Powered By Blogger

Sunday, April 25, 2010

အမေ

သင်္ကြန်ပိတ်ရက်မှာ စာရေးသူက ဇာတိ ပုသိမ်ကို အလည်ပြန်ခဲ့ပါတယ်။ စာရေးသူရဲ့ အမေက စာရေး၊ စာဖတ် ၀ါသနာပါတယ်။ ကျွန်မကိုလည်း စာအုပ်တွေနဲ့ ရင်းနှီးအောင် စာအုပ်တွေကို ချစ်တတ်အောင် သင်ပေးခဲ့တာလည်း အမေပါပဲ။ ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးက တစ်ခေါက်ပြန်ခဲ့တုန်း အမေက ကျွန်မကို အခွေလေးတစ်ခွေ ပေးခဲ့ပါတယ်။ မီးကလည်း ပျက်၊ ပြန်တဲ့ရက်ကလည်း နည်း၊ တခြားအလုပ်လေးတွေကလည်း များဆိုတော့ အခွေကို ဖွင့်မကြည့်ဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် အပြန်ကျယူသွားလို့ ပြောတာကိုလည်း သယ်စရာတွေများ၊ တက်သုတ်ရိုက်ပြီး လောလောနဲ့ ပြန်ခဲ့ရတော့ မယူဖြစ်ခဲ့ပြန်ပါဘူး။ ဒါနဲ့ ဒီတစ်ခေါက်ပြန်တော့မှ အခွေကို အမေက ထုတ်ပေးတယ်။ သမီးနားထောင်ချင်တဲ့ အချိန် နားထောင်တဲ့။ ကျွန်မလည်း ပုသိမ်မြို့ရဲ့ လျှပ်စစ်မီးအခြေအနေကြောင့် တစ်ညတော့ မီးအလာစောင့်ပြီး နားထောင်ခဲ့တယ်။ နားထောင်နေရင်းနဲ့ အသိတရားတွေလည်း ရခဲ့ရတယ်။ ရသစာပေရဲ့ တန်ဖိုးကိုလည်း နားလည်ခဲ့ရတယ်။ မိမိရဲ့ စိတ်သန္တာန်ကိုလည်း သိခဲ့ရတယ်။ ဆင်ခြင်စရာတွေလည်း ရ၊ မှတ်သား လိုက်နာသင့်တာတွေလည်း ပိုသိခဲ့ရတာနဲ့ စာရေးပြီး စာဖတ်သူတွေကို မျှဝေချင်လာတယ်။

အခွေလေးက ကျေးဇူးကြီးလှ မိနဲ့ဘတဲ့။ ပုသိမ်မြို့ မြောင်းမြကျောင်းတိုက် ဆရာတော်ဘုရားကြီး ဦးဆောင်မှုနဲ့ ဆရာ မင်းယုဝေ၊ ဆရာ လယ်တွင်းသားစောချစ်နဲ့ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) တို့က လာရောက်ပြီး ဟောပြောပေးတာဖြစ်ပါတယ်။ ပုသိမ်မြို့သူ၊ မြို့သားတွေကလည်း လာလိုက်ကြတာ ကျောင်းတိုက်တောင် လျှံထွက်ပြီး လမ်းမတွေပေါ်မှာ ပရော်ဂျက်တာ ထိုးပြီး နားထောင်ရတဲ့ အထိကို ပရိတ်သတ်က များလွန်းလှပါတယ်။ ကျွန်မလည်း ဆရာကြီး ပြောတဲ့အထဲက စာဖတ်သူတို့ကို ပြန်လည် မျှဝေချင်တာက မိခင်မေတ္တာကို ဖော်ညွှန်းထားတဲ့ အကြောင်းအရာလေးကို မျှဝေချင်ပါတယ်။

ဆရာ မောင်စိန်ဝင်းပြောပြသွားတဲ့ အမေဆိုတဲ့ ဖြစ်ရပ်ကလေးမှာ ဆရာတို့ငယ်ရွယ်စဉ် ပုတီးကုန်းရွာမှာ နေခဲ့တုန်း အလယ်တန်းကျောင်းသားအရွယ်မှာ ဆရာတို့ ရွာက စာကြည့်တိုက်ထဲမှာဝင်ရောက်မွှေနှောက်ရင်းနဲ့ မဂ္ဂဇင်းဟောင်းတစ်အုပ်ထဲက ၀တ္ထုတိုလေးတစ်ပုဒ်အကြောင်းကို ပြောပြသွားပါတယ်။ ဆရာ အပြောကတော့ ရှင်းလင်းတယ်။ ထိမိတယ်။ ပြတ်သားတယ်။ နားထောင်မှတ်သားလို့ အလွန်ကောင်းပါတယ်။ ဆရာက ရသစာပေက နှလုံးသားရဲ့ အာဟာရကို ပေးစွမ်းနိုင်ပြီး ရင်ထဲအရောက်ပို့ပေးတဲ့အတွက် ဥနှောက်က မှတ်ဥာဏ်က ဘယ်တော့မျှ မမေ့နိုင်တော့ဘူးလို့ အစချီရင်း ၀တ္ထုတိုလေးကို စပြောပြပါတယ်။

မြို့လေးတစ်မြို့။
ညနေစောင်းအချိန်လောက်မှာ လူနှစ်ယောက်ဟာ နွားမကြီးတစ်ကောင်ကိုဆွဲလို့ လမ်းလျှောက်လာပါတယ်။ တစ်ယောက်က ရှေ့နားဖားကြိုးကနေဆွဲလို့။ နောက်တစ်ယောက်က နောက်ကနေ ကြာပွတ်တစ်ရမ်းရမ်းနဲ့။ နွားမကြီးရဲ့ ဘေးမှာလည်း နွားသားပေါက်လေးက ဟိုဒီ လျှောက်ဆော့ရင်း ပါလာတာပေါ့။ လျှောက်ရင်းနဲ့ ခေါင်းဆောင်ဖြစ်ဟန်လူက `နေမ၀င်ခင် ဒီနွားမကြီး သတ်ပြီးမှ ဖြစ်မယ်တဲ့။ ဒါကြောင့် မင်းကြာပွတ်ကို နာနာရိုက်ကွာ´ လို့ပြောတယ်။ ဒီတော့ နောက်ကလူကလည်း ကြာပွတ်ကို ခပ်နာနာလေး ရိုက်တော့တယ်။ နွားငယ်လေးကလည်း ဆော့ရင်း လှောင်ရင်းနဲ့ လိုက်လာ။ အသားနာလာတော့လည်း နွားမကြီးက ခပ်မြန်မြန်လေး လျှောက်လာနဲ့ လယ်ကွင်းစပ် ကန်သင်းရိုးပြတ်တွေ အနားကို ရောက်လာပါတယ်။ ဒီလိုနဲ့ နွားမကြီးက လေထဲက အနံ့တစ်ခုကို ရလို့ လမ်းလျှောက်တာ တဖြည်းဖြည်းနဲ့ နှေးလေးလို့လာပါတယ်။ နွားသားပေါက်လေးကလည်း ဆော့ရင်း နဲ့ အနောက် ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့ပါတယ်။ နွားမကြီး လျှောက်တာ နှေးလာလို့ နောက်ကလူက ကြာပွတ်ကို ပိုနာအောင် ရိုက်။ အသားနာတော့လည်း ခပ်မြန်မြန်လေးလျှောက်လိုက်။ လေထဲက အနံ့ကို တစ်ချက်ပြန်ရလိုက်။ နွားမကြီးရဲ့ ခြေလှမ်းတွေက နှေးလေးသွားလိုက်နဲ့။ တစစနဲ့ ကန်သင်းရိုးပြတ်တစ်ခုကို ရောက်ရော နွားမကြီးက ကန်သင်းဘောင်ကို ခြေထောက်နဲ့ ကန်ထားပြီး လုံးဝကို ဆက်မသွားတော့ပါဘူး။ ဒီတော့ ရှေ့ကလူက နောက်ကလူကို ပိုပြီး နာနာရိုက်ခိုင်း။ ဘယ်လိုပဲ နာအောင် ရိုက်ရိုက် နွားမကြီးက လုံးဝကို ဆက်မသွားတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူရနေတဲ့ လေထဲက သွေးညှီနံ့ တွေက နွားသတ်ရုံဖြစ်ကြောင်း တဖြည်းဖြည်းနဲ့ သေချာသွားလို့ပါပဲ။ တိရိစ္ဆာန်ဆိုပေမယ့်လည်း ကိုယ်သေရမှာကို သိလာတဲ့အတွက် အကြောက်အကန် ကန်ထားတော့တာပါပဲ။ ဒီလိုနဲ့ ရှေ့ကလူက ငါတို့က နေ၀င်အမှီ နွားကို အပြီး သတ်ရမှာ။ ဒီလိုဆိုရင်တော့ မဖြစ်တော့ဘူး။ နွားမကြီးကို မခံနိုင်အောင် လုပ်မှ ဖြစ်တော့မယ်တဲ့။ ပြောရင်းနဲ့ နွားမကြီးရဲ့ နဖားကြိုးကို ရှေ့ကို လှန်ချလိုက်ပါတယ်။ ပြီးမှ ရှေ့က အားကုန်ဆွဲပါတော့တယ်။ နွားမကြီးကလည်း နှာသီးနုနုလေးကို နဖားကြိုးကြီးနဲ့ ပွတ်တိုက်ပြီး အသည်းခိုက်အောင် နာကျင်နေပေမယ့်လည်း လုံးဝကို ဆက်မလှမ်းတော့ပါဘူး။ ခေါင်းဆောင်လုပ်သူက `မထူးတော့ဘူး။ မင်းပါရှေ့လာခဲ့။ ငါတို့နှစ်ယောက်အားကုန်ဆွဲရင် ဒီနွားမတော့ ခံနိုင်မှာ မဟုတ်ဘူး´ လို့ဆိုပြီး နှစ်ယောက်အားနဲ့ ဆွဲပါတော့တယ်။ နွားမကြီးခမျာမှာ နာကျင်လွန်းလို့နေသော်လည်း လုံးဝကို ဆက်မလှမ်းပါဘူး။ နှာသီးနုနုလေးကနေ သွေးတွေလည်း ထွက်နေသော်လည်း ဆွဲတဲ့သူများက အားမလျှော့ဘဲ အားကုန်ဆွဲလိုက်တဲ့ တစ်ချက်မှာတော့ နွားမကြီးရဲ့ နှာအုံတစ်ခုလုံး ပြုတ်ထွက်သွားပြီး သွေးများလည်း ချင်းချင်းရဲသွားပါတယ်။ ရှေ့ကနေပြီး အားကုန်ဆွဲတဲ့ လူနှစ်ယောက်လည်း အရှိန်လွန်ပြီး ဖင်ထိုင်လဲကျသွားလို့ နဖားကြိုးလည်း လွတ်သွားပါတယ်။

နွားမကြီးလည်း အားကုန်ပြေးတော့တာပေါ့။ ပြေးလာလိုက်တာ တော်တော်ကြီး အဝေးကို ရောက်သွားတော့တယ်။ အဲဒီအချိန်မှာ နွားသားပေါက်လေးက သူ့အမေကို မြင်လို့ နောက်ကနေ ပြေးလိုက်တာပေါ့။ ဒါပေမယ့် သေရမှာကို ကြောက်လို့ ပြေးနေတဲ့ နွားမကြီးရဲ့ ပြေးနှုန်းက မြန်လွန်းလို့ နွားပေါက်ကလေးက မလိုက်နိုင်တော့ဘူးပေါ့။ ဒါကြောင့် နောက်ကနေ သူ့အမေကို အော်ခေါ်တော့တာပေါ့။ သားရဲ့ အော်သံကို ကြားတော့ နွားမကြီးက တုန့်ကနဲရပ်ပြီး ပြန်လှည့်ကြည့်တာပေါ့။ နောက်တော့ သူအသတ်ခံရမှာကို သတိရသွားပြန်တော့ တခါပြန်ပြေးတော့တာပေါ့။ ဒီတော့လည်း နွားလေးက ထပ်အော်တော့တာပေါ့။ခုနက လူနှစ်ယောက်ကလည်း နွားလေးနားကို ရောက်ပြီး ဒီအဖြစ်အပျက်ကို မြင်တော့ ငါတို့နွားမကြီးကို မဖမ်းတော့ဘူး။ ဒီနွားလေးကိုပဲ ဖမ်းသွားတော့မယ်ဆိုပြီး နွားလေးကို ဆွဲလို့ နွားသတ်ရုံကို ပြန်လာခဲ့ပါတယ်။ ပြီးတော့ နွားသတ်ရုံရဲ့ တိုင်တစ်တိုင်မှာ နွားလေးကို ချည်ထားတာပေါ့။ ပြီးတော့ ခေါင်းဆောင်လုပ်သူက `မင်း နွားလေးကို ခပ်နာနာရိုက်တဲ့၊ အဆက်မပြတ်ရိုက်တဲ့´ အဲဒီတော့ နောက်လိုက်ကလည်း ရိုက်တော့တာပေါ့။ အရိုက်ခံရတော့ နွားလေးကလည်း နာလွန်းလို့ အော်၊ သားအော်သံကိုကြားတော့ နွားမကြီးက ပြန်လှည့်လာတော့တာပေါ့။ ဒီလိုနဲ့ ခပ်နာနာရိုက်၊ နွားလေးကလည်း အော်တော့ နွားမကြီးခမျာ သူ့ကို သတ်မယ့် နွားသတ်ကုန်းကို ဘယ်သူမှ မခေါ်ရဘဲ ပြန်လာတော့တာပေါ့။ သားဇောနဲ့ ကိုယ့်အသက်ဘေးတောင်မှ ဂရုမစိုက်နိုင်တော့ဘဲ ကိုယ့်သေတွင်းကို တည့်တည့်မတ်မတ် ပြန်လာတော့တာပေါ့။

ဒီလိုနဲ့ နေလည်း ၀င်သွားပါပြီ။ ၀တ္ထုတိုလေးလည်း အဆုံးသတ်သွားပါပြီလို့ ဆရာက ပြောလိုက်ပါတယ်။

ဒီဝတ္ထုတိုလေးက မိခင်မေတ္တာကို ဖော်ကျူးရေးဖွဲ့ထားတာပါ။ အမေတိုင်းက သားသမီးတွေကို အသက်နဲ့လဲလို့ ချစ်ခဲ့တာချည်းပါပဲ။

ကျွန်မအနေနဲ့ကတော့ မိခင်ဆိုတာကို ဖော်ကျူးရုံတင်ပါ။ ဖတ်ပြီးတော့ တစ်စုံတစ်ရာ ရရှိသွားတယ်ဆိုရင် တင်ပြရကျိုး နပ်ပါတယ်။

ကျွန်မဆီမှာ `ကျေးဇူးကြီးလှ မိ နဲ့ ဖ´ ဆိုပြီး ဆရာကြီးတွေ ဟောပြောထားတဲ့ အခွေလေးရှိပါတယ်။ ဖိုင်ဆိုက်ကြီးလွန်းလို့ ဘယ်လိုမှ Upload လုပ်လို့ မရနိုင် ဖြစ်နေပါတယ်။ စာဖတ်သူများ ကိုယ်တိုင် ကိုယ်ကျ နားဆင်ချင်တယ်ဆိုရင် အတတ်နိုင်ဆုံး အဆင်ပြေအောင် စီစဉ်ပြီး အခွေလေးကို ပေးပါ့မယ်. လိုအပ်သူများ ဆက်သွယ်နိုင်ပါတယ်ရှင်။

2 comments:

Flower said...

တိရိစ္ဆာန်တွေမှာတောင် မိဘမေတ္တာဆိုတာ နိုင်းစရာမရှိအောင် မြင့်မြတ်လှပါတယ်နော်..
ကျွန်လဲ အိမ်ပြန်သွားတာမို့ မိဘမေတ္တာနဲ့ ပြန်လည်နွေးထွေးခွင့်ရခဲ့ပါတယ်.. ဒီစာလေးဖတ်လိုက်ရတာ ရင်ထဲမှာ တစ်မျိုးလေး ခံစားရပါတယ်.. စိတ်မကောင်းသလို ငိုချင်မိသလိုနဲ့
လေးနက်လှတဲ့ မိဘမေတ္တာကို ဆင်ခြင်မိပါတယ်...

certain condition cube said...

ွှ့Thanks Chaw!