတနာမှန်ကန်ဖို့တော့ လိုပါတယ်။ တစ်ဖက်သားအပေါ်မှာ ငါကပဲ ဦးဆောင်ချင်လို့၊ ငါ့ကပဲ လွှမ်းမိုးချင်လို့ “ စတဲ့ အတ္တစိတ်မျိုးလေးတွေ ကင်းစင်နေဖို့တော့ လိုပါတယ်။


စွက်ဖက်ပုံမှန်ပါစေ

သူတပါးရဲ့ ကောင်းကျိုးကို ရည်မျှော်လို့ ၀င်ရောက်စွက်ဖက်တာဖြစ်တဲ့အတွက် စွက်ဖက်ပုံလေးလည်း မှန်ကန်ဖို့တော့လိုပါတယ်။ ဥပမာအားဖြင့် မိဘတွေက သားသမီးတွေရဲ့ ရှေ့ရေးသေချာစေဖို့ တချို့သော အကြောင်းအရာတွေ စွက်ဖက်ရာမှာ စွက်ဖက်မှုပုံစံမှန်ကန်ဖို့တော့ လိုအပ်ပါတယ်။ ငါက မိဘပဲ။ ကောင်းစေချင်လို့လုပ်တာပဲ ဆိုတဲ့ တစ်ဖက်သတ်အတ္တမျိုးနဲ့ မစွက်မိဖို့တော့ လိုအပ်ပါတယ်။ တခါက ဟောပြောပွဲတစ်ခုမှာ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ကျွန်တော်တို့ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ အကြောင်းအရာတွေမှာ ပါဝင်ပတ်သက်ရပါတယ်. ဒီနေ့ခေတ်လို နည်းပညာထွန်းကားနေတဲ့အချိန်မှာ သားသမီးတွေပျက်စီးသွားမှာစိုးလို့ နည်းပညာသစ်ရဲ့ အရသာမြည်းစမ်းခွင့် မပေးဘူးဆိုရင် သားသမီးတွေ နစ်နာမှာဖြစ်ပါတယ်။ လူငယ်တွေက အင်တာနက်ကို သုံးစွဲနေကြလို့ မဟုတ်တာတွေ ကြည့်နေမှာလား။ အွန်လိုင်းပေါ်မှာ တချိန်လုံး chatting တွေဝင်နေမှာလား။ နင်ဘယ်သူတွေနဲ့ ပြောနေတာလဲ။ ဘာတွေပြောနေတာလဲ. ငါကြည့်မယ် ဆိုပြီး အတင်းဝင်လို့ ကြည့်ခဲ့မယ် ဆိုရင်၊ ကြောင့်ကြမှုတွေနဲ့ ပိတ်ပင်လို့ စွက်ဖက်ခဲ့မယ်ဆိုရင် ကိုယ့်သားသမီးတွေပဲ နောက်ကျကျန်ခဲ့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေကို အတိုင်းအတာတစ်ခုအထိ ယုံကြည်ပေးဖို့တော့ လိုပါတယ် ဆိုပြီး ပြောခဲ့ဖူးတာကို အမှတ်ရမိပါတယ်။ ဟုတ်ပါတယ်။ စွက်ဖက်သူကလည်း မိမိစွက်ဖက်မယ့်သူကို ယုံကြည်ပေးပြီး သူ့ကို လမ်းမှန်ရောက်အောင်လို့ ၀ိုင်းဝန်းဆောင်ကျဉ်းပေးဖို့တော့ လိုပါလိမ့်မယ်။ ဒါမှလည်း စွက်ဖက်ခံရတဲ့သူက ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ မိမိတို့ကြားထဲက ခင်မင်မှု၊ ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုတွေကြောင့် သူက ငါ့ကို ပြောတာ ငါ့ကို ကောင်းစေချင်လို့။ ငါ မှားနေလား ဆိုပြီး ကိုယ့်ကိုကိုယ် ဆန်းစစ်ခြင်းဆိုတဲ့ စိတ်ခံစားမှု တစ်ခုကို ပေးနိုင်မှာဖြစ်ပါတယ်။


မိမိတို့ကြားထဲက အနေအထားကို ဆန်းစစ်ပါ

တစ်စုံတစ်ရာကို တစ်စုံတစ်ဦးထံ စွက်ဖက်တော့မယ်ဆိုရင် မိမိတို့ကြားထဲက အနေအထားကို ဆန်းစစ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်လောက်အတိုင်းအတာအထိ ရင်းနှီးလဲ။ တစ်ဦးနဲ့ တစ်ဦး ဘယ်လောက် ခင်မင်လဲ။ ဘယ်လိုအနေအထားမျိုးနဲ့ သိကျွမ်းနေတာလဲ။ အပြန်အလှန် ယုံကြည်မှု ဘယ်လောက်အထိရှိလဲ စတဲ့ အနေအထားတွေကို သေချာစွာ ဆန်းစစ်ဖို့တော့ လိုအပ်ပါတယ်။ တဖက်သားကို လမ်းဖွင့်ပေးပြီး စွက်ဖက်တတ်ဖို့တော့ လိုပါတယ်။ ဆိုလိုတာက ချောင်ပိတ်ရိုက်ရင် ခွေးတောင် ပြန်ကိုက်တာမို့ အတင်းအကျပ် နင်လုပ်မှ ဖြစ်မယ်ဆိုတာမျိုးနဲ့ စွက်ဖက်မယ်ဆိုရင်တော့ တစ်ဦးနဲ့ တစ်ဦးကြားမှာ အမြင်မကြည်၊ နားလည်မှုလွဲလို့ ခင်မင်မှု၊ ရင်းနှီးမှုတောင် ပျက်စီးသွားနိုင်ပါတယ်။


လေးစားမှုရှိပါစေ

တစ်ဦးနဲ့ တစ်ဦးကြားမှာ လေးစားနိုင်လောက်တဲ့ အပြုအမူ၊ အနေအထိုင်၊ ပြောဆိုမှုတွေရှိဖို့လိုပါတယ်။ ဥပမာဆိုရင် မိတ်ဆွေတစ်ဦးက အရက်တွေ အရမ်းသောက်လို့ မသောက်ဖို့၊ အရက်မသောက်ပဲ ပူပင်သောကတွေ ပျောက်အောင်၊ ပျော်ရွှင်မှုတွေ ဖွေရှာနိုင်တယ်။ ဒါကြောင့် မင်းသောက်တာ လျှော့ပါလို့ ပြောမယ့် မိမိကိုယ်တိုင်ကလည်း အရက်နဲ့ ပတ်သက်လို့ အတိုင်းအတာတစ်ခုတော့ ရှိဖို့လိုပါတယ်။ မင်းမသောက်နဲ့ ပြောမယ့် ပါးစပ်က အရက်နံ့ထွက်နေရင် စွက်ဖက်ခံရသူက လက်ခံနိုင်မယ် မဟုတ်ပါဘူး။ ကိုယ့်ထက်အငယ်ကို နင်စာကျက်၊ အလေလိုက်မနေနဲ့လို့ ပြောမယ့် အကြီးတစ်ယောက်က သူ့မှာလည်း အငယ်က လက်ခံနိုင်လောက်တဲ့ အရည်အချင်းတစ်ခုတော့ရှိနေဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ကိုယ့်မျက်ချေးကျတော့ မမြင်ဘူး။ သူများပဲ လိုက်ပြောနေတာပဲ။ နေရာတကာ ပါလွန်းတယ် ဆိုတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။


စွက်ဖက်တယ်ဆိုတဲ့ စကားလုံးလေးကို နားထောင်ရုံနဲ့ပဲ သူ့မှာ Negative Sense ရှိတယ်ဆိုတာ စာဖတ်သူတို့ လက်ခံနားလည်နိုင်မှာပါ။ ဒါကြောင့် မစွက်ဖက်ဘူး ဆိုပြန်တော့လည်း ကမ္ဘာပေါ်မှာ နိုင်ငံတိုင်းက နျူလက်နက်ကောင်း တွေ ပိုင်ဆိုင်ဖို့ လုပ်ကြရင်းနဲ့ ကမ္ဘာသူ။ ကမ္ဘာသားတွေရဲ့ အေးချမ်းမှုတွေလည်း ပျောက်ဆုံးသွားနိုင်ပါတယ်။


မိသားစုကြား၊ သူငယ်ချင်းတွေကြား၊ လုပ်ဖော်ကိုင်ဖက်တွေကြားမှသည် နိုင်ငံကြီးများအဆင့်အထိ စွက်ဖက်မှုတွေက လုပ်နေရပါတယ်။ တစ်ဖက်သား လက်ခံနိုင်လောက်တဲ့ စွက်ဖက်မှုမျိုးတွေ လုပ်နိုင်ပါစေလို့ မျှော်လင့်ရင်း တင်ပြလိုက်ပါတယ်။


အကြောင်းအရာတစ်ခုမှာ ရှုမြင်သုံးသပ်ပုံများလည်း ကွဲပြားနိုင်ပြီး အဖြေမှန်များလည်း တစ်မျိုးထက်မက ရှိနိုင်တာမို့ စာဖတ်သူများလည်း ကျွန်မနဲ့ လွတ်လပ်စွာ ကွဲလွဲနိုင်သလို တထပ်တည်းလည်း တူညီနိုင်ပါတယ်။

စာဖတ်သူများရဲ့ အမြင်များကိုလည်း ပွင့်လင်းစွာ ကြိုဆိုပါတယ်။


စာကြွေးတွေဆပ်မယ် ---

မနှစ်ကတည်းက ရေးပါ့မယ်လို့ ပြောပြီး မရေးဖြစ်သေးတဲ့ ပိုစ့်ကို ပိတ်ရက်မှာ အပီရေးခဲ့တယ်။ ကြွေးလည်း ဆပ်တယ်။ အတိုးလည်းပါတယ်။

Friday, March 19, 2010

မျောက်ဖြစ်ချင်တယ် ဒေါ်ကြီးရယ် (၄)

ဒီလိုနဲ့ ကျွန်မ ဒေါ်ကြီးတို့အိမ်မှာ ကောင်းကောင်းမွန်မွန် နေလို့ရပါတယ်။ ဒေါ်ကြီးတို့က သဘောကောင်းကြတယ်။ ကျွန်မကိုဆို တခါမျှ မရိုက်ဘူး။ ကျွန်မလုပ်တာတွေ မှားတဲ့အခါ၊ ဒေါ်ကြီးက စိတ်တိုင်းမကျတဲ့အခါ ဆူပါတယ်။ ဒါပေမယ့် တစ်ခါမျှလည်း မဆဲပါဘူး။ မနက်တိုင်း ဒေါ်ကြီးနဲ့ ဈေးလိုက်ပြီး ဈေးခြင်းကူဆွဲရပါတယ်။ အဘွားးကြီး ဆိုင်ကို ၀င်တဲ့အခါလည်း ၀င်ပါတယ်။ ကျွန်မကို အဘွားကြီး ဆိုင်နားက လူတွေက တွေ့တိုင်း အငယ်မလေး နင်ဝလာလိုက်တာ။ အသားတွေလည်း ဖြူလာတယ်တဲ့။ အမြဲဝိုင်းပြောကြတယ်။ ၀မှာပေါ့။။ ကျွန်မက တစ်နေ့တစ်နေ့ ထမင်းကို အ၀အပြဲစားရတာ။ မုန့်ကလည်း အဆင်ပြေသလို စားရပါတယ်။ နေ့လည်ဘက် အလုပ်ပြီးတဲ့အချိန်ဆို တစ်ရေးတောင် အိပ်ရသေးတယ်။ အပြင်လည်း သိပ်မှ မထွက်ရဘဲ။ အသားတွေက ဖြူတာပေါ့။

ဒေါ်ကြီးက စေတနာ ကောင်းရှာတယ်။ သူတို့အိမ်မှာ ဘုရားပွဲပြင်တဲ့အခါတိုင်း ငှက်ပျောသီးတွေ အများကြီးကို အနီးအနားလည်းဝေ။ ကျွန်မလည်း အ၀အပြဲစားပေါ့။ တစ်ခါတစ်လေ ကျွန်မကို နင်တို့အိမ်ကို သွားပေးချေ ဆိုပြီး အိမ်က သူတွေ စားဖို့ ထည့်ပေးတတ်သေးတယ်။ ကျွန်မနေတဲ့ ကာလတစ်လျှောက် ဒေါ်ကြီး စိတ်ဆိုးတာကို ဒီတစ်ခါပဲ မြင်ရတာ။ ကြောက်လိုက်တာ။ ကျွန်မကလည်း ကျွန်မပဲ။ ဒီလောက် ကောင်းကောင်းမွန်မွန် နေရတာကို --- ဘာကြောင့် စိတ်ဆိုးရတာလဲဆိုတော့ ဒေါ်ကြီးတို့အိမ်မှာ ဘီဒိုတွေ ရှင်းတဲ့တစ်နေ့ပေါ့။ ဘီဒိုထဲက အကျီတွေ ကို ချပြီး မ၀တ်တော့မယ့် အကျီတွေကို ရွေးပြီး ပီနံအိတ်နဲ့ ထုတ်တာပေါ့။ အဲဒီအကျီတွေထဲမှာ ကျွန်မညီမလေးတွေနဲ့ တော်နိုင်တဲ့ အကျီလေး နှစ်ထည်တွေ့တော့ ကျွန်မက ဖွက်ထားလိုက်တယ်။ နောက်နေ့ဈေးသွားရင် အဘွားကြီးကနေ တစ်ဆင့် ပေးခိုင်းမယ်ပေါ့။ ဒေါ်ကြီးကလည်း ကျွန်မဖွက်လိုက်တာ မမြင်လိုက်ဘူးလေ။ နောက်နေ့ဈေးသွားတော့ အဘွားကြီးတို့ဆိုင်ကို မ၀င်ဖြစ်ပါဘူး။ အဲဒီနေ့က ကျွန်မက အကျီကို ကျွန်မ၀တ်တဲ့ စကတ်ထဲမှာ ထည်ယူသွားတာ. ဒေါ်ကြီးက မုန့် မ၀ယ်တော့ ကျွန်မလည်း ပေးလို့မရဘူးပေါ့။ ကျွန်မလည်း တော်တော် စိတ်ညစ်သွားတယ်။ အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း ဈေးခြင်းတောင်းရှင်းရင်းနဲ့ ဆပ်ပြာမှုန့် မေ့ခဲ့တယ်တဲ့။ အငယ်မလေး နင်သွားဝယ်လိုက်တဲ့။ ကျွန်မရင်ထဲ ကုလားဘုရားလှည့်သွားတယ်။ ပျော်သွားလိုက်တာ။ ကျွန်မလည်း အင်းဆိုပြီး ခပ်မြန်မြန်သွားဖို့ ပြင်လိုက်တယ်။ ဒေါ်ကြီဒးက ခြံတခါးလိုက်ပိတ်ရင်းနဲ့ ကျွန်မ စကတ်ကြီး ဖောင်းနေတာတွေ့တော့ နင့်စကတ်ကြီးက ဘာဖြစ်နေတာလဲတဲ့။ ကျွန်မလည်း ပျာပျာသလဲ ဘာမှ မဖြစ်ပါဘူးပေါ့။ ပွနေလို့ပါ ဆိုတော့ ဒေါ်ကြီး ဒါဆို ချိတ်ထိုးမှပေါ့။ လူတောထဲ ကျွတ်ကျမှ ဒုက္ခဆိုပြီး ကျွန်မ စကတ်ကို ကိုင်လိုက်ရော အထဲက အကျီထုတ်ကြီးက ပြုတ်ကျလာရော။ ဒေါ်ကြီးလည်း မြင်သွားရော အရမ်းစိတ်ဆိုးသွားတယ်။ ကျွန်မကိုလည်း တော်တော်ဆူတယ်။ မရိုက်ဘူး။ မဆဲဘူး။ ဒါပေမယ့် ဒေါ်ကြီး ပြောတာတွေက တော်တော် ၀မ်းနည်းဖို့ ကောင်းတယ်။ မျက်နှာကြီးကိုလည်း တင်းနေလိုက်တာ။ ကျွန်မဖြင့် ကြောက်လိုက်တာ။ နောက်နေ့ ဈေးသွားတော့ အဘွားကြီးကိုလည်း တိုင်တယ်။ ကျွန်မခိုးထားတဲ့ အကျီတွေကိုလည်း ပေးလိုက်တယ်။

ဒေါ်ကြီးတို့အိမ်မှာ နေရတာ တော်တော်ကောင်းပါတယ်။ ။ အလုပ်ကလည်း သက်သာတယ်။ ဒေါ်ကြီးတို့ခြံထဲမှာ သီးပင် စားပင်တွေကလည်းများတယ်။ သရက်ပင်၊ ကွမ်းသီးပင်၊ ငှက်ပျောပင် တို့ပေါ့။ ကျွန်မကလည်း အပင်တက်တာ ၀ါသနာပါတယ်။ သရက်သီး သီးချိန်တုန်းကပေါ့ --- ကျွန်မချည်းပဲ သရက်သီးတွေ တက်ခူးတာ။ ပြီးတော့ ငါးပိချက်ကလည်း ကောင်းရှင်။ စားရတာ မြိန်လိုက်တာ။ ကွမ်းသီးပင်လည်း ကျွန်မက မရရအောင် တက်တာပဲ။ တခါခူးရင် ကွမ်းသီးတွေမှ အများကြီးပဲ။ အဘွားကြီးတို့ကိုလည်းပေး၊ ဒေါ်ကြီးက ဘုန်းကြီးကျောင်းလည်း သွားလှူသေးတယ်။ ဒါတောင်မှ အများကြီးပိုသေးတာ။ အဲဒါတွေကို ရောင်းစားလိုက်တယ်လေ။ ပြီးတော့ ကျွန်မကို မုန့်ဖိုးဆိုပြီးပေးတယ်။

ဒေါ်ကြီးက ကျွန်မကို အ၀တ်အစားတွေလည်း အများကြီးဝယ်ပေးတယ်။ ကျွန်မတို့အခေါ် ဘေထုတ်ဆိုင်ပေါ့။ ကျွန်မကို အဲဒီကို ခေါ်သွားပြီးတော့ နင်ကြိုက်တာရွေးဆိုပြီး ၀ယ်ပေးတာ. ကျွန်မ အဲဒီလို အကျီအသစ်တွေ ရရင် ကျွန်မ ညီမလေးတွေကိုလည်း ပေးချင်လိုက်တာ။ ဒေါ်ကြီးတို့ အိမ်မှာ နေတာ တစ်နှစ်ပြည့်တော့မယ်။ ဒီအတောအတွင်း ၀မ်းဆက် အသစ်နှစ်စုံတော့ ဒေါ်ကြီးက ၀ယ်ပေးထားတယ်။ တခါတလေ ကျွန်မ အိမ်ကို လွမ်းလို့ ပြန်ချင်တဲ့အခါ ဒေါ်ကြီးတို့ဆီမှာ ခွင့်တောင်းပြီး ပြန်လိုက်တယ်။ ပြီးတော့ ပြန်လာတယ်။ ကျွန်မအိမ်ပြန်ရင် ဒေါ်ကြီးက မုန့်တွေ ထည့်ပေးတတ်တယ်။

ဒေါ်ကြီးတို့အိမ်မှာ နေတုန်း ကျွန်မ နာမည်အသစ်နှစ်ခုရလိုက်တယ်။ ဘဘကြီးက နင့်ကို ငါ နာမည်အသစ်ပေးမယ်ဆိုပြီး ပေးထားတာလေ။ နင့်ကို တရုတ်လိုဆိုရင် “ ပင်းပင်း” လို့ ခေါ်မယ်တဲ့။ ကျွန်မက ငယ်ငယ်လေးတုန်းက အဖေ စိတ်ဆိုးပြီး ရိုက်လိုက်တာ။ နားစည်ထိသွားပြီး နားနည်းနည်းလေးတယ်။ ဒါကြောင့် ဘဘကြီးက ပင်းပင်းလို့ ပြောတာ.။ နောက် မြန်မာ နာမည်တစ်ခု ရှိသေးတယ်တဲ့။ လှတော့ လှတယ်။ “ မယ်လမ်းမျှော်” တဲ့။ ကျွန်မက ဘဘကြီးတို့၊ ဒေါ်ကြီးတို့နဲ့ အမြဲ အိမ်ထဲမှာပဲ နေရတော့ ပျင်းတယ်။ အဲဒါကြောင့် လမ်းထွက်ဖို့ ဆိုရင် တော်တော် ပျော်တယ်။ မကြီးတို့ ရန်ကုန်က ပြန်လာလို့ အပြင်သွားရင် ကျွန်မကို ခေါ်ပါစေလို့ ကျိတ်ဆုတောင်းမိတယ်။

ဒေါ်ကြီးတို့ အိမ်မှာ နေတုန်း ကျွန်မ ခရီးတွေလည်း ထွက်ရသေးတယ်။ ဘုရားဖူးပေါ့။ ရန်ကုန်ရယ်။ ကျိုက်ထီးရိုးရယ်။ ကျွန်မက ဓာတ်ပုံရိုက်ရတာ ၀ါသနာပါတယ်။ မကြီးတို့က ရိုက်ပေးမယ်တဲ့။ ဒါပေမယ့် ပိုက်ဆံပေးရမယ်တဲ့။ တစ်ပုံ ၅၀၀ တဲ့။ ကျွန်မလည်း ရိုက်ချင်လွန်းလို့ ရိုက်ခဲ့တယ်။ အများကြီးပဲ။ ပြီးတော့ ပိုက်ဆံကို ကျွန်မတွက်တတ်သလောက်တွက်တာ တော်တော်များတယ်။ အိပ်တောင် မပျော်ဘူး။ ဒါပေမယ့် တခါတလေ ရိုက်တာ ဆိုပြီးပဲ မှတ်ထားလိုက်တယ်။ ဒါပေမယ့် ဓာတ်ပုံတွေရတော့ ကျွန်မ ပိုက်ဆံ မပေးရဘူးလေ။ ပျော်လိုက်တာ။ အဲဒါနဲ့ ကျွန်မလည်း အိမ်ပြန်ပြီး ကြွားထည့်လိုက်တယ်။ အမေကလည်း အငယ်မလေး ဓာတ်ပုံတွေ ဆိုပြီး ရပ်ကွက်ထဲ လှည့်ပြလိုက်သေးတယ်။

ဒေါ်ကြီးတို့ အိမ်မှာ နေရတာ ပျော်ပါတယ်။ အေးလည်း အေးချမ်းတယ်။ ဒါပေမယ့် တစ်နေ့မှာ ဒေါ်ကြီးက အငယ်မလေး နင်ဘုရာ ရှိခိုးတတ်သလားတဲ့။ ကျွန်မကလည်း ပြီးလွယ် စီးလွယ် “ အင်း ” လို့ ဖြေလိုက်တယ်။ ဒါနဲ့ ဒေါ်ကြီးက ငါ့ကို ဘုရားစာတွေ ရွတ်ပြစမ်းတဲ့။ သေရော -- ကျွန်မလည်း တစ်ခုမှ မသိဘူး။ ဒါနဲ့ ဒေါ်ကြီးက နင် မတတ်ရင် ငါသင်ပေးမယ်တဲ့။ ကျွန်မက စာလည်း မတတ်တော့ ရေးပြလည်း သိမှာ မဟုတ်ဘူး။ ဒါနဲ့ ဒေါ်ကြီးက ငါဆိုပြတာ လိုက်ဆိုတဲ့။ ကျွန်မလည်း ကြောက်တော့ ဟုတ်ကဲ့ပေါ့။ ဒေါ်ကြီးက တစ်ခွန်းစဆိုပြတယ်။ တော်တော်ခက်တယ်။ မနည်း နားထောင်ယူရတယ်။ ဘာတဲ့ “ ဗုတ်ဓံ သရဏံ ဂစ်ဆာမိ ”။ ခက်လိုက်တာ။ ပါးစပ်ထဲမှာလည်း ရွတ်ရတာ တစ်မျိုးပဲ။ လျှာကိုလည်း လည်သွားတယ် ထင်မိတယ်။ တော်တော်ဆိုးတယ်။ ဒေါ်ကြီးက လေးငါးခွန်းလည်း ချပေးရော နင် ငါ့ကို ကိုးခေါက်ရွတ်ပြတဲ့။ သေရော ကျွန်မလည်း မဆိုတတ်ဘူး။ အရမ်းကိုမှ စိတ်ညစ်သွားတယ်။ ဖြစ် ညှစ်ပြီး ဆိုပြလိုက်တယ်။ ဒေါ်ကြီးက ပြောတယ်။ အသံထွက်တွေ မပီသေးဘူးတဲ့။ နောက်နေ့မှ ဆက်သင်မယ်တဲ့။ တော်သေးတယ်။ ဒါပေမယ့် ကျွန်မ တော်တော် စိတ်ညစ်တယ်။ နောက်နေ့တွေလည်း ဆိုရဦးမှာ။ ဒါနဲ့ ကျွန်မလည်း တွေးထားလိုက်တယ်။ နောက်နေ့ ဒေါ်ကြီးက ဆိုခိုင်းရင် ပြောလိုက်တော့မယ်။ ကျွန်မကို နောက်ထပ်ဆိုခိုင်းရင် “ မျောက် ဖြစ်ချင်တယ် ဒေါ်ကြီးရယ် ” လို့ --- ဒေါ်ကြီးက ဘာကြောင့်လဲလို့မေးရင် ကျွန်မ ပြောလိုက်တော့မယ်။ မျောက် ဘ၀က ကောင်းတယ်လို့။ ဘာမျှ ပူစရာ မလိုဘဲ သစ်ပင်တွေ ကြားမှာ တစ်ပင် က တစ်ပင် ကူးသွားနေတာ ပျော်စရာ ကောင်းတယ်။ လူတစ်ယောက်လောက်လည်း အလုပ်မရှုပ်ဘူးလို့ ပြောလိုက်တော့မယ်။ တကယ်ပြောတာ တစ်ခါ တစ်လေ ကျွန်မလေ မျောက်ဖြစ်ချင်တဲ့ စိတ်တွေ တော်တော် ပေါ်လာတယ်။ ----

ပြီးပါပြီ။

စာတစ်ပုဒ်မှ တွေးခေါ်မှု တစ်ခု တစ်စုံတစ်ရာ စိတ်ကျေနပ်မှု ရတယ်ဆိုရင် ရေးရကျိုး နပ်ပါပြီ။

ဖတ်ရှုအားပေးမှုကို ကျေးဇူးတင်လျှက် ---


Wednesday, March 17, 2010

မျောက်ဖြစ်ချင်တယ် ဒေါ်ကြီးရယ် (၃)

ဒီလိုနဲ့ပဲ ဒေါ်ကြီးက အဘွားကြီးဆီမှာ ကျွန်မကို ခေါ်မယ့် အကြောင်း ပြောလာတယ်။ ပျော်လိုက်တာပေါ့။ အဘွားကြီးက ပြောတယ်။ အငယ်မလေး အိမ်ပြန်တဲ့။ ညည်းအကျီတွေသွားယူလာခဲ့တဲ့. ဒီနေ့ဈေးပြန်ရင် ဒေါ်ကြီးတို့ အိမ်ကို သွားမှာတဲ့။ အဲဒါနဲ့ ကျွန်မလည်း အိမ်ကို သုတ်ခြေတင်တော့တယ်။ ပြီးတော့ ဈေးလေးကို ပြန်လာပြီး အဘွားကြီးနဲ့ ဒေါ်ကြီးတို့ အိမ်ကို သွားခဲ့တယ်။ ကျွန်မအမေလည်း ပါတယ်လေ။ ဒေါ်ကြီးတို့ အိမ်ရောက်တော့ ကျွန်မကို ဒေါ်ကြီးက လက်တိုလက်တောင်း ခိုင်းဖို့ ခေါ်မှာဖြစ်ကြောင်း။ နောက်တော့ ဘွားကြီးတို့နဲ့ ကျွန်မအတွက် လစာပြောကြပါလေရော။ ဘွားကြီးက တူမလေး သင့်တော်သလိုပေးပါ။ စန္ဒာရွှေတို့ အိမ်မှာတော့ တစ်လကို တစ်သောင်းပေးတယ်လို့ ပြောလိုက်တယ်။ ဒေါ်ကြီးက ဒါဆိုလည်း သူ တစ်လကို တစ်သောင်းပေးမယ်လို့ ပြောတယ်။ ဒါနဲ့ အမေက ၀င်ပြီးတော့ လစာကို ကြိုတင်ငွေလေး ထုတ်ပေးပါလို့ပြောတော့ ဒေါ်ကြီးက ခဏငြိမ်သွားတယ်။ ကျွန်မလည်း လန့်သွားတယ်။ ဒေါ်ကြီးက ဆက်မခေါ်တော့မှာ စိုးရိမ်သွားမိတယ်။ ခဏကြာတော့ ဒေါ်ကြီးကပြောတယ်။ နင်တို့လည်း အခက်အခဲဖြစ်နေတာဆိုတော့ ငါပေးလိုက်မယ်။ ဒါပေမယ့် နင်တို့ကို အများကြီးတော့ ကြိုမပေးနိုင်ဘူးတဲ့။ အမေက သုံးလစာဆို ရပါပြီ လို့ပြောလိုက်တယ်။ ဒေါ်ကြီးက သဘောတူလိုက်တယ်။ ဒါပေမယ့် တစ်ခုတော့ အမေတို့ကို ပြောလိုက်တယ်။ ငါ့မှာလည်း သားသမီးတွေရှိလို့ မတရားမခိုင်းဘူး။ ငါ မနိုင်မနင်းဖြစ်တာလောက်ပဲ ခိုင်းမယ်ပေါ့။ ဒါပေမယ့် နင်တို့ လစာငွေ ကြိုတင်ယူပြီးမှ ရှုပ် ရှုပ် ရှက် ရှက်တွေ လာမလုပ်နဲ့ လို့တော့ ပြောလိုက်တယ်။

အဲဒါနဲ့ အမေနဲ့ အဘွားကြီးလည်း ဒေါ်ကြီးပေးတဲ့ ပိုက်ဆံတွေ ယူပြီး ပြန်သွားတယ်။ ကျွန်မကိုလည်း အငယ်မလေး လိမ်လိမ်မာမာနေလို့ မှာသွားတယ်. ကျွန်မလည်း အမေတို့ ပြန်သွားတော့ နည်းနည်းတော့ ၀မ်းနည်းသွားတယ်။ ကျွန်မလည်း အပြေးအလွှားသွားပြီးတော့ အမေရေ --- စန္ဒာရွှေတို့ အကြွေူကို သွားဆပ်နော်။ ကျွန်မကို လာဖမ်းမှာ ကြောက်တယ်လို့ ပြောလိုက်ရတယ်။ အမေကလည်း အေးပါ။ စိတ်ချပါ. မဖမ်းပါဘူး လို့ ပြောမှ နည်းနည်း စိတ်အေးသွားရတယ်.

ပြီးတော့ ဒေါ်ကြီးကို ပြောတယ်။ ဒေါ်ကြီး ကျွန်မကို ခိုင်းပါ။ ကျွန်မ အလုပ်ကောင်းကောင်းလုပ်တတ်ပါတယ်လို့ ပြောလိုက်တယ်။ ဒေါ်ကြီးက အေး တဲ့။ ဒါပေမယ့် ညည်းကို အရင် သန့်ရှင်းရေး လုပ်ရဦးမယ်တဲ့။ ကျွန်မယူလာတဲ့ အ၀တ်အစားတွေကို ကြည့်တယ်။ ပြီးတော့ ကျွန်မနေရမယ့် နေရာကို ပြတယ်။ အားပါး။ ကြည့်လိုက်တော့ ကျွန်မနေရမယ့် အခန်းလေးက ကျွန်မတို့ အိမ်လေးလောက်ရှိတယ်။ ကျောက်ပျဉ်လည်း ပေးထားတယ်။ သနပ်ခါးကတော့ နောက်နေ့မှ ဈေးက ၀ယ်လိမ်းတဲ့။ ဆပ်ပြာနဲ့ ကျွန်မသုံးဖို့ မျက်နှာသုတ်ပုဝါလေးလည်းပေးတယ်။ အဟောင်းလေးပေမယ့် အကောင်းလေး။ အိမ်မှာဆို အဘိုး ပုဆိုးနဲ့ ပဲ သုတ်ရတာ။ တခါတလေ ချင်းစောင်ကြမ်းနဲ့လေ။ ညည်းရေချိုးတဲ့. ချေးတွေ စင်အောင် သေချာဆပ်ပြာတိုက်ပြီးချိုးတဲ့။ ကျွန်မရေချိုးပြီးတော့ ပါလာတဲ့ အကျီလေး ၀တ်လိုက်တယ်။ ပြီးတော့ ဒေါ်ကြီးက ညည်းဆံပင်တွေက ရှည်နေတယ်တဲ့။ ပြီးတော့ သပ်သပ်ရပ်ရပ်မရှိဘူးတဲ့။ ဆံပင်ညှပ်တဲ့။ ကျွန်မလည်း အစတော့ လန့်သွားတယ်။ အိမ်မှာ ညှပ်ပေးမယ်ပဲ ထင်တာပေါ့။ နောက်တော့မှ ဒေါ်ကြီး သမီးအငယ်နဲ့ ဆိုင်မှာ သွားညှပ်ရမှာ။ သွားတာတောင်မှ ကောင်းကောင်းသွားရတာ။ ကျွန်မတို့ မြို့မှာက စက်ဘီး။ ဆိုင်ကယ် အသုံးများတာလေ။ ဒါပေမယ့် ကျွန်မတို့က မြင်ဖူးတာပဲရှိတာ။ ကိုင်မှ မကိုင်ဖူးဘဲ။ စက်ဘီးလည်း မစီးတတ်ဘူး။ ကျွန်မက လမ်းလျှောက်သွားမယ်ပဲထင်တာ။ နောက်တော့မှ မကြီးက ဆိုင်ကယ် ထုတ်လာပြီး နင် တက်တဲ့။ သေချာလည်း ကိုင်ထားတဲ့။ ကျွန်မ များ ဘယ်လောက်တုံးလဲ။ တက်ပြီးတော့ ဘယ်နားကိုင်ရမှန်း မသိဘူး။ မကြီးလည်း သွား မကိုင်ရဲဘူး။ ဆူမှာ ကြောက်လို့။ ကျွန်မလည်း ဘယ်လိုကိုင်ရင် ကောင်းမလဲ စဉ်းစားနေတုန်း ဒေါ်ကြီးက ထွက်လာပြိး ဒီနားကို ကိုင်ဆိုပြီး ကျွန်မ ထိုင်နေတဲ့ အောက်က တန်းလေးကို ပြတယ်။ ကျွန်မလည်း ဒေါ်ကြီးပြတဲ့ အတိုင်း ထိုင်လိုက်သွားခဲ့တယ်။ အဲဒါနဲ့ ဆိုင်ရောက်တော့ မကြီးက တိုတိုနဲ့ ရှင်းရှင်း ညှပ်ပါလို့ ပြောလိုက်တယ်။ ဆိုင်ရှင်ကလည်း ညှပ်လိုက်တာ။ ကျွန်မလည်း နှမြောပေမယ့် မကြီးကို ကြောက်လို့ ပြန်မပြောရဲဘူး။

ဆံပင်ကလည်း တော်တော်တိုသွားတယ်။ ကျွန်မလည်း ခေါင်းတွေ ပေါ့သွားသလိုပဲ။ အဲဒါနဲ့ ဆိုင်ကယ်ကြီး စီးပြီး အိမ်ပြန်ရောက်တော့တယ်။ အိမ်ရောက်မှ ဒေါ်ကြီးက ကျွန်မလုပ်ရမယ့် အလုပ်တွေ ခိုင်းတော့တယ်။ ခိုင်းတဲ့ အလုပ်တွေကလည်း လွယ်လွယ်လေးတွေ။ ကြမ်းတိုက်။ တံမြက်စည်းလှည်း။ ပန်းကန်ဆေး။ ခြံရှင်း။ တကယ့်ကို လွယ်လွယ်လေးရယ်။ ရေတောင်မှ ပင်ပင်ပန်းပန်း ခတ်စရာ မလိုဘဲ ခလုတ်ကလေးဖွင့်လိုက်တာနဲ့ ရေတွေက တဝေါဝေါနဲ့ ကျလာရော-- တော်တော်ကို အဆင်ပြေတယ်။ ဘဘကြီးနဲ့ ဒေါ်ကြီးခိုင်းတဲ့ လက်တို လက်တောင်းတွေ တော့ လုပ်ပေးရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အရမ်းသက်သာတယ်။

ပြောရဦးမယ်။ စားတာကလည်း အလျှံပယ်ပဲ။ ထမင်းကလည်း အိနေတာ. ကျွန်မတစ်ယောက်တည်းဆိုတော့ ထမင်းကိုလည်း အိုးခွဲမချက်ဘဲ ဒေါ်ကြီးတို့ စားတဲ့ ထမင်းပဲ စားရတာ။ ထမင်းကတော့ စားကောင်းတယ်. ဟင်းကတော့ မကောင်းဘူး။ ငါးပိချက်က နေ့တိုင်းမချက်တော့ တချို့နေ့တွေ စားရတာ အဆင်မပြေတော့ဘူး။ အဲဒါနဲ့ ကျွန်မလည်း ငါးပိ ချက်တဲ့နေ့တွေဆို နောက်နေ့စားဖို့ ခွဲပြီးချန်ထားလိုက်တယ်။ ဒါကို ဒေါ်ကြီးမြင်တော့ နောက်ဆို ငါးပိ ကို များများချက်ထားပြီး တစ်နေ့ တစ်နေ့ နွှေးပြီး စားခိုင်းတယ်။ ထမင်းကကောင်း။ ဟင်းကလည်း မြိန်ဆိုတော့ ပြောမနေပါနဲ့။ အငယ်မတို့က စားချက်က တစ်နေ့တစ်နေ့ တော်တော် စားတာ။ ဒေါ်ကြီးကလည်း နင်မ၀သေးရင် ထပ်ယူ ဆိုတော့ ဗိုက်က ပြည့်နေပေမယ့် စားလို့ မ၀သေးဘူးထင်ပြီး ထပ်ချည်းယူတာ တော်တော်နဲ့ကို မထနိုင်တာ။ အလုပ်ကလည်း သက်သာ. ကောင်းကောင်းလည်း စားရ။ ကောင်းကောင်းလည်း နေရတယ်။ တစ်ခုပဲ ရှိတယ်။ ကောင်းကောင်းတော့ ဗွီဒီယို မကြည့်ရဘူး. ဒေါ်ကြီးတို့အိမ်က ထင်သလောက် ရုပ်ရှင်မကြည့်ကြဘူး။ ကြည့်ရင်လည်း အင်္ဂလိပ်ကားနဲ့ ကိုရီးယားကားပဲ ကြည့်တာ။ ကျွန်မကလည်း နေတိုး တို့ ပြေတီဦးတို့ပဲ ကြိုက်တာ ---

ဆက်ပါဦးမည်-- မျှော်