Powered By Blogger

Thursday, December 31, 2009

နှစ်သစ်ဆုတောင်းလေးတစ်ခုကို ကြွားချင်လို့ပါ - - - -

နှစ်သစ်မှာ သူငယ်ချင်းများအားလုံးပျော်ရွှင်ကြပါစေ။

နှစ်ဟောင်းက ပျော်ရွှင်ခြင်းတွေက နှစ်သစ်မှာ မင်းအတွက် ချိုမြိန်မှုတွေ ပေးနိုင်ပါစေ။

နှစ်ဟောင်းက ကြိုးစားမှုတွေက နှစ်သစ်မှာ မင်းအတွက် အားအင်တွေ ဖြစ်နိုင်ပါစေ။

နှစ်ဟောင်းက ၀မ်းနည်းမှုတွေက နှစ်သစ်မှာ မင်းအတွက် လူသားချင်စာနာမှုကို ပေးနိုင်ပါစေ။

နှစ်ဟောင်းက မျှော်လင့်ချက်တွေက နှစ်သစ်မှာ မင်းအတွက် ပျော်ရွှင်မှုတွေ ဖြစ်ပါစေ။

နှစ်ဟောင်းက ကျဆုံးမှုတွေက နှစ်သစ်မှာ မင်းကို နှိမ့်ချတတ်သူတစ်ယောက်အဖြစ် ခံယူတတ်ပါစေ။

နှစ်ဟောင်းက အောင်မြင်မှုတွေက နှစ်သစ်မှာ မင်းအတွက် စိတ်အားတက်ကြွမှုတွေ ဖြစ်ပါစေ။

နှစ်ဟောင်းက သူငယ်ချင်းများက နှစ်သစ်မှာ မင်းအတွက် နှစ်သိမ့်မှု၊ စိတ်ချမ်းသာမှုတွေကို ပေးနိုင်ပါစေ။

နှစ်ဟောင်းက ချမ်းသာကြွယ်ဝမှုတွေက နှစ်သစ်မှာ မင်းရဲ့လိုအပ်ချက်များကို တွေ့မြင်နိုင်ပါစေ။

နှစ်ဟောင်းက စိတ်အားထက်သန်မှုများက နှစ်သစ်မှာ မင်းမျှော်လင့်နေတဲ့မနက်ဖြန်ကို ပိုင်ဆိုင်နိုင်ပါစေ။

နှစ်ဟောင်းက ဆုံးဖြတ်ချက်သည် နှစ်သစ်မှာ မနက်ဖြန်ထက်ပိုကောင်းတဲ့နေ့တစ်နေ့ကို ပြုလုပ်နိုင်ပါစေ။

ကြွားချင်လို့ တင်လိုက်တာလည်းပါတယ်။ သူ့ရဲ့ စိတ်ကူးလေး လှတာကိုလည်း ဖော်ပြချင်တယ်။ သူဆိုတာက ဇင်မင်းဆွေတဲ့။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပါ။ နှစ်သစ်ဆုတောင်းတွေကို လက်ခံရခဲ့တဲ့အထဲမှာ သူ့စိတ်ကူးလေး ထူးဆန်းနေတာလေးကို သဘောကျသွားလို့ တင်ပြရခြင်းလည်း ဖြစ်ပါတယ်။ နှစ်သစ်ဆုတောင်းအများစုဟာ နှစ်သစ်ရဲ့ ပျော်ရွှင်မှု၊ နှစ်သစ်ကိုပဲ အားပြုလို့ ရေးဖွဲ့ ဆုတောင်းကြပါတယ်။ သူ့ရဲ့စိတ်ကူးလေးက နှစ်ဟောင်းက အားနဲ့ နှစ်သစ်မှာ လောင်းနိုင်စေဖို့ နှစ်ဟောင်းနဲ့ နှစ်သစ်ကို ယှဉ်တွဲလို့ ရေးဖွဲ့ ဆုတောင်းထားတာပါ။

Ten Tips for 2010!


7. Save for Rainy Day.



8 . Rest and Relax






10.. Realize that nothing is impossible.

နှစ်သစ်မင်္ဂလာမှာ ၂၀၁၀အတွက် ကောင်းမွန်ပြည့်စုံသော၊ ပျော်ရွှင်အောင်မြင်သော၊ ကျန်းမာ ချမ်းသာပြီး ဆန္ဒနဲ့ ဘ၀ တထပ်တည်း ကျနိုင်ပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ်။




Monday, December 28, 2009

2009 Diary

၂၀၀၉ကို နှုတ်ဆက်လို့ ၂၀၁၀ ကို ကြိုဆိုတော့မယ့်အချိန်မှာ ၂၀၀၉ရဲ့ မှတ်တမ်းလေးတစ်ခုကို ဘလော့ စာမျက်နှာလေး ပေါ်မှာ ဖန်တီး ဖြစ်ခဲ့ပါတယ်။ ဒီလို diary ရေးဖို့ကို ကိုဇီးရိုးရဲ့ ဘလော့ကို သွားလည်ပြီးတော့ စိတ်ကူးလေးရခဲ့တာပါ။ လူတိုင်းအတွက် နှစ်တစ်နှစ်စီရဲ့ ကုန်ဆုံးမှုတွေမှာ ဘာတွေ လုပ်ဖြစ်လို့ ဘာတွေ မလုပ်ဖြစ်သေးတာလဲ။ ဘာလေးတွေ လုပ်ချင်နေသေးတာလဲ စသည်ဖြင့် မိမိရဲ့ ကုန်ဆုံးသွားတဲ့ အချိန်လေး တွေကို ပြန်လည် ဆန်းစစ်ထားတာ ဆိုရင်လည်း မမှားပါဘူး။ လူတိုင်းရေးသင့်တဲ့ ပိုစ့်တစ်ခုဖြစ်တယ် လို့လည်း ခံစားမိပါတယ်။ (အောက်မှာ ခပ်များများလေး tag လိုက်ပါဦး မယ်။ ရေးလရော့ --- တထောကြီး)

စတင်ပါပြီ ၂၀၀၉ ဒိုင်ယာရီ ----

ဇန်န၀ါရီ - ၂၀၀၉ ရဲ့ ပထမဆုံးလမှာ မှတ်မှတ်ရရ အလုပ်တွေ များနေရပါတယ်။ ဘာတွေ လုပ်နေရလဲဆိုတော့ Capacity Building သင်တန်းတစ်ခုအတွက် လုပ်ကိုင်နေရင်း သင်ခန်းစာတွေကိုလည်း ကောင်းမွန်အောင် ပြင်ဆင်နေရင်းဆိုတော့ အလုပ်များပါတယ်။ ဒီသင်တန်းလေးကို ၂၀၀၈ ဇွန်လမှာ စတင်ဖြစ်ပြီး သက်တမ်း ခြောက်လလောက်ကြာတဲ့အခါမှာ အတော်လေးလည်း အရှိန်ရလာတော့ တစ်ပတ်ရက်တို သင်တန်းလေးကနေ နှစ်လသင်တန်းအဖြစ် ပြုလုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ပြီးတော့ လာမယ့် ဇွန်လမှာ ဗီယက်နမ်မှာ သွားဖတ် ရမယ့် ဆင်းရဲမွဲတေမှု လျော့ချရေးနှင့် လူမှုဖူလုံရေး စာတမ်းခေါင်းစဉ်နဲ့ ပတ်သက်ပြီး စတင်ပြီး အလုပ်ရှုပ် နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒါတောင် လက်တွေ့စီးပွားရေး သီအိုရီကို ခိုင်းရင်း သင်ပေးတဲ့ ကိုဇီးရိုးရဲ့ ဖိုးဝကို မသွားရတော့လို့ပါ။ နို့မို့ဆို လူလည်း မေခြောက်ဖုံက အမေခေါ်ရလောက်အောင် ဆံပင်တွေဖြူသွား နိုင်ပါတယ်။ ကိုဇီးရိုးရဲ့ ခပ်ပြင်းပြင်း drive တွေကြောင့် ကျွန်တော်လည်း တော်တော်လေး တိုးတက်ခဲ့ရပါတယ်။

ဖေဖော်ဝါရီ - ထုံးစံအတိုင်း အလုပ်တွေ ရှုပ်ကောင်းနေဆဲပါ။ ဒီလမှာတော့ ကျွန်တော် အကြံအစည်တစ်ခုကို ဆင်ကြံ ကြိတ်ကြံ နေမိပါတယ်။ အဲဒါကတော့ ရန်ကုန်ပြောင်းရွှေ့ အခြေချရေးဆိုတဲ့ ကျွန်တော်ရဲ့ မဟာရည်မှန်းချက်ကြီးကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ပထမဆုံးလှုပ်ရှားမှုအဖြစ် ကျွန်တော့် ညီမလေး ရာနှုန်းပြည့်ကို ရန်ကုန်ခေါ်ထားဖို့ ဆုံးဖြတ်ခဲ့တာပါပဲ။ ဆင်ကြံလို့ ပြောရ တာတော့ မည်သူ့ကိုမှ ဖွင့်တိုင်ပင်ခြင်း လည်း မရှိဘဲနဲ့ သူ့ကို ကျွန်တော် အကုန်လုံးတာဝန်ယူပြီး ဒီမှာခေါ်ထားနိုင်ဖို့ တစ်ယောက်တည်း ကြိတ်ကြိုးစား နေတာပါ။ ကျွန်တော်တို့လို နယ်မြို့လေးက လာရတဲ့သူတွေအတွက် ရန်ကုန်စရိတ်က ကြီးလွန်းလှပါတယ်။ ကျောချဖို့ တစ်နေရာအတွက် အတော်စဉ်းစားရပါတယ်။ မိန်းကလေးတွေ ဖြစ်တဲ့အတွက်လည်း လုံခြုံရေးက လည်း စဉ်းစားရသေးတယ် ကလား။ အတော် ခေါင်းခြောက်ခဲ့ရပါတယ်။ ကျွန်တော်တစ်ယောက်တည်းတုန်းက အဒေါ်အိမ်မှာ ကပ်နေ၊ ကပ်စား ကပ်မြောင်လုပ်ပြီး ရှာလို့ ရတဲ့ ပိုက်ပိုက်တွေ အကုန်စုခဲ့တာလေ။ သူ့ကို ခေါ်တော့မယ်ဆိုတော့ စား၊ ၀တ်၊ နေရေး အကုန်လုံး ထည့်ပြီး တွက်ချက်စဉ်းစားရပြန်ပါပြီ။

မတ်လ - အလုပ်ရှုပ်မှုတွေ အဆုံးမသတ်သေးပါဘူး။ ဗီယက်နမ်သွားပြီး စာတမ်းဖတ်ပွဲကလည်း တော်တော် လေး လုပ်နေရပြီဖြစ်ပါတယ်။ အချက်အလက်တွေစုရ။ လူကယ်ပြန်ပြေးရ။ အမျိုးသမီးရေးရာ ပြေးရ။ မိခင်နဲ့ ကလေးလည်း ပြေးရ။ ဟိုပြေး ဒီပြေးနဲ့ အချက်အလက်တွေ တောင်း။ စာတမ်းကိုရေး။ စာတမ်းကြီးကြပ်သူကို ပို့။ သူကမကြိုက်လို့ ပြန်ပြင်ရ။ သူပြောတာ ကိုယ့်ဘက်က လက်မခံနိုင်လို့ ငြင်းရ. သတ်ရနဲ့ အတော်ကို အလုပ်ရှုပ်ပါတယ်။ စာတမ်း ကြီးကြပ်တဲ့သူက ဗိုလ်မသာဆိုတယ် အချို့နေရာတွေမှာ မြန်မာပြည်ရဲ့ အချက်အလက် တွေ ကျွန်တော့်ထက်တောင် ပိုသိပါသေးတယ်။ သူ့နာမည်က Kate Carrolတဲ့။ ActionAid ရဲ့ Knowledge Initiative ကပါ။ အရမ်းကိုတော်ပါတယ်။ ဒီကြားထဲ တယ်လီကွန့်ဖရင့်ကလည်း နှိပ်စက်သေးတယ်။ အုပ်စုလိုက် တဲ့။ တစ်ယောက်ချင်းတဲ့။ မြန်မာပြည်က ဆိုရင် ဖဲ့မယ်ဆိုပြီး ဆုံးဖြတ်ထားသလား မသိလောက်အောင် တော်တော် ကပ်သီးကပ်သပ် မေးခွန်းတွေ မေးပါတယ်။ ကျွန်တော်ကလည်း official စာအုပ်ကြီးတွေ ရှေ့ချပြီး ပြန်ဖြီးနဲ့ တော်တော့်ကို ခေါင်းခြောက်ရပါတယ်။ နောက်မှပဲ အသေးစိတ်ဆွေးနွေးပါတော့မယ်။ မတ်လရဲ့ ၂၀ရက်နေ့မှာ ရာနှုန်းပြည့်ကို ငါတာဝန်ယူတယ်။ နင်လာခဲ့တော့ ဆိုပြီး ခပ်တည်တည် လှမ်းခေါ်လိုက်ပါတယ်။ အဲဒီမှာ ပိုပြီး ချာလပတ်ရမ်းတော့တာပဲ။ မတ်လထဲမှာ စွန့်စွန့်စားစားဆုံးဖြတ်ချက် တစ်ခုလည်းချဖြစ်ပါ သေးတယ်။ ဒီနှစ် ၂၀၀၉ ကစလို့ ဆယ်တန်းဂိုက်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ ၂၀၀၀ ခုနှစ်ကတည်းက စာသင်ခဲ့လို့ အဲဒီအပိုင်းမှာ အတော်ကြေညက် နေပေမယ့်လည်း ဆယ်တန်းမှာတင် အဆုံးမသတ်နိုင်လို့ ၀င်ငွေ ကောင်းတဲ့ ဒီအလုပ်ကို ရူးမိုက်စွာ စွန့်လွှတ်ခဲ့ပါတယ်။ ၂၀၀၈မှာ သင်ပေးနေတဲ့ စာသင်သားတွေကိုလည်း `ဒီနှစ်မှာ အစွမ်းကုန်ကြိုးစားပြီး အောင် အောင်ဖြေ။ နောင်နှစ်လုံးဝ မသင်တော့ဘူး။ အောင်လည်း မဆက်သွယ်နဲ့။ ရှုံးလည်း မဆက်သွယ်နဲ့´ လို့ ခြိမ်းခြောက်ပြီး အဓမ္မစာကြိုးစားခိုင်းခဲ့ပါတယ်။ ပြောတဲ့အတိုင်း လုပ်တတ်လို့ သူတို့လည်း ကြောက်ကြောက်နဲ့ ကြိုးစားရှာပါတယ်။ အားလုံးပဲ စာမေးပွဲကို ကောင်းမွန်စွာ ဖြေနိုင် ခဲ့ပါတယ်။ ပြီးပြန်ပြီပေါ့ တစ်ဇာတ်လို့ သတ်မှတ်ခဲ့ပါတယ်။

ဧပြီလ - ၁ရက်နေ့မှာ ညီအစ်မနှစ်ယောက် အဒေါ်အိမ်ကနေ အဆောင်ကို ပြောင်းခဲ့တယ်။ တစ်ယောက် ကပ်စားရင် တော်သေးတယ်။ နှစ်ယောက်ဆိုတော့ အားနာလာလို့ ပြောင်းလိုက်ပါတယ်။ ဆင်မင်းဈေးနားကို ပြောင်းခဲ့တယ်။ အိမ်ထောင်အသစ်တည်သလိုပဲ။ အိုး၊ ခွက်၊ ပန်းကန်ကအစ အားလုံးကို လိုတော့တာပဲ။ လိုတာလေးတွေ ဖြည့်လိုက် နေလိုက်ရင်းနဲ့ တော်တော်ကို အလုပ်ရှုပ်ခဲ့ပါတယ်။ ဒီကြားထဲ စာတမ်းကိုလည်း လုံးပမ်းရသေးတယ်။ ဇွန်လဆန်းမှာ ဖတ်ရမယ့် စာတမ်းမို့ မေလလယ်မှာ လက်စသတ်ရပါတော့မယ်။ အဲဒီတော့ သမ၀ါယမကလုပ်တဲ့ Microfinance Program တစ်ခုမှာ သွားပြီး အင်တာဗျူးတွေလုပ်၊ ဒေတာတွေကောက်နဲ့ တစ်နေကုန် နေပူထဲမှာ အချိန်ကုန်ခဲ့ရပါတယ်။ ဒါအပြင် အဒေါ်အိမ်မှာ ဘာမှ မလုပ်ခဲ့ရတော့ ချက်ရေး ပြုတ်ရေး မကျွမ်းကျင်တာကြောင့် မီးလန့်လို့ ရပ်ကွက် ရုံးရောက်။ မီးသတ်မှာ ဒဏ်ကြေးဆောင်နဲ့ တော်တော် ရင်ထိတ်ခဲ့ရပါတယ်။ အိမ်ရှင်ကလည်း ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ဖြစ်သွားလို့ လက်မခံချင် တော့ဘူးတဲ့။ တော်တော်လေးလည်း တောင်းပန်၊ ငိုပြလိုက်တော့ ဆက်နေလို့ ရသွားပါတယ်။ ကျွန်တော်လည်း ပြောင်းနိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မေလ - ထူးထူးခြားခြားတော့ မရှိပါဘူး။ အရှုပ်တွေပဲ ဆက်လုပ်ဖြစ်နေပါတယ်။ ရာနှုန်းပြည့်ကိုလည်း ရန်ကုန်နဲ့ ရင်းနှီးသွားအောင်၊ ရန်ကုန်အထာလေးတွေလည်း ညက်သွားအောင် သင်တန်းအချို့ တက်စေခဲ့ပါတယ်။ ဒီလတွေ အတွင်းမှာ ရာနှုန်းပြည့်က ရန်ကုန်ကို ရောက်စဆိုတော့ လွှတ်ကိုလည်တော့တာပဲ။ (သူက ဘယ်နေရာ မှာပဲ ဖြစ်ဖြစ် အပေါင်းအသင်း ပေါပါတယ်)။ ကျွန်တော်လည်း နေနှင့်ဦး ပေါ့။ ငါအားတော့မှာ lesson ပေးမယ် ဆိုပြီး တေးထားလိုက် ပါတယ်။ သူကလည်း တစ်ယောက်တည်းဆိုတော့ အားငယ်လို့ထင်ပါရဲ့။ ပုသိမ်က သူ့သူငယ်ချင်းတစ်ယောက်ကို အတူလာနေဖို့ စည်းရုံးတာ အဲဒီကလေးမလေးလည်း လာနေဖြစ်ပါတယ်။ ဘယ်နှယ့်ရှိစ။ နှစ်ယောက်ပေါင်းတော့ တော်တော့်ကို လောင်းကျော်သွား ပါတယ်။ ကျွန်တော်လည်း နေနှင့်ဦးလို့ ထပ်တေးထားလိုက်ပါတယ်။

ဇွန်လ - ဇွန်လ ၁ရက်နေ့မှာ ကျွန်တော့်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် စတင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကတဆင့် ဗီယက်နမ်ကို သွားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို ညနေ ခြောက်နာရီခွဲလောက်မှာ လေယာဉ်ဆိုက် ပါတယ်။ ဗီဇာတွေလုပ်၊ လာကြိုတဲ့သူနဲ့အတူ အခြားနိုင်ငံက colleagues တွေကို စောင့်နဲ့ ဟိုတယ်ကို ၈နာရီခွဲလောက်မှ ရောက်ပါတယ်။ သတိပြုမိတာက ဟနွိုင်းက ရန်ကုန်နဲ့ တော်တော်လေး တူပါတယ်။ ကျွန်တော့် အခန်းဖော်က ကျူးဘားနိုင်ငံကပါ။ အသက်လေးဆယ်လောက်ရှိပါပြီ။ ဒီ field ထဲမှာ လုပ်နေတာ အတော်ကြာလို့ တော်တော်ကျွမ်းကျင်နေပါပြီ။ စာတမ်း ဖတ်ပြီး အခြားသော လေ့လာရေးများ၊ ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး South-South Youth Meeting ရဲ့ Statement တစ်စောင်ကို ဆွေးနွေးပြီး အတည်ပြုခဲ့ပါတယ်။ ရန်ကုန်ပြန်ရောက်လာပြီးတော့ ထုံးစံအတိုင်း ကျွန်တော့်အလုပ်တွေ ဆက်လုပ်ဖြစ်ပါတယ်။ ပြန်ရောက်ပြီး ကိုဇီးရိုးနဲ့လည်းတွေ့ပြီး စကားတွေ ပြောဖြစ်ပါသေးတယ်။ ဒီလမှာတော့ ကျွန်တော်ငွေရေးကြေးရေး တော်တော် ကြပ်တည်းပါတယ်။ စာတမ်းက ဆုရတဲ့ပိုက်ဆံရယ်၊ ကျွန်တော်စုထားတဲ့ ပိုက်ဆံရယ်ပေါင်းပြီး အရမ်းလိုချင် နေတဲ့ ပစ္စည်းနှစ်ခုဝယ်ခဲ့ပါတယ်။ တစ်ခုက ASUS X 82Q Laptop ပါ။ နောက်တစ်ခုက Sony က Cyber Shot တစ်ခုပါ။ ပိုက်ပိုက်တွေက တက်တက်ကို ပြောင်သွားပါတယ်။ အပြန်ခရီးမှာတောင် သုံးစရာ မရှိတော့လို့ သုဝဏဘူမိလေဆိပ်မှာ Transit နားတုန်း အလကားပေးမြည်းတာတွေ လိုက်စားပြီး ဗိုက်ဖြည့်ခဲ့ရပါတယ်။

ဇူလိုင်လ - ထူးခြားဖြစ်စဉ်မရှိပါ။ သူများအကျိုးတွေ လိုက်ဆောင်ရင်း အရှုပ်တွေ လုပ်နေပါတယ်။ အလုပ်လုပ်တဲ့ လုပ်သက်ကလေး အတွင်းမှာ ခင်မင်မိတဲ့သူတွေလည်း အတော်များလာတဲ့အတွက် အဆက်အသွယ်လေးလည်း နည်းနည်း ရလာပါတယ်။ အလုပ်ရှာတဲ့ သူငယ်ချင်းတွေအတွက် နီးစပ်ရာမှာ ဟိုချိတ်၊ ဒီချိတ်လုပ်ပေးနေပါတယ်။ အဲ နောက်တစ်ခုက ရာနှုန်းပြည့်ကိုလည်း စပြီး ကျပ်နေပါတယ်။

သြဂုတ်လ - ကျွန်တော်နဲ့အတူ အလုပ်လုပ်တဲ့ သူငယ်ချင်းတစ်ယောက် အလုပ်ထွက်သွားပါတယ်။ ကျွန်တော့်ကို ဒီလိုတော်လာအောင် လေ့ကျင့်ပေးခဲ့တဲ့ ကျွန်တော့်ဆရာ ဒေါက်တာဝါ၀ါမောင်လည်း ရာထူးတိုးပြီး နေပြည်တော် ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ တော်တော်တော့ ခံစားရပါတယ်။ တီချယ်က ပြောပါတယ်။ ညည်းဘာမှ ကြောက်မနေနဲ့။ ဆက်လုပ်တဲ့။ ငါလည်း နေပြည်တော်ကနေ ဆက်သွယ်နေမယ်တဲ့။ တီချယ်က ပြောတဲ့ အတိုင်းကို လုပ်ပါတယ်။ ယနေ့အထိ ဆက်သွယ်ပြီး ကျွန်တော် လေ့လာဖို့တွေ ပေးနေတုန်းပါ။ ကျွန်တော်လည်း လက်ရှိလုပ်နေတဲ့ အလုပ်က ထွက်ဖို့ စိတ်ကူးခဲ့ပေမယ့် ယနေ့အထိ မအောင်မြင်သေးပါ။ ကျွန်တော်အတွက် ကြားသုံးကြား ၀င်မိလို့ နောက်ပိုင်းမှာ စိတ်ညစ်ရမယ့် ကြားတွေထဲလည်း ၀င်ဖြစ်ခဲ့ပါသေးတယ်။ ဒီလထဲမှာ စိတ်ရှုပ်လို့ ကိုဇီးရိုးကို ခေါ်ပြီး ခေါင်းပူပါသေးတယ်။ ကျွန်တော့်အကိုက မုန့်လိုက်ကျွေးပြီး စိတ်ညစ်ဖြေ ပေးပါတယ်။ ဒီလထဲမှာပဲ ကျွန်တော်တို့ အိမ်ပြောင်းခဲ့ပါတယ်။ ဟံသာရိပ်မွန်ထဲက အခန်းတစ်ခန်းကို ငှားနေ ဖြစ်တာပါ. အဆောင်နေတာထက် အများကြီး ပိုလွတ်လပ်သွားပါတယ်။ ဒီလိုနဲ့ သြဂုတ်လ ကုန်ခဲ့ရပါတယ်။

စက်တင်ဘာလ - ဒီလကစပြီး ပိုက်ပိုက်စုတော့လို့ သူငယ်ချင်းတစ်ယောက်က လှမ်းပြီးသတိပေးပါတယ်။ ၂၀၀၉ ကုန်တဲ့အထိ အခင်ဆုံး၊ အချစ်ဆုံး သူငယ်ချင်း လေးယောက်ဆက်တိုက် မင်္ဂလာဆောင်ပါတယ်။ တော်တော်လေး ကုန်သွားပါတယ်။ ဒီလထဲမှာ မောင်ကောင်းရဲ့ အဆက်အသွယ်နဲ့ STI မှာ Lecturer လုပ်ဖို့ ဆက်သွယ်ဖြစ်ပါတယ်။ တီချယ်ကြီး ဒေါ်လှမြင့်က ကျွန်တော့်ကို Taxi ပေါ်မှာ အင်တာဗျူးပါတယ်။ ပြီးတော့ We will let you know လို့ ပြောခဲ့ပါတယ်။ STI မှာ Warehouse Management အတန်းကို သင်ခွင့်ရ ပါတယ်။ အတန်းက ကြီးတော့ သင်တန်းသားတွေကလည်း လက်တွေ့မှာ တော်တော် ကျွမ်းကျင်နေတော့ သူတို့ကို သင်ဖို့ အတွက် ကျွန်တော်စာတွေ အများကြီး ဖတ်ခဲ့ရပါတယ်။ အင်တာနက်ထဲလည်း တော်တော် ရှာဖွေခဲ့ပါတယ်။ You Tube ကိုလည်း ကျွမ်းကျွမ်း ကျင်ကျင် Download လုပ်နိုင်သွားပါတယ်။ သူများနိုင်ငံတွေရဲ့ Warehouse တွေကိုလည်း သိခွင့်ရခဲ့ပါတယ်။ STI က ကျွန်တော့် အတွက်တော့ Good Playing Ground တစ်ခုဖြစ်ခဲ့ ပါတယ်။ စိတ်လှုပ်ရှားဖို့လည်း ကောင်းသလို ပျော်ဖို့လည်း ကောင်းပါတယ်။ ဒီလတွေထဲမှာ Regent Business Academy မှာ စာသင်ဖို့လည်း ချိတ်နေပါပြီ။ ဒီလထဲမှာ ရာနှုန်းပြည့်လည်း MRTV 4 က TV Guide မှာ အလုပ်ရသွားပါတယ်။ ကိုအတီးရဲ့ လက်အောက်မှာ လုပ်ရတာပါ။ သူလည်း အဲဒီမှာ ပျော်နေပါတယ်။ ကျွန်တော် လည်း နည်းနည်းတော့ စိတ်သက်သာသွားပါတယ်။

အောက်တိုဘာလ - အတန်းသစ်တွေမှာ စာသင်ဖို့တွေ လုံးပမ်းနေပါတယ်။ သင်ခန်းစာတွေ ကိုယ်တိုင်ပြင် ရေးဆွဲပါတယ်။ ဒီကြားထဲ On Job Training တဲ့။ Executive Level တဲ့. တီချယ်ဝါခိုင်းလို့ လုပ်ခဲ့ရပါတယ်. တော်တော်လေးတော့ စာဖတ်ဖြစ်ပါတယ်။ ပြီးတော့ ရွှေပါရမီ အထူးကုဆေးခန်းက ၀န်ထမ်းတွေကို Capacity Building Training သွားဖြစ်ခဲ့ပါတယ်။ အချို့မသိတာတွေကို ကိုဇီးရိုးကို လှမ်းပြီး မေးပါတယ်။ မငြီးမငြူဖြေ ပေးပါတယ်။ အောက်တိုဘာလည်း လုံးချာလည်ရင်း ကုန်သွားပါတယ်။

နိုဝင်ဘာ - နိုဝင်ဘာလည်း ဒီလိုပါပဲ. စာသင်ရင်းပဲ ကုန်ဆုံးခဲ့ပါတယ်။ ကြုံတုန်းကြွားဖို့ ရှိပါတယ်။ ကိုဇီးရိုးဆီက အီးဘွတ် ၈၀၀ ကျော်ကို မုန့်နဲ့ လဲခဲ့ပါတယ်။ တော်တော်လေး အထောက်အကူရပါတယ်။ လိုချင်တဲ့သူရှိရင် ဆက်သွယ်ပါ. အမြတ်ရရင် မုန့်နဲ့ ထပ်လဲပါ့မယ်။

ဒီဇင်ဘာ - ဒီဇင်ဘာလဆန်းမှာ ခရီးတစ်ခုသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပုသိမ်က မိဘတွေကို ခေါ်ပြီး ကျိုက်ထီးရိုး ဓမ္မခရီးစဉ်ကို ကျွန်တော်ပို့ဖြစ်ပါတယ်။ ကျွန်တော့်ဘ၀မှာ မိသားစုလိုက်သွားဖြစ်ခဲ့တဲ့ ပထမဆုံး သော ခရီးလည်း ဖြစ်ပါတယ်။ ပျော်စရာ ဆိုတာထက် စိတ်ချမ်းမြေ့ခဲ့ရတာက ပိုပါတယ်။ မိဘနှစ်ပါး ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်မှာ ကြည်ကြည်နူးနူးနဲ့ ကုသိုလ်ယူနေတဲ့ပုံတွေက မျက်လုံးထဲက မထွက်နိုင်အောင်ပါ။ သန်းဌေးနဲ့ရောင်းရင်း ဘုရားဖူးကား ကလည်း တော်တော် ၀န်ဆောင်မှုကောင်းပါတယ်။ ပျော်စရာ ခရီးစဉ် တစ်ခုပါ။ ရန်ကုန်ပြန်ရောက်တော့ မေကြီးကို ဆေးခန်းပြခဲ့ရပါတယ်။ ပုသိမ်မှာ ချော်လဲတာကို ဆေးခန်းမပြဘဲနဲ့ ထားခဲ့တာ တစ်လခွဲလောက်ရှိပါတယ်။ ဒီရောက်တော့ အရွတ်ပြဲတယ်။ သွေးယိုတယ်ဆိုပြီး ခွဲစိတ်မှု လုပ်ရမယ် ဆိုလို့ လန့်ခဲ့ရပါတယ်။ နောက်တော့ ၈လမ်းက ဒေါက်တာမင်းဇော် ဆေးခန်းမှာ သွားပြတော့ အဆင်ပြေသွား ပါတယ်။ ဒီဇင်ဘာ ၂၀မှာ MyanmarING ရဲ့ 2nd Camp မှာ The Role of ICT in Povert Reduction, Necessary But Insufficient ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းဖတ်ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၂ရက်နေ့မှာ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချလို့ လုပ်ဖြစ်ခဲ့တာရှိပါတယ်။ ခေါင်းလည်းပူပါတယ်။ စိတ်လည်း ပူပါတယ်။ ဘာလဲ ဆိုတာတော့ ၂၀၁၀ ဒိုင်ယာရီမှာ ဖတ်ရှုပါ။ ခရစ်စမတ်အားလပ်ရက်တွေမှာ အိမ်မှာ နားလို့ အားမွေးပါတယ်။ ဘလော့ရေးဖို့ စာစုပါတယ်။ ဘုရား၊ တရားလုပ်ဖြစ်ပါတယ်။ ခေါင်းပူရမှာတွေကို ကြိုတင် အားဖြည့်ပါတယ်။

ဒီလိုနဲ့ ဒီဇင်ဘာလည်း ကုန်ဆုံးခဲ့လို့ ၂၀၁၀ ရောက်ပါပြီ၊ ၂၀၀၉ ကို ပြန်လည်သုံးသပ်ရင် လုပ်ဖြစ်ခဲ့တာတွေ ရှိပေမယ့် စိတ်ကျေနပ်မှုတော့ မရခဲ့ပါဘူး။ လုပ်ခဲ့ရတာတွေ၊ ဖတ်ဖြစ်ခဲ့တဲ့စာတွေ များပေမယ့် မမှတ်မိသလို ဖြစ်နေပါတယ်။ ၂၀၀၉ ထဲမှာ ဝေးသွားပြီ ဖြစ်တဲ့ သူငယ်ချင်းအချို့နဲ့ အဆက်အသွယ် ပြန်ရပါတယ် (ဖြူ၊ ဧပရယ်၊ ဘေးဘေး၊ ယဉ်ယဉ် အများကြီးပဲ ပြန်ဆုံပါတယ်) ။ ပျော်စရာ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့် ၂၀၁၀ အတွက် အားမွေးရင်း ၂၀၀၉ ကို နှုတ်ဆက်လိုက်ပါတယ်။

တကယ်ခင်လို့ tag လိုက်ပါတယ်။ ရေးပေတော့ ၂၀၀၉ မကုန်ခင် ---
၁။ ကိုဇီးရိုး
၂။ ပန်းပွင့်
၃။ ဖြူစင်သူ
၎။ ချစ်အိမ်ငယ်
၅။ မသီရိ

Wednesday, December 23, 2009

ချစ်ခဲ့ရသော လုပ်ဖော်ကိုင်ဖက်များ (၂)

အတူတူလုပ်နေဆဲ လုပ်ဖော်ကိုင်ဖက်များ

အတူတူလုပ်နေတဲ့ အစ်မတွေ၊ အစ်ကိုတွေ၊ သူငယ်ချင်းတွေအကြောင်း မပြောခင် လုပ်နေတဲ့ အလုပ်ပတ်ဝန်းကျင်ကလေးကလည်း အတော်ချစ်စရာကောင်းကြောင်းလေးလည်း ကြွားလိုက်ချင်သေးတယ်။ တစ်ဦး အပေါ် တစ်ဦးမနာလိုခြင်းကင်းတဲ့ ဂရုစိုက်မှုများ၊ နားလည်မှုများ၊ စာနာမှုများ ဖြင့် ဖွဲ့နှောင်ထားတဲ့ လုပ်ငန်းခွင် သံယောဇဉ် ကြီးမားတဲ့သူများ ဖြစ်ပါတယ်။ နွေးထွေးတဲ့ လုပ်ငန်းခွင်လေးလို့လည်း ပြောနိုင်ပါတယ်။

ပထမဆုံးပြောရမယ့်သူက မကေ

မကေ ဆိုတာက အားလုံးထဲမှာ သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ အစ်မတစ်ယောက်ပေါ့။ သူ့ကို ချစ်မိတာက ကျွန်တော့်ကို သူများတွေနဲ့ မိတ်ဆက်ပေးရင် `သမီး ညီမလေးလေ´ လို့ အမြဲပြောပြီး ကျွန်တော့်ကို စာနာတတ်သူဖြစ်လို့ပါပဲ။ မိုင်နှုန်းမြင့်တဲ့ ကျွန်တော့်စိတ်အဟုန်ကို သိသိသာသာလေး လျော့ကျသွားအောင် ဘ၀ပေး ဥပမာလေးတွေနဲ့ သင်ကြားပေးတတ်ပါသေးတယ်။ ကျွန်တော်သူ့ဆီက သင်ယူဖြစ်ခဲ့တာလေးက `ရောင့်ရဲတတ်တဲ့ စိတ်´ လေးပါပဲ။ မကေကြောင့်ပဲ အချို့သော စိတ်ထားလေးတွေ ပြောင်းလဲနိုင်ခဲ့ပါတယ်။ အိမ်မှာ အကြီးဆုံးဖြစ်တဲ့ ကျွန်တော့်အတွက်တော့ အစ်မအရင်း တစ်ယောက် ကောက်ရသလိုပါပဲ။ အမျိုးသား အကျိုးစီးပွားရောက်မှ တော်ရတဲ့ အစ်မတစ်ယောက်ပါ။ မကေက ကျွန်တော့် လုပ်ပုံကိုင်ပုံတွေ မဟုတ်ရင် တော်တော်ကလေးဆူတတ်ပါတယ်။ ကျွန်တော်က မကေဆူမှာကိုတော့ ကြောက်ပါတယ်။ (ဟီး ဟီး)

မနိုင် - နေပုံထိုင်ပုံ အေးဆေးတည်ငြိမ်လွန်းတဲ့ အစ်မပါ။ စည်းစနစ်လည်း အရမ်းကြီးပါတယ်။ အထွေထွေ ဗဟုသုတနဲ့လည်း ပြည့်စုံပါတယ်။ ကျွန်တော့်ရဲ့ အဘိဓာန်တစ်အုပ်ဆိုလည်း မမှားပါဘူး။ သိချင်တာတွေရှိရင် သူ့ကိုပဲ ပြေးပြေးပြီး မေးမိပါတယ်။ မနိုင်ဆီက ကျွန်တော် အတုခိုးမိတာတစ်ခုက ဘလော့ဂ်ဖတ်တဲ့ အလေ့ အကျင့်လေးပါ။ မနိုင်က အလုပ်အားရင် ဘလော့ဂ်ဖတ်ပြီး မှတ်သားလေ့ရှိပါတယ်။ ပြီးရင် ပြန်လည်ဝေမျှ တတ်ပါသေးတယ်။ မနိုင်ကြောင့်ပဲ ကျွန်တော်လည်း ဘလော့ဂ်ဖတ်ရတာ၊ ဘလော့ဂ်လည်ရတာ ၀ါသနာပါပြီး အလုပ်က ပိုမအားတော့တာပါပဲ။ အေးချမ်းစွာ နေထိုင်တတ်တဲ့ အစ်မတစ်ယောက်ကို ချစ်ခဲ့ရပါတယ်။

မသီရိ - ကျွန်တော့်ရဲ့ နေပုံထိုင်ပုံ၊ ပြောဆိုဆက်ဆံပုံတွေနဲ့ ရှောင်ရန် ဆောင်ရန်တွေကို အမြဲသွန်သင်ပေးတဲ့ အစ်မတစ်ယောက်ပါ။ ညီမလေးရေ ဒီလိုပြောတာ မသင့်တော်ဘူး။ နောက်ဆိုရင် ဘယ်လိုလေးပြောရင် ပိုကောင်းတယ် စသည်ဖြင့် နားဝင်အောင် ပြောပြီး ကျွန်တော့်လူမှုဆက်ဆံရေးကို ထိန်းပေးတဲ့ အစ်မပါ။ ကျွန်တော်လည်း မသီရိ ပြောတာတွေကို လိုက်နာပါတယ်။ တစ်ခုရှိတာက မသီရိက အပြောအဆိုကောင်းတဲ့ အထဲမှာ အသံလေးကလည်း တော်တော် ချိုသာနူးညံ့ပါတယ်။ ကျွန်တော် ချစ်ရတဲ့ အစ်မတစ်ယောက်ဆိုလည်း မမှားပါဘူး။

မ၀ါ နဲ့ မဝေမြိုင် - ကျွန်တော်ကို အလှပြင်တတ်အောင် သင်ပေးတဲ့ အစ်မတွေပါ။ ဒီ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ ကျွန်တော် တော်တော်ကလေး အလှပြင်တတ်လာသလို နည်းနည်းလေးလည်း ပိုလှလာတယ်လို့ ပြောကြ ပါတယ်။ (ပြောမယ့်သူမရှိလိုပ ကိုယ့်ဘာသာပြောတာပါ)။ ကျွန်တော် အလှပြင်တာနဲ့ ပတ်သက်လာရင် ဒီအစ်မတွေကို မေးမိ ပြောမိ သတိရမိပါတယ်။

ကိုကောင်းနဲ့ ကိုဖိုးချစ် - ကျွန်တော်တို့ဌာနရဲ့ ရှားရှားပါးပါး အမျိုးသားလေးတွေပါ။ ကျွန်တော့်အစ်ကိုတွေက စိတ်သဘောထားအရမ်းကောင်းပါတယ်။ ကျွန်တော်ဆိုရင် ကွန်ပျူတာ တစ်ခုခုဖြစ်လို့ သုံးလို့အဆင်မပြေဘူး ဆိုတာနဲ့ အားမနာတမ်း ပြင်ပေးဖို့ အကူအညီတောင်းတတ်ပါတယ်။ အစ်ကိုတွေကလည်း မငြီးမငြူ ကူညီတတ် ပါတယ်။ ကိုဖိုးချစ်ဆီမှာ သိမ်းထားတဲ့ မှတ်တမ်းမှတ်ရာတွေလည်း များလှလို့ ကျွန်တော်အလုပ်ထဲမှာ စာတမ်းရေးဖို့၊ မှီငြမ်းကိုးကားလိုရင် `ဘာပဲလိုလို ကိုဖိုးချစ်´လို့ သတ်မှတ်ထားပါတယ်။ နောက်လည်း အမြဲတောင်းဦးမှာ---

မမြတ်စု - ဧရာဝတီတိုင်းသားဖြစ်လို့ နယ်မြေစွဲ စိတ်နဲ့ ခင်မင်ရတဲ့ အစ်မပါ. ကျွန်တော်ကိုလည်း ဧရာတိုင်းသူ ပုသိမ်သူဆိုပြီး ခင်မင်ပါတယ်။

မဖြိုး - အချို့သော လုပ်ဖော်ကိုင်ဖက်တွေက တိုးဖီ၊ တိုးဖီလို့ ခေါ်ကြတယ်။ ကျွန်တော်ကတော့ ဘယ်တော့မှ ထိုအမည်ကို မခေါ်ခဲ့ပါ။ မဖြိုးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောစရာ မရှိပေမယ့် `အစ်မကြီးတော့ အမိအရာ´ ဆိုသကဲ့သို့ `ကြောက်ချစ်ကြီးပါ´။ မဖြိုးသိရင် ဒေါခွီးမှာ- ဒါကြောင့်သူမသိအောင် ဘလော့ဂ် တက်ရေးထားတာ။

မလဲ့ - မျက်နှာထားလေးကိုက ဖြူစင်ရိုးသားပြီး ကရုဏာမျက်နှာပိုင်ရှင်လေးပါ. မလဲ့ဆီက လိုချင်တာက သူ့ရဲ့ ဆံပင်အထူကြီးကိုပါ။

ဖူးပွင့် - အစ်မ မဟုတ်တော့ပါဘူး။ ရွာသာကြီးကတည်းက ဘော်ဘော်အရင်းကြီးပါ။ ကျွန်တော် သူ့ကို ဒီဆောင်းပါးလေးနဲ့ ရာထူးတိုးပေးလိုက်ပါတယ်။ သူက ကျွန်တော့်ရဲ့ `ရဲဘော်ရဲဘက်ကြီး´ တစ်ယောက်အဖြစ် ရာထူးတိုးပေးပါတယ်။ အရာရာကို ရှေ့ဆက် အတူတူလုပ်သွားဦးမှာပါ။

မီးမီး - သူလည်း သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်ပါပဲ။ အော်လိုက် စိတ်ဆိုးလိုက် အတူတူလုပ်လိုက်နဲ့ တော်တော်လေးတွဲဖြစ်ပါတယ်။ မီးမီးက တော်တော်လေး ကြွကြွတက်တက် အလုပ်လုပ်တတ်ပါတယ်။ လုပ်ချင်ကိုင်ချင်တဲ့ စိတ်လေးလည်း ပြင်းထန်ပါတယ်။ ဒါပေမယ့် တခါတလေ ကျွန်တော် သူ့ကို မျက်စိနောက်၊ အထူးသဖြင့် နားနောက်ပါတယ်။ အခြားတော့ မဟုတ်ပါဘူး။ မီးမီးချွဲရင် ကျွန်တော် နားနောက်ပါတယ်။ တိန်-- တိန်--

ယဉ်မင်း - သူ့က စတွေ့တုန်းက `ကတုံး´ပါ။ ဒါကြောင့် အားလုံးက သူ့ကို `ကတုံး´ လို့ခေါ်ပါတယ်။ ခုတော့ ဆံပင်တွေ ပေါက်ပါပြီ။ သူကလည်း ကျွန်တော် ချစ်တဲ့သူတွေထဲမှာ ပါပါတယ်။ ကျွန်တော်ကြိုက်တဲ့ သီချင်းလေးတွေ မငြီးမငြူစုပေးတတ်လို့ပါ။ သူကလည်း သီချင်းကို ရူးသွပ်သူ တစ်ယောက်ဖြစ်ပါတယ်။

ဇင်မင်းဆွေ၊ ခိုင်စိုးနဲ့ မို့မို့ -- သူတို့တွေလည်း ကျွန်တော် ခင်တဲ့သူတွေပါ။ ကျွန်တော် သူတို့ဆီက လိုချင်တာရှိရင် အတင်းအဓမ္မသွားယူပြီး ဗိုလ်ကျတတ်ပါတယ်။ သူတို့ကလည်း မငြီးမငြူပေးရှာပါတယ်။ မို့မို့ကတော့ ကျွန်တော့်လက်သည်းလေးတွေကို လှသွားအောင် လက်သည်းနီလှလှလေး ဆိုးပေးတတ်ပါတယ်။ ဒါကြောင့်လည်း သူတို့တွေကို ချစ်မိပါတယ်။

မကြေး - ကျွန်တော် မကြေးကို ချစ်ပါတယ်။ အကြောင်းပြချက်က သူက ရာနှုန်းပြည့်ကို ချစ်ခင်လို့ပါ။

မသဇင် - ကျွန်တော်ကို ဖတ်သင့် နားထောင်သင့်တဲ့ ဆုံးမစာတွေကို ပြောပြ၊ ပေးဖတ်တတ်သူပါ။ အစ်မက အသံလည်း အတော်ကောင်းပါတယ်။ တခါတလေ အစ်မ အသံသွင်းထားတာလေးတွေကို ကျွန်တော်ကို ပေးနားထောင်တတ်ပါတယ်။ အစ်မအသံက အတော်လေး ကရုဏာသံပါတော့ နားထောင်ရတာ အေးချမ်းပါတယ်။

မချို - ဘာသာရေးကို လိုက်စားတဲ့ အစ်မတစ်ယောက်ပါ။ ရင်းနှီးချစ်ခင်ပါတယ်။

ဒီပိုစ့်လေးက သုံးနှစ်ပြည့်တော့မယ့် လုပ်သက်ကို ကြိုဆိုရင်း ချစ်ခဲ့ရသူများကို မှတ်တမ်းတင်ရခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ချစ်ခဲ့ရသော လုပ်ဖော်ကိုင်ဖက်များ (၁)

ဒီနေရာမှာ သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်ဆိုတဲ့ အဓိပ္ပါယ်လေး နည်းနည်း ကွာခြားတယ်လို့ ထင်ပါတယ်။ ရန်ကုန်ကို စရောက် ကတည်းက ကျောင်းတစ်ဖက် အလုပ်တစ်ဖက်ဖြင့် လုပ်ကိုင်လာခဲ့ရာ ကျောင်းသားဘ၀ ပျော်ရွှင်မှုကို ရသမြောက်စွာ မခံစားခဲ့ဖူးပါ။ သို့ပေမယ့်လည်း ရည်မှန်းချက်တချို့အောင်မြင်ခဲ့၍ ကျေနပ်ခဲ့ရပါသည်။ ကျွန်တော် စီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့မပြီးခင် နှစ်ဝက်အလိုတွင် အမျိုးသားအကျိုးစီးပွားသုတေသနဌာနတွင် သူငယ်ချင်းတစ်ယောက်၏ အဆက်အသွယ်ဖြင့် စတင်ဝင်ရောက်ခဲ့ရာ ယနေ့တိုင် လုပ်နေဆဲပင်ဖြစ်သည်။ ဌာနတွင် လုပ်ဖော်ကိုင်ဖက်များအားလုံးနှင့် ခင်မင်ကျွမ်းဝင်ခဲ့ခြင်းမရှိခဲ့ပေ။ သို့ပေမယ့် ကျွန်တော် လေးစားချစ်ခင်နေရသော လုပ်ဖော်ကိုင်ဖက်များကို ၂၀၀၉ နှုတ်ဆက် မှတ်တမ်း၏ တစ်ပိုင်းတစ်စ ဖြင့် ရေးသားလိုက်ရခြင်း ဖြစ်ရသည်။


လက်မတွဲနိုင်ခဲ့သော လုပ်ဖော်ကိုင်ဖက်များ


၁။ ကောင်းမြတ်ထွဋ် - စီးပွားရေးတက္ကသိုလ်မှ စတင်ကာ ရင်းနှီးခဲ့သော သူငယ်ချင်းဖြစ်သည်။ ဌာနတွင် ခဏမျှသာ တာဝန်ယူခဲ့သော်လည်း လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပြည့်ဝသူဖြစ်သည်။ ယခုအချိန်အထိ ကျွန်တော်နှင့် သူသည် အချို့သော ပြင်ပလုပ်ငန်းများတွင် အတူတူ ဆက်လက် လုပ်ကိုင်နေဆဲဖြစ်သည်။


၂။ သက်အောင် - သူသည်လည်း အမျိုးသားအကျိုးစီးပွားသုတေသနဌာနတွင် ခဏမျှသာ တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း ကျွန်တော် အမြဲအမှတ်ရနေသော လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ဦး ဖြစ်သည်။ ဌာနတွင် ကျွန်တော်တို့အဖွဲ့၏ ဦးဆောင်သူလည်း ဖြစ်သည်။ ကျွန်တော်လည်း သူ့ထံမှ အချို့သော အတွေးအခေါ်များ၊ လေ့လာပုံ နည်းစနစ်များကို အတုယူခဲ့ရသည်။


၃။ ကိုပြည့်စုံ - ကျွန်တော်နှင့် သူ တခါမျှ အတူမလုပ်ခဲ့ဘူးပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် အ၀င်၊ သူအထွက် ဖြစ်သည်။ သို့ပေမယ့် ကျွန်တော် သူ့ကို လေးစားစိတ်ဖြင့် ခင်မင်မိသည်။


တစ်ပိုင်းတစ်စ လက်တွဲခဲ့သော လုပ်ဖော်ကိုင်ဖက်များ


၁။ ဆရာကျောင်း - ကျွန်တော်တို့အခေါ် ကျောင်းအုပ်ကြီး (သို့မဟုတ်) ဆရာကျောင်း၊ ကျွန်တော့် စီနီယာ တစ်ဖြစ်လဲ တစ်ဖွဲ့တည်း အတူလုပ်ခဲ့ဖူးသူ၊ လွန်စွာမှ ဟာသဥာဏ်ရွှင်ပြီး စိတ်ဝင်စားသော ကဏ္ဍလည်း တူသူ ( သုတေသနအလုပ်ကို ပြောတာပါ ---)။ ကျွန်တော့် အချို့သော တွေးခေါ်မှုများတွင် ဦးဆောင် လမ်းညွှန်နိုင်ခဲ့သူ။ ရောင်ရဲတင်းတိမ်မှုများပြီး စိတ်ညစ်စရာများ၊ စိတ်ရှုပ်စရာများကို ဟာသများ ပြောပြီး ဖြေဖျောက်ပေးနိုင်သူ။ မယုံရင် ကျွန်တော့် ဘလော့ဂ် စာမျက်နှာတွင် လင့်ခ်ထားသော သူ့ရဲ့ ဘလော့ဂ် ပြောမဆုံးပေါင် တောသုံးထောင်ကို ၀င်ရောက် ဖတ်ရှုနိုင်ပါတယ်။ ဒါပေမယ့် ဘလော့ဂ်ရေးဖို့ ကျော်ရ ခွရတာ စိတ်ရှုပ်လို့ ဖေ့ဘုတ်ကို အိမ်ပြောင်းသွားပြီလို့လည်း သတင်းကြားပါတယ်။ သတိတရဖြင့် လေးစားရသော လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ဦးဖြစ်ပါတယ်။ သူ့နာမည်ကတော့ ကိုအောင်စိုးနိုင် ဖြစ်ပါတယ်။ အခုတော့ ကိုးခရိုင်ဒေသတွင် သုတေသနလုပ်ငန်းများ လုပ်ကိုင်သော အန်ဂျီအိုတစ်ခုတွင် အလုပ်လုပ်နေပြီး အထက်မြန်မာပြည်အနှံ့ သွားလာနေတယ်လို့ သိရပါတယ်။


၂။ ရဲလေး - မျက်မှန်အထူကြီးတပ်ပြီး ကွန်ပျူတာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ၊ စိတ်ရှည်သူ၊ ဂိမ်းကစားတော်သလို စာအရေးအသား ကောင်းသူ၊ စာဖတ်အားကောင်းသူ၊ ဒေသတွင်း ဗဟုသုတ ကြွယ်ဝသူ။ ရှေ့မှီ နောက်မှီ အချို့သော (-----) အဖြစ်အပျက်များကို ကောင်းစွာ ပြောပြနိုင်သူ၊ မကြာသေးခင်ကမှ အလုပ်ထွက်သွားပြီး ပြည်တွင်း အန်ဂျီအို တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ၊ ကျွန်တော်နှင့် အတွေးအခေါ်၊ စိတ်ကူများ အတော်ကို တူသူ၊ ဌာနတွင် လုပ်ခဲ့စဉ်က အချို့သော အလုပ်တာဝန်များကို အတူလုပ်ခဲ့ဖူးသူ။ အလုပ်ပြောင်းသွားပြီးမှ ပိုပြီး ၀လာသူလည်း ဖြစ်ပါတယ်။ ရဲလေးက သီချင်းဆိုလည်း အတော်ကောင်းပါတယ် ----