Powered By Blogger

Sunday, December 23, 2007

အချိုမြိန်ဆုံး အရသာ ဆိုတာ

ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ခါး ဟု အရသာ ခြောက်ပါးရှိသည်။ အဆိမ့်၊ ချိုဆိမ့်၊ အပူဟူသောနောက်ထပ် အရသာများလည်း ရှိသေးသည်။ မူလအရင်းခံ အရသာ ခြောက်ပါး၊ သူတို့အချင်းချင်းပေါင်းစပ်လိုက်လျှင် အရသာမျိုးစုံထွက်လာနိုင်သည်အရသာဆိုတာ အဘိဓမ္မာသဘောအရ ရသာရုံတစ်ပါးတည်းနှင့်ဆိုင်သော်လည်း တကယ်တမ်းတွင် အရသာ ခြောက်ပါးလုံးနှင့်ဆိုင်သည်။ လောကီလူသားများအတွက် အ၀တ်၊အစား၊အိမ်၊ကား စသည်ကိုယ်သန်ရာ ကိုယ်နောက်လိုက်၊ ကိုယ်ကြိုက်နှစ်သက်ရာ သည်သာအကောင်းဆုံးဖြစ်သည်ဟု သတ်မှတ်ထားကြသော်လည်း မြတ်စွာဘုရားရှင်က “သစ္စံဟဝေသာ ဒုတရံ ရသာနံ” သစ္စာတရားသည်သာ အချိုမြိန်ဆုံး အရသာဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။
သစ္စာတရားသည် ကျယ်ပြန့်၏၊ အရေးပါ၏။ လူနှင့် လူ့ပတ်ဝန်းကျင်တွင် အလိုအပ်ဆုံးအရာသည် သစ္စာတရားဖြစ်သည်။ လူသားများတွင် စောင့်ထိန်းရမည့် သစ္စာတရားများရှိသည်။ ဆိုင်ရာသစ္စာကို မစောင့်ထိန်းဘဲ ချိုးဖောက်ကြလျှင်ဖြင့် ချိုးဖောက်ခံရသူတို့မှာ ခါးသီးစွာ ခံစားရတော့သည်။ လင်နှင့်မယား၊ အလုပ်ရှင်နှင့် အလုပ်သမား၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ခင်မင်ရင်းနှီးသော သူငယ်ချင်း အချင်းချင်း စစသည်ဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အချိုမြိန်ဆုံးသော အရသာကို အမြဲတမ်း ရရှိနေရန် လိုအပ်လှပေသည်။ အကြောင်းမှာ ထိုအချိုမြိန်ဆုံးသော အရသာကိုပင်လျှင် လူသားများအားလုံး ခုံမင်တပ်မက်သောကြောင့် ဖြစ်သည်။

စံချိန်သစ်တွေ ရပ်တန့်တော့မှာလား

လူသားများ၏ ရုပ်ပါဝါစွမ်းဆောင်ရည် အတိုင်းအတာ ကန့်သတ်မှုရှိသောကြောင့် ၂၀၆၀ပြည့်နောက်ပိုင်း နှစ်ကာလတွင် အားကစားလောကတွင် စံချိန်သစ်ဟူသော စကားလုံး ပျောက်ကွယ်နိုင်ကြောင်း ပညာရှင်များ၏ လေ့လာမှုများမှ သိရှိရသည်။ ယင်းကာလတွင် အကန့်အသတ်ဖြင့် ရှိနေသော လူသားစွမ်းရည်သည် အမြင့်ဆုံးသို့ရောက်နေပြီး ယင်းထက်ပိုမြန်သောစွမ်းရည် စံချိန်သစ်မှာ မရှိနိုင်တော့ကြောင်းသုံးသပ်ခဲ့သည်။ ပြင်သစ်နိုင်ငံမှ ဇီဝဆေးပညာရှင်များသည် ၁၈၉၆ခုနှစ်မှ ယနေ့အထိပေါ်ပေါက်ခဲ့သော အိုလံပစ်အားကစား စစ်တမ်းများကို လေ့လာပြီး ယင်းစစ်တမ်းကို ဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ သုတေသနများအရ အစောပိုင်း အိုလံပစ်ပြိုင်ပွဲများတွင် အားကစားသမားများသည် လူ့ဇီဝကမ္မစွမ်းဆောင်ရည်၏ ၇၅ရာခိုင်နှုန်း အသုံးချကာ ယှဉ်ပြိုင်ခဲ့ကြသည်။ ယနေ့ခေတ်တွင်မူ ၉၀ရာခိုင်နှုန်းအထိ အသုံးချကာ ယှဉ်ပြိုင်ခဲ့ကြသည်။ ပြေးခုန်ပစ်၊ စက်ဘီး၊ အလေးမ၊ ရေကူး၊ စကိတ်စီး ဟူသော အားကစား၅မျိုးကို သုတေသနလုပ်ပြီးနောက် လူသား၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ အကန့်အသတ် အတိုင်းအတာသို့ရောက်လာတော့မည်ဟု တွက်ချက်ပြခဲ့ခြင်းဖြစ်သည်။ သုတေသနကို ဦးဆောင်ခဲ့သည့် Irmes တက္ကသိုလ်မှ ယန်းဖရန် ဗစ်ထူးဆန့်က အနာဂတ် အားကစားကမ္ဘာတွင် စံချိန်ချိုးနိုင်ခြင်းက ပြိုင်ပွဲတစ်ခု အနိုင်ရခြင်းလောက် အရေးပါတော့ဖွယ် မရှိကြောင်း သုံးသပ်ခဲ့သည်။ လက်ရှိအချိန်တွင်ပင် အချို့သော ကမ္ဘာ့စံချိန်များမှာ ချိုးနိုင်ရန်ခက်ခဲနေပြီ ဖြစ်ပြီး လက်ရှိစံချိန်နှင့် ထပ်တူပြေးနိုင်ရန်ပင် ခက်ခဲလာပြီ ဖြစ်သည်။
Source: Weekly Eleven News (26.12.07)

GDP နှင့် GDH

ဂျီဒီပီ(GDP)ဆိုသည်မှာ Gross Domestic Product “စုစုပေါင်း ပြည်တွင်းထုတ်ကုန်” ပင်ဖြစ်သည်။ ရှေးယခင် ကတည်းကပင် စီးပွားရေး တိုးတက်မှုကို GDP နှင့်တိုင်းတာခဲ့ကြသည်။ ဂျီဒီပီတက်လျှင် စီးပွားရေး တိုးတက်ပြီး ဂျီဒီပီကျလျှင် စီးပွားရေးကျသည်။ သို့ရာတွင် ဂျီဒီပီသည် စီးပွားရေး တိုးတက်မှုကို ဖော်ပြနိုင်သည့်တိုင် “ဖွံ့ဖြိုးမှု”ကို မတိုင်းတာနိုင်ပေ။ တိုးတက်မှု (Growth) နှင့် ဖွံ့ဖြိုးမှု (Development) ဟူသောဝေါဟာရနှစ်ခု၏ အသုံးဝင်မှုမှာ များစွာ ကွဲပြားသည်။ စီးပွားရေးတိုးတက်ရုံမျှဖြင့် ဖွံ့ဖြိုးမှုကို မရနိုင်ပေ။ ဖွံ့ဖြိုးတွင် တိုးတက်မှုသည် ရေရှည်သဘောဆောင်ရမည်၊ (Substainable) ၊ မျှတရမည်၊( Justic) ဟုယနေ့ဘောဂဗေဒ ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။
ဂျီဒီပီသည် စီးပွားရေးစာမျက်နှာ တစ်မျိုးတည်းကိုသာ ဖော်ပြနိုင်သည့်အ တွက် UNDPအဖွဲ့ကြီးက HDI ဆိုသည့် “လူ့ဖွံ့ဖြိုးမှု ညွှန်ကိန်း”ကို ထပ်မံအားဖြည့် တီထွင်လိုက်ခြင်းဖြစ်သည်။ ထိုညွှန်ကိန်းတွင် လူ့သက်တမ်း၊ ပညာရေးအဆင့် နှင့်ဝယ်လိုအား တို့အပေါ်တွင် အခြေခံထားသည်။ သို့သော်လည်း HDIသည် ဖွံ့ဖြိုးမှု တိုင်းတာချက်တစ်ခုလုံးကို ကိုယ်စားပြုနိုင်သည် မဟုတ်ပေ။
ယနေ့ကမ္ဘာ့ရွာဖြစ်တည်မှု၊ နည်းပညာတိုးတက်မှု ဂယက်များကြောင့် အသုံးဝင်မှု ဂျီဒီပီကို စိတ်ဝင်စားလာကြသည်။ ယနေ့ခေတ်တွင် Utility ၏ ပြဌာန်းချက်သည် အသုံးဝင်မှုတွင်ပင် ရပ်တန့်မနေဘဲ “စိတ်ချမ်းသာ ပျော်ရွင်မှု” အထိ ဦးတည်လာသည်။ ခက်နေသည်မှာ ဂျီဒီပီနှင့် ပျော်ရွင်မှုကို မတိုင်းတာ နိုင်သည်ဖြစ်ရာ နောက်ထပ် တိုင်းတာနည်းသစ်ကို ရှာဖွေလာကြသည်။ ထိုနည်းသစ်မှာ ဂျီဒီအိတ်ခ်ျ (GDH- Gross Domestic Happiness) စုစုပေါင်း ပြည်တွင်းပျော်ရွှင်မှု တန်ဖိုးပင်ဖြစ်သည်။ GDH တွက်ရာတွင် တိုင်းပြည်လူဦးရေ ရှိ ပျော်ရွှင်သူ ရာခိုင်နှုန်းဖြင့် အကဲဖြတ်သည်။ ပျော်ရွင်မှုနှင့် ၀င်ငွေသည် တိုက်ရိုက် ဆက်စပ်မှု ရှိသေည်လည်း အတိုင်းအတား တစ်ခုအထိသာဖြစ်သည်။ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၀၀၀၀ အထိဟု သတ်မှတ် ထားကြသည်။
ယနေ့ခေတ်တွင် အလွန်အမင်း များပြားလာသော လူဦးရေ ဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုလုပ်ငန်းများတိုး တက်လာမှုကြောင့် သဘာဝ ပတ်ဝန်းကျင်ယိုယွင်းမှုနှင့် သယံဇာတကျိန်စာသင့်မှု များဖြစ်ပွား လာသည်။ ထို့ကြောင့် ရှေးကအသုံးပြုခဲ့သော အစဉ်အလာ ဂျီဒီပီကို ပိုမိုတိကျမှု ရှိစေရန်၊ ပိုမိုစစ်မှန်မှု ရှိလာစေရန် ဖြည့်ဆည်းလာကြသည်။ ထိုဖြည့်ဆည်းမှုသည် အစိမ်းရောင် NNP (Green Net National Product) ပင်ဖြစ်သည်။ NNP ကို အစိမ်းရောင် အသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး ဟု မြန်မာမှုပြုထားသည်။ ယခင်က GDP၏ အမှန်တန်ဖိုးကို သိရှိရန် ငွေကြေးဖောင်းပွမှု (Inflation )နှင့် ညှိယူသည်။
ယနေ့အချိန်တွင် သယံဇာတ လျော့နည်းလာမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့ကိုပါ နှုတ်ရန်လိုအပ်လာသည်။ ထိုလျော့နည်းမှုနှင့် ယိုယွင်းမှုကို ပြန်လည် ဖြည့်ဆည်းရသော စရိတ်သည် ၀င်ငွေနှင့်တူညီနေလျှင် (သို့) ပိုနေလျှင်အဆိုပါတိုင်းပြည်အနေဖြင့် GDP တူညီနေသည့်တိုင် NNPကျနေသည်။ ရေရှည်ဖွံ့ဖြိုးရေး (Substainable Development) အတွက် အပေါင်းလက္ခဏာ ကို မဆောင်ဘဲ အနှုတ်ပြနေပြီဖြစ်သည်။ ထိုအခြင်းအရာများသည် GDP နှင့်GDH တို့ကြား ကွဲပြားချက်များပင် ဖြစ်သည်။ ကျွန်တော့် အတွေးအမြင်သစ်ကိုပါ ထည့်သွင်းတင်ပြရလျှင် ယနေ့နိုင်ငံအများစု ရင်ဆိုင်နေရသော ဆင်းရဲမွဲတေမှုကို ကျော်လွှားနိုင်ရန် GDH သည် GDP နှင့်စာလျှင် သာလွန်ထိရောက်မှု ရှိမည်ဖြစ်သည်။
ကောက်နှုတ်ချက်။ ။ ရန်ကုန်တိုင်းမ် (၂၀.၁၂.၀၇)

Monday, December 17, 2007

နှလုံးသား အာဟာရ ဖြည့်စွက်စာများ

A DAY OF WORRY TAKES MORE ENERGY THAN A WEEK OF WORK.
တစ်နေ့တာမျှ စိတ်ပူပန်ခြင်းသည် တစ်ပတ် အလုပ်လုပ်ရတာထက် ပိုပင်ပန်းသည်။

IF YOU ARE STANDING UPRIGHT, DON'T WORRY, IF YOUR SHADOW IS CROOKED.
သင်မတ်မတ်ရပ်နေလျှင် သင့်အရိပ် ကွေ့ကောက်မည်ကို မစိုးရိမ်ပါနှင့်။

YOUTH COMES BUT ONCE IN A LIFETIME.
လူငယ်ဘ၀ကို တစ်သက်တာတွင် တစ်ကြိမ်သာ ရရှိနိုင်သည်။

EVERYONE THINKS HIS SACK THE HAVIEST.
လူတိုင်းသည် သူသယ်ပိုးရသော ၀န်ထုပ်သည်သာလျှင် အလေးဆုံးဟု ထင်မှတ်နေကြသည်။

THE SCERET OF SUCCESS IS CONSTANCY OF PURPOSE.
အောင်မြင်မှုရဲ့လျို့ဝှက်ချက်ဟာ ရည်ရွယ်ချက်ကို မလွဲမသွေ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခြင်းဖြစ်သည်။

DOST THOU LOVE LIFE!
THEN DO NOT SQUANDER TIME, FOR
THAT'S THE STUFF LIFE MADE OF.
မိမိဘ၀ကို ချစ်မြတ်နိုးပါရဲ့လား။
အချိန်ကို အကျိုးမဲ့ မဖြုန်းတီးပါနဲ့။
ဘ၀ဆိုတာ အချိန်နဲ့ တည်ဆောက်ထားတဲ့ အရာပါ။
(ဘင်ဂျမင် ဖရန့်ကလင်း)

SUCCESS IS NOT SOMETHING TO WAIT FOR; IT IS SOMETHING TO WORK FOR.
အောင်မြင်မှုဆိုတာ စောင့်ဆိုင်းရသော အရာမဟုတ်။ ဆောာင်ရွက်ရမည့် အရာဖြစ်သည်။

သင်ဘယ်ကို ဦးတည်ပြီး သွားနေတယ် ဆိုတာက သင်ဘယ်လောက်မြန်မြန်သွားနေတယ်ဆိုတာထက် ပိုအရေးကြီးပါတယ်။

ဘာအခက်အခဲမျှ မရှိလျှင် သင့်မှာအောင်မြင်မှု အခွင့်အလမ်း ဘာမှမရှိဘူး။

Sunday, December 16, 2007

ိိိMulti Level Marketing အကြောင်း သိကောင်းစရာ

Multi Level Marketing (သို့) Network Marketing (သို့) Pyramid Selling ပိရမစ်ပုံစံ ရောင်းချပုံဆိုတာ ကုန်ပစ္စည်းကို ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ချိရောင်းချတဲ့ စနစ်ပါ။ ပုံမှန်ဆိုရင် ထုတ်လုပ်သူဟာ နောက်ဆုံးစားသုံးသူထံ ကြားခံ (အရောင်းကိုယ်စားလှယ်၊ လက်ကားဆိုင်၊ လက်လီဆိုင်) စသည်ဖြင့် အဆင့်ဆင့် ကျော်ဖြတ်ပြီးမှ ရောင်းချရပါတယ်။ MLM နည်းစနစ်မှာ အဆင့်ဆင့် ဖြန့်ချိတာမျိုး မဟုတ်ဘဲ စားသုံးသူ (end user) ထံတိုက်ရိုက်ဖြန်ချိရောင်းချတဲ့ စနစ်ပါ။ စားသုံးသူတွေက ဖြန့်ဖြူးသူတွေအဖြစ် ဆောင်ရွက်နိုင်ပြီး အခြားစားသုံးသူတွေထံ ထပ်မံရောင်းချနိုင်ပါတယ်။ ကိုယ်ရောင်းချနိုင်တဲ့ ပမာဏ ပေါ်မူတည်ပြီး ကော်မရှင်ခံစားနိုင်ပါတယ်။ ထိုဖြန့်ဖြူးသူတွေ မှတဆင့် တခြား စိတ်ဝင်စားတဲ့သူတွေကလည်း ဖြန့်ချိသူတွေအဖြစ်နဲ့ ပါဝင်လာနိုင်ပါတယ်။ ဒီလို ဖိတ်ခေါ်နိုင်သူတွေဟာ ငွေကြေးပြန်လည်ခံစားနိုင်တဲ့အပြင် ဖိတ်ခေါ်ခံရတဲ့သူတွေက ရောင်းနိုင်တဲ့ပမာဏပေါ် မူတည်ပြီး ကော်မရှင် ခံစားခွင့်ရနိုင်ပါတယ်။ ဖိတ်ခေါ် ခံရတဲ့သူတွေက နောက်ထပ် စိတ်ဝင်စားတဲ့သူတွေကို ထပ်မံ ဖိတ်ခေါ်နိုင်တာကြောင့် ပိရမစ်ပုံ တြိဂံအသွင်ဆောင်လာပါတယ်။
MLM ရဲ့ရည်ရွယ်ချက်
MLM ရဲ့ရည်ရွယ်ချက်က ကုန်ပစ္စည်းကို စားသုံးသူတွေကြား အဆင့်ဆင့်သိအောင် လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် အဓိကရည်ရွယ်ချက်ကတော့ အသင်းဝင်တွေစုဆောင်းပြီး အကျိုးအမြတ်ရဖို့ အတွက်သာဖြစ်ပါတယ်။ MLM နဲ့ဆက်သွယ်သူတွေဟာ ငွေကြေးပမာဏ များစွာပြန်လည်ခံစားနိုင်တာကြောင့် အခုနောက်ပိုင်းမှာ ပိုပြီးခေတ်စားလာနိုင်ပါတယ်။ လူတွေရဲ့ယုံကြည်မှုနဲ့ ငွေနောက်လိုက်တဲ့ အတောမသတ်နိုင်တဲ့ လောဘများကြောင့် အသင်းဝင်တွေရဲ့ ငွေကြေးကို MLM အမည်ခံပြီး လိမ်လည်နေတာကို တွေ့ရပါတယ်။
MLM ပုံစံမှန်
ပိရမစ်ပုံ အဆင့်ဆင့်ရောင်တဲ့စနစ်မှာ အသင်းဝင်ချင်တဲ့ ပထမဆုံးသူက အသင်းဝင်ကြေး ပေးသွင်းရပါတယ်။ ထိုသူတွေက နောက်ထပ်အသင်းဝင်တွေ ထပ်မံစုဆောင်းပေးနိုင်ပါက ဆုကြေးငွေရရှိနိုင်ပါတယ်။ အသင်းဝင်တွေကလည်း နောက်ထပ်အသင်းဝင်သစ်တွေ ထပ်မံတိုးပွားလာအောင် ဆောင်ရွက်ရပါတယ်။ ဒါကြောင့် ပိရမစ်ပုံစံ အရောင်းစနစ်မျိုးတွေ ဖြစ်လာရပါတယ်။ အသင်းဝင်သူတွေဟာ အမြတ်အစွန်းတွေနဲ့ အသင်းဝင်ကြေးတွေ ပြန်လည်ရရှိဖို့ မျှော်လင့်ကြပါတယ်။
အသင်းဝင်ဖိတ်ခေါ်တဲ့ ပုံစံ အမျိုးမျိုးရှိပါတယ်။ company မတူတဲ့အလျှောက် အသင်းဝင်ဖိတ်ခေါ်တဲ့ပုံစံ ကွာခြားပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံးကျင့်သုံးတာက ၁+၂+၂ ပုံစံဖြစ်ပြီး သုံးလအတွင်းအသင်းဝင် ၅ဦး ဖိတ်ခေါ်နိုင်ရပါတယ်။ ပထမလအတွင်းမှာ အသင်းဝင်သစ် ၁ဦး၊ နောက်နှစ်လမှာ ၂ယောက်စီ ဖိတ်ခေါ်နိုင်ရပါတယ်။
အသင်းဝင်သူများ၏ အကျိုးခံစားခွင့်
ပထမဆုံး အသင်းဝင်သူကို company က အကျိုးခံစားခွင့် (သို့) ကော်မရှင် ပေးပါတယ်။ ပထမအသင်းဝင်က နောက်ထပ် အသင်းဝင်သစ် ထပ်ရရင် ထိုသူက ကော်မရှင်ခံစားခွင့် ရနိုင်ပြီး company က ပထမအသင်းဝင်ကို အကျိုးခံစားခွင့်တွေ ဆက်ပေးနေပါတယ်။ ဒုတိယအသင်းဝင်က နောက်ထပ် အသင်းဝင်သစ်တွေ ဖိတ်ခေါ်နိုင်ရင် အဲဒီ အတွက် အကျိုးခံစားခွင့်ရနိုင်ပါတယ်။ အသင်းဝင်တွေများလေ ပထမအသင်းဝင်က အကျိုးခံစားရလေပါ။ ပထမဆုံးအသင်းဝင်က အသင်းဝင်သစ် ၅ဦးရပြီးရင် နောက်ထပ် အသင်းဝင်သစ် ရှာစရာမလိုဘဲ အကျိုးခံစားခွင့်တွေရနေမှာပါ။ ဒါပေမဲ့ ဒုတိယအသင်းဝင်ကစပြီး နောက်ထပ် အသင်းဝင်တွေဟာ အသင်းဝင်သစ်တွေ ဆက်လက်ရှာနေရဦးမှာပါ။ ထိုသူတို့ အသင်းဝင်သစ်တွေရှာနိုင်လေ ပထမဆုံး အသင်းဝင်က အကျိုးခံစားခွင့်ရလေပါ။ အသင်းဝင်သစ် ထပ်ရှာလို့ မရတော့တဲ့ အချိန်ရောက်ရင် ပိရမစ်ပုံစံက မခိုင်မြဲတော့ဘဲ ပြိုလဲသွားနိုင်ပါတယ်။ တြိဂံရဲ့ အောက်ခြေက အသင်းဝင်သစ်တွေက အသင်းဝင်ကြေးတွေ ဆုံးရှုံးသွားနိုင်ပါတယ်။
MLM ရဲ့ ကုန်ပစ္စည်းများ
MLM စနစ်မှာ ရာင်းချတဲ့ ကုန်ပစ္စည်းတွေက ရှားပါးဆေးပစ္စည်း၊ ဆောဖ့်ဝဲလ် နဲ့စီမံကိန်းများ ဖြစ်ပါတယ်။ ကုန်ပစ္စည်းရောင်းသူတွေက ပစ္စည်းရဲ့ ရောင်းလိုအား၊ အနာဂတ်တွင် ပိုမိုအကျိုးဖြစ်ထွန်းမယ့် အသွင် ဆောင်ကြောင်း ၊ အရည်အသွေး မည်မျှကောင်းကြောင်း စသည်ဖြင့် မက်လုံးတွေ ပေးကြပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့ဈေးကွက်ထဲမှာ ပြောသလောက် မဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် MLM နည်းစနစ်နဲ့ စီးပွားရေးလုပ်မယ်ဆိုရင် ဈေးကွက်ထဲမှာ တကယ်ရောင်းချတဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာသာ ယုံကြည်သင့်ပါတယ်။
မှန်ကန်စွာရွေးချယ်နိုင်ပါစေ
MLMနည်းစနစ်ကို အသုံးပြုတဲ့ စီးပွားရေးတိုင်းကို လိမ်လည်လှည့်ဖြားတဲ့ စနစ်လို့ ပုံသေပြောလို့မရပါဘူး။ လောဘကြောင့် အမှားများစွာ ကျူးလွန်ပြီး အဆင့်ဆင့် လိမ်လည်သောစနစ်နဲ့ မရောထွေးမိစေဖို့ လိုပါတယ်။
စစ်မှန်တဲ့ MLMတွေမှာ အရောင်းကိုယ်စားလှယ်တွေအပေါ် ငွေကြေးဆိုင်ရာ အန္တရာယ်ကျရောက်ခြင်းက ကာကွယ်ပေးရပါတယ်။ ကုန်ပစ္စည်းရဲ့ အရည်အသွေးကို အာရုံစိုက်ပြီး အရောင်းကိုယ်စားလှာ်တွေ ကော်မရှင်ခံစားခွင့်ဟာ ကုန်ပစ္စည်းကို ရောင်းချနိုင်တဲ့ ပမာဏအပေါ် မူတည်နေပါတယ်။
စစ်မှန်တဲ့ MLMနဲ့ မစစ်မှန်တဲ့ MLM ကိုခွဲခြားနိုင်ဖို့ လိုပါတယ်။ ကုန်ပစ္စည်းအပေါ် အာရုံစိုက်တဲ့ company တွေကပင် အသင်းဝင်သစ်တွေကို စုဆောင်းတဲ့ အခါမှာ အသင်းဝင်ချင်လာအောင် ချဲ့ကားပြောလေ့ ရှိပါတယ်။ ဒီလို ချဲ့ကားပြီး အသင်းသင်သစ် စုဆောင်းသူတွေကို ပြစ်ဒဏ်စီရင်ခွင့်ရှိပါတယ်။ ပြစ်ဒဏ်အဖြစ် ငွေကြေး (သို့) ထောင်ဒဏ်အထိပင် ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
လောဘကို သတ်နိုင်ကြပါစေ
ယနေ့ငွေလိမ်ခံရသူများ အများစုဟာ မိမိတို့လောဘကို မသတ်နိုင်ကြသောကြောင့် ဖြစ်ပါတယ်။ စီးပွားရေးမှာ ဖြတ်လမ်းလည်း မရှိပါ။ ငွေကြေးနဲ့ပတ်သက်ပြီး မရောင့်ရဲနိုင်ကြရင်၊ မိမိစိတ်ကို အလိုလိုက်မိရင် အမြတ်ထုတ်ခံရခြင်း (လိမ်လည်ခံရခြင်း) များကြုံတွေ့ရနိုင်ပါတယ်။ MLM မှာ အသင်းဝင်ရမယ့် ရင်းနှီးငွေကို ကုန်ပစ္စည်းပေါ် မူတည်ပြီး သတ်မှတ်လေ့ ရှိပါတယ်။ ဒါပေမယ့် အသင်းဝင်ဖြစ်ဖို့ ငွေကြေး အမြောက်အမြား ရင်းနှီးထည့်ဝင်သင့်သလား ဆိုတာ စဉ်းစားသင့်ပါတယ်။ တရားဝင် MLM တွေက အသင်းဝင်ကြေး မြောက်မြားစွာ ကောက်ခံလေ့ မရှိဘူးလို့ ဆိုကြပါတယ်။ ကုန်ပစ္စည်း ၀ယ်ယူဖို့ ငွေကြေးထည့်ဝင်ရမယ် ဆိုရင် အဲဒီ ပစ္စည်းမရောင်းရပါက company အနေဖြင့် ပြန်လည်ဝယ်ယူမယ့် ပေါ်လစီ ရှိ၊ မရှိ သုံးသပ်သင့်ပါတယ်။ တရားဝင် MLM တွေက ကုန်ပစ္စည်း မရောင်းရရင် ပစ္စည်း ၈၀ ရာခိုင်နှုန်းကို ပြန်လည်ဝယ်ယူလေ့ ရှိပါတယ်။
မိမိနဲ့ ဆက်သွယ် လုပ်ကိုင်မယ့် MLM company က ကုန်ပစ္စည်းကို အမှန်တကယ် ရောင်းချဖို့ထက် အသင်းဝင်စုဆောင်းတာကို ဦးစားပေးတာလား၊ ကော်မရှင်ပေးတဲ့ စနစ်က ကုန်ပစ္စည်းရောင်းချနိုင်ဖို့ထက် အသင်းဝင်သစ် ရှာဖွေပေးနိုင်လို့ ပေးတာလား ဆိုတာ သေချာစွာ လေ့လာသုံးသပ်ဖို့လိုပါတယ်။ ဒါကြောင့် မိမိလုပ်ကိုင်တဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ဆင်ခြင်ဥာဏ်သတိနဲ့ ကောင်းစွာ ရှုမြင်သုံးသပ်နိုင်ဖို့ အရေးကြီးပါတယ်။
ကိုးကား။ ။၃၀.၁၁.၂၀၀၇ ခုနှစ်ထုတ် ကုမုဒြာဂျာနယ်
www.en.wikipedia.org



Wednesday, December 12, 2007

ရယ်ခြင်းတစ်ချက် ဆေးတစ်ခွက် နုပျိုသက်ရှည်ဖိုံ့ ဟားဟားကုထုံး လေ့ကျင့်စို့

ယနေ့ခောတ်တွင် လူသားများသည် စိန်ခေါ်မှုများနှင့် အခက်အခဲများကြားတွင် နေကြရသည်ဖြစ်ရာ လူပင်ပန်းရုံမျှမက စိတ်ပင်ပန်းခြင်းနှင့်လည်း ရင်ဆိုင်ကရသည်။ စိတ်ဖိစီးမှုကြောင့် လူတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေရုံမျှမက စိတ်ပိုင်းဆိုင်ရာတွင်လည်း ထိခိုက်မှုများဖြစ်ပေါ်စေသည်။ သို့ဖြစ်ရာ သုတေသနပြုချက်မျာ အရ ရယ်မောလိုက်ခြင်းသည် လူသားတို့၏ Immune System ကိုပိုမိုကောင်းမွန်စေသည်။ ရယ်မောလိုက်လျှင် သွေးကြောနံရံများအတွင်း Fluidity ပိုမိုကောင်းမွန်စေသောကြောင့် သွေးသွားလာမှုကို ပိုမိုမှန်ကန်စေပြီး သွေးကြောအတွင်း အောက်ဆီဂျင်ပိုမို ပို့လွှတ်ရောက်ရှိစေနိုင်သည်။ ရယ်မောလိုက်ခြင်းဖြင့် စိတ်အတွင်း ခက်ထန်ရန်လိုနေမှုကို ပြေလျှော့သွားစေနိုင်သည်။ အကြောအခြင်လျှော့ပါး သက်သာစေနိုင်သည်။ ရယ်မောလိုက်လျှင် ဦးနှောက်အတွင်း သဘာဝ နာကျင်မှုဖျောက် Endorphin ဓာတုပစ္စည်းများ ထုတ်လွှတ်ပေးသည်။ အသက်ပိုရှူရာရောက်ပြီး အောက်ဆီဂျင်ပိုမိုရှူနိုင်သည်။ အဆုတ်ကို သန့်စေသည်။ သွေးကြောရှင်းလင်းသည်။ အသက်ရှူကောင်းစေသည်။ နှလုံးအားကောင်းစေသည်။ အစာကြေလွယ်သည်ဟု သိရသည်။
အခြားနိုင်ငံများတွင် Laughter Theraphy ခေါ် ဟားဟားကုထုံးသင်တန်းများ ဖွင့်လှစ်ထားရှိနေပြီ ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သော သင်တန်းများ ဖွင့်လှစ်ထားခြင်း မရှိသေးသော်လည်း ရယ်ရွှင်စရာ ဟာဒယရွှင်ဆေးအဖြစ် အငြိမ့်ခွေများအပြင် အခြားသော မိမိနှစ်သက်ရာ နည်းလမ်းများဖြင့် ဟားဟားကုထုံး လေ့ကျင့်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကျွန်တော်နှစ်သက်သော အဆိုအမိန့်များ

ပါရမီရှင်ဆိုတာ အတွေးက နှစ်ရာခိုင်နှုန်း၊ ချွေးကနှစ်ရာခိုင်နှုန်း (သောမတ်စ် အက်ဒီဆင်)
ဒေါသဟူသည် မိုက်မဲခြင်းနှင့်စပြီး နောင်တနှင့် ဆုံးရစမြဲတည်း။ (ဂရိ- ဒသနဆရာ- ပိုက်သဂိုးရပ်စ်)
ကိုယ်မလုပ်သင့်သည်ကို လုပ်မိလျှင်၊ ကိုယ်မကြိုက်တာကို ခံယူရလိမ့်မည်။ ( အမေရိကန်ခေါငးဆောင် ဘင်ဂျမင် ဖရင်ကလင်း)
ပထမသော် အလေ့အထကို ကိုယ်က ဖန်တီး၏၊ နောင်သော် အလေ့အထက ကိုယ့်ကို ဖန်တီး၏။ (အဂ်လိပ်ကဗျာဆရာ- ဂျွန်ဒရိုင်းဒင်း)
မိဘတို့ကားအသက်ကို ပေး၏။ ဆရာတို့ကား ထို အသက်ကို စောင့်ရှောက်အပ်သော ပညာကိုပေး၏။ (ဂရိပညာရှင်-အရစ္စတိုတယ်)
အကိုင်းအခက်တို့အား
အပွင့်အသီးဖြင့် ဝေစည်အောင်
ဖန်တီးရခြင်းအတွက်
မြေကြီးအောက်မှ အမြစ်များသည်
မည်သည့်ဆုလာဘ်ကိုမျှ
မတောင်းပါ။
(ရာဘင်ဒြာ နာသ်တဂိုး)
သူငယ်ချင်းဟူသည် ကိုယ်က ကိုယ့်ကို ပြန်ပေးသော လက်ဆောင်ပင်ဖြစ်သည်။ (ရောဘတ်လူးဝစ် စတီဗင်ဆင်)

Thursday, December 6, 2007

အသံနဲ့အမှားနှောမှာလား။ ဥာဏ်နဲ့စကားပြောမှာလား၊

ဘာစကားပဲဖြစ်ဖြစ်
လိုအပ်မှ ပြောတာပဲ ကောင်းပါတယ်။
လောလောဆယ် ပြောဖို့ မလိုသေးရင်
တစ်စက္ကန့်လေးပဲ ဖြစ်ဖြစ်၊ တစ်မိနစ်လေးပဲ ဖြစ်ဖြစ်
အချိန်ဆိုင်းထားလိုက်ပါ။
နောက်တစ်နာရီကြာမှ ပြောသင့်တဲ့စကား
နောက်တစ်နာရီမှာ ပြောပါ။
သတိရတုန်းဆိုပြီး ချက်ချင်းမပြောလိုက်နဲ့။
နောက်တစ်ရက်မှ ပြောသင့်တဲ့စကား
နောက်တစ်ရက်မှ ပြောပါ။
မေ့သွားမှာစိုးလို့ဆိုပြီး ဒီနေ့မပြောလိုက်ပါနဲ့။
ကိုယ့်အတွက်လည်းဘာမျှ အကျိုးမရှိ
သူ့အတွက်လည်း ထိခိုက်စေမယ့်စကားမျိုးဆိုရင်
မှန်နေတောင်မှ လုံးဝမပြောပါနဲ့။
လုပ်ကြံပြီးပြောဖို့ စိတ်ကူးထဲတောင် မထည့်ပါနဲ့။
ဆရာတော် ရှင်ဆန္ဒာဓိက

ဆရာတော်၏ဆုံးမစကားများသည် လွန်စွာလေးနက်ပြီး ထိရောက်မှုရှိသည်။ ယနေ့ခောတ်တွင် လူသားများသည် ရှင်သန်ရပ်တည်ရန်ခက်ခဲလာသည်နှင့်အမျှ မိမိကိုယ်ကျိုးအတွက် မည်သည့်အရာကိုမဆို အသုံးပြုရန် ၀န်မလေးတော့ပေ။ ထိုအခြေအနေများတွင် ပြောသင့်မပြောသင့် မစဉ်းစားတော့ပဲ ပြောကြသည်။ ထိုသို့ပြောကြရာမှ အချင်းချင်း ခင်မင်မှု၊ ရင်းနှီးမှု၊ယုံကြည်မှုများပျောက်ဆုံးကာ မိတ်ပျက်ကြရသည်။ ကျွန်တော်သည်လည်း ပုထုဇဉ်လူသားဖြစ်ပေရာ တစ်ခါတစ်ရံတွင် ပြောသင့်မပြောသင့်မစဉ်းစားဘဲပြောမိသည်လည်းရှိသည်။ သို့ဖြစ်ရာ လူသားတိုင်း ဥာဏ်နှင့်စကားပြောနိုင်သူများ ဖြစ်နိုင်ပါစေ ဆန္ဒပြုလိုက်ပ်သည်။

Sunday, December 2, 2007

သူငယ်ချင်းကောင်း(သို့) စကားပြောတတ်သောကြည့်မှန်

ဘ၀အမောတွေဖြေနိုင်ဖို့၊ မိမ်ကိုအမှန်အတိုင်းဝေဖန်ပေးနိုင်ဖို့ ၊ အားငယ်နေချိန်မှာ အားပေးနိုင်တဲ့ လက်တစ်စုံ ရနိုင်ဖို့ လူတိုင်းလူတိုင်းမှာ သူငယ်ချင်းကောင်းများရှိရန်လိုအပ်ပါတယ်။ မှန်ကြည့်တဲ့တခဏတာ အချိန်အတွင်းမှာ ကိုယ့်ရဲ့ပုံရိပ်က ကိုယ့်ကိုစကားမပြောနိုင်ပေမဲ့ သူငယ်ချင်းကောင်းကတော့ စကားပြောနိုင်တဲ့ မှန်လေးအဖြစ်တည်ရှိနေမှာပါ။ စကားပြောနိုင်တဲ့ မှန်လေးတွေ များများရှိနေဖို့ ကိုယ့်ဘေးနားမှာရှိနေတဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားရမယ့်အပြင် သူငယ်ချင်းအသစ်တွေများစွာနဲ့ ကိုယ့်ရဲ့ social network ကိုလည်းချဲ့ဖို့လိုပါတယ်။ ကိုယ့်ရဲ့ network ကိုချဲ့ချင်တယ်ဆိုရင် ပွင့်လင်းစွာဆက်ဆံပြီး ရင်းနှီးဖော်ရွေစွာ ခင်မင်ပါ။ သူငယ်ချင်းဆိုတာကို ဒီလို တင်စားမယ်။
Yesterday marked the beginning
Tomorrow marks the end
Somewhere in the middle
We became the best of friends
If you ever need a shoulder,
I'll be here till the end
Friendship if forever
The best way to keep your
Friends is not to give them away
What is onemind in two bodies
WHAT IS A FRIEND.