Powered By Blogger

Sunday, December 16, 2007

ိိိMulti Level Marketing အကြောင်း သိကောင်းစရာ

Multi Level Marketing (သို့) Network Marketing (သို့) Pyramid Selling ပိရမစ်ပုံစံ ရောင်းချပုံဆိုတာ ကုန်ပစ္စည်းကို ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ချိရောင်းချတဲ့ စနစ်ပါ။ ပုံမှန်ဆိုရင် ထုတ်လုပ်သူဟာ နောက်ဆုံးစားသုံးသူထံ ကြားခံ (အရောင်းကိုယ်စားလှယ်၊ လက်ကားဆိုင်၊ လက်လီဆိုင်) စသည်ဖြင့် အဆင့်ဆင့် ကျော်ဖြတ်ပြီးမှ ရောင်းချရပါတယ်။ MLM နည်းစနစ်မှာ အဆင့်ဆင့် ဖြန့်ချိတာမျိုး မဟုတ်ဘဲ စားသုံးသူ (end user) ထံတိုက်ရိုက်ဖြန်ချိရောင်းချတဲ့ စနစ်ပါ။ စားသုံးသူတွေက ဖြန့်ဖြူးသူတွေအဖြစ် ဆောင်ရွက်နိုင်ပြီး အခြားစားသုံးသူတွေထံ ထပ်မံရောင်းချနိုင်ပါတယ်။ ကိုယ်ရောင်းချနိုင်တဲ့ ပမာဏ ပေါ်မူတည်ပြီး ကော်မရှင်ခံစားနိုင်ပါတယ်။ ထိုဖြန့်ဖြူးသူတွေ မှတဆင့် တခြား စိတ်ဝင်စားတဲ့သူတွေကလည်း ဖြန့်ချိသူတွေအဖြစ်နဲ့ ပါဝင်လာနိုင်ပါတယ်။ ဒီလို ဖိတ်ခေါ်နိုင်သူတွေဟာ ငွေကြေးပြန်လည်ခံစားနိုင်တဲ့အပြင် ဖိတ်ခေါ်ခံရတဲ့သူတွေက ရောင်းနိုင်တဲ့ပမာဏပေါ် မူတည်ပြီး ကော်မရှင် ခံစားခွင့်ရနိုင်ပါတယ်။ ဖိတ်ခေါ် ခံရတဲ့သူတွေက နောက်ထပ် စိတ်ဝင်စားတဲ့သူတွေကို ထပ်မံ ဖိတ်ခေါ်နိုင်တာကြောင့် ပိရမစ်ပုံ တြိဂံအသွင်ဆောင်လာပါတယ်။
MLM ရဲ့ရည်ရွယ်ချက်
MLM ရဲ့ရည်ရွယ်ချက်က ကုန်ပစ္စည်းကို စားသုံးသူတွေကြား အဆင့်ဆင့်သိအောင် လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် အဓိကရည်ရွယ်ချက်ကတော့ အသင်းဝင်တွေစုဆောင်းပြီး အကျိုးအမြတ်ရဖို့ အတွက်သာဖြစ်ပါတယ်။ MLM နဲ့ဆက်သွယ်သူတွေဟာ ငွေကြေးပမာဏ များစွာပြန်လည်ခံစားနိုင်တာကြောင့် အခုနောက်ပိုင်းမှာ ပိုပြီးခေတ်စားလာနိုင်ပါတယ်။ လူတွေရဲ့ယုံကြည်မှုနဲ့ ငွေနောက်လိုက်တဲ့ အတောမသတ်နိုင်တဲ့ လောဘများကြောင့် အသင်းဝင်တွေရဲ့ ငွေကြေးကို MLM အမည်ခံပြီး လိမ်လည်နေတာကို တွေ့ရပါတယ်။
MLM ပုံစံမှန်
ပိရမစ်ပုံ အဆင့်ဆင့်ရောင်တဲ့စနစ်မှာ အသင်းဝင်ချင်တဲ့ ပထမဆုံးသူက အသင်းဝင်ကြေး ပေးသွင်းရပါတယ်။ ထိုသူတွေက နောက်ထပ်အသင်းဝင်တွေ ထပ်မံစုဆောင်းပေးနိုင်ပါက ဆုကြေးငွေရရှိနိုင်ပါတယ်။ အသင်းဝင်တွေကလည်း နောက်ထပ်အသင်းဝင်သစ်တွေ ထပ်မံတိုးပွားလာအောင် ဆောင်ရွက်ရပါတယ်။ ဒါကြောင့် ပိရမစ်ပုံစံ အရောင်းစနစ်မျိုးတွေ ဖြစ်လာရပါတယ်။ အသင်းဝင်သူတွေဟာ အမြတ်အစွန်းတွေနဲ့ အသင်းဝင်ကြေးတွေ ပြန်လည်ရရှိဖို့ မျှော်လင့်ကြပါတယ်။
အသင်းဝင်ဖိတ်ခေါ်တဲ့ ပုံစံ အမျိုးမျိုးရှိပါတယ်။ company မတူတဲ့အလျှောက် အသင်းဝင်ဖိတ်ခေါ်တဲ့ပုံစံ ကွာခြားပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံးကျင့်သုံးတာက ၁+၂+၂ ပုံစံဖြစ်ပြီး သုံးလအတွင်းအသင်းဝင် ၅ဦး ဖိတ်ခေါ်နိုင်ရပါတယ်။ ပထမလအတွင်းမှာ အသင်းဝင်သစ် ၁ဦး၊ နောက်နှစ်လမှာ ၂ယောက်စီ ဖိတ်ခေါ်နိုင်ရပါတယ်။
အသင်းဝင်သူများ၏ အကျိုးခံစားခွင့်
ပထမဆုံး အသင်းဝင်သူကို company က အကျိုးခံစားခွင့် (သို့) ကော်မရှင် ပေးပါတယ်။ ပထမအသင်းဝင်က နောက်ထပ် အသင်းဝင်သစ် ထပ်ရရင် ထိုသူက ကော်မရှင်ခံစားခွင့် ရနိုင်ပြီး company က ပထမအသင်းဝင်ကို အကျိုးခံစားခွင့်တွေ ဆက်ပေးနေပါတယ်။ ဒုတိယအသင်းဝင်က နောက်ထပ် အသင်းဝင်သစ်တွေ ဖိတ်ခေါ်နိုင်ရင် အဲဒီ အတွက် အကျိုးခံစားခွင့်ရနိုင်ပါတယ်။ အသင်းဝင်တွေများလေ ပထမအသင်းဝင်က အကျိုးခံစားရလေပါ။ ပထမဆုံးအသင်းဝင်က အသင်းဝင်သစ် ၅ဦးရပြီးရင် နောက်ထပ် အသင်းဝင်သစ် ရှာစရာမလိုဘဲ အကျိုးခံစားခွင့်တွေရနေမှာပါ။ ဒါပေမဲ့ ဒုတိယအသင်းဝင်ကစပြီး နောက်ထပ် အသင်းဝင်တွေဟာ အသင်းဝင်သစ်တွေ ဆက်လက်ရှာနေရဦးမှာပါ။ ထိုသူတို့ အသင်းဝင်သစ်တွေရှာနိုင်လေ ပထမဆုံး အသင်းဝင်က အကျိုးခံစားခွင့်ရလေပါ။ အသင်းဝင်သစ် ထပ်ရှာလို့ မရတော့တဲ့ အချိန်ရောက်ရင် ပိရမစ်ပုံစံက မခိုင်မြဲတော့ဘဲ ပြိုလဲသွားနိုင်ပါတယ်။ တြိဂံရဲ့ အောက်ခြေက အသင်းဝင်သစ်တွေက အသင်းဝင်ကြေးတွေ ဆုံးရှုံးသွားနိုင်ပါတယ်။
MLM ရဲ့ ကုန်ပစ္စည်းများ
MLM စနစ်မှာ ရာင်းချတဲ့ ကုန်ပစ္စည်းတွေက ရှားပါးဆေးပစ္စည်း၊ ဆောဖ့်ဝဲလ် နဲ့စီမံကိန်းများ ဖြစ်ပါတယ်။ ကုန်ပစ္စည်းရောင်းသူတွေက ပစ္စည်းရဲ့ ရောင်းလိုအား၊ အနာဂတ်တွင် ပိုမိုအကျိုးဖြစ်ထွန်းမယ့် အသွင် ဆောင်ကြောင်း ၊ အရည်အသွေး မည်မျှကောင်းကြောင်း စသည်ဖြင့် မက်လုံးတွေ ပေးကြပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့ဈေးကွက်ထဲမှာ ပြောသလောက် မဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် MLM နည်းစနစ်နဲ့ စီးပွားရေးလုပ်မယ်ဆိုရင် ဈေးကွက်ထဲမှာ တကယ်ရောင်းချတဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာသာ ယုံကြည်သင့်ပါတယ်။
မှန်ကန်စွာရွေးချယ်နိုင်ပါစေ
MLMနည်းစနစ်ကို အသုံးပြုတဲ့ စီးပွားရေးတိုင်းကို လိမ်လည်လှည့်ဖြားတဲ့ စနစ်လို့ ပုံသေပြောလို့မရပါဘူး။ လောဘကြောင့် အမှားများစွာ ကျူးလွန်ပြီး အဆင့်ဆင့် လိမ်လည်သောစနစ်နဲ့ မရောထွေးမိစေဖို့ လိုပါတယ်။
စစ်မှန်တဲ့ MLMတွေမှာ အရောင်းကိုယ်စားလှယ်တွေအပေါ် ငွေကြေးဆိုင်ရာ အန္တရာယ်ကျရောက်ခြင်းက ကာကွယ်ပေးရပါတယ်။ ကုန်ပစ္စည်းရဲ့ အရည်အသွေးကို အာရုံစိုက်ပြီး အရောင်းကိုယ်စားလှာ်တွေ ကော်မရှင်ခံစားခွင့်ဟာ ကုန်ပစ္စည်းကို ရောင်းချနိုင်တဲ့ ပမာဏအပေါ် မူတည်နေပါတယ်။
စစ်မှန်တဲ့ MLMနဲ့ မစစ်မှန်တဲ့ MLM ကိုခွဲခြားနိုင်ဖို့ လိုပါတယ်။ ကုန်ပစ္စည်းအပေါ် အာရုံစိုက်တဲ့ company တွေကပင် အသင်းဝင်သစ်တွေကို စုဆောင်းတဲ့ အခါမှာ အသင်းဝင်ချင်လာအောင် ချဲ့ကားပြောလေ့ ရှိပါတယ်။ ဒီလို ချဲ့ကားပြီး အသင်းသင်သစ် စုဆောင်းသူတွေကို ပြစ်ဒဏ်စီရင်ခွင့်ရှိပါတယ်။ ပြစ်ဒဏ်အဖြစ် ငွေကြေး (သို့) ထောင်ဒဏ်အထိပင် ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
လောဘကို သတ်နိုင်ကြပါစေ
ယနေ့ငွေလိမ်ခံရသူများ အများစုဟာ မိမိတို့လောဘကို မသတ်နိုင်ကြသောကြောင့် ဖြစ်ပါတယ်။ စီးပွားရေးမှာ ဖြတ်လမ်းလည်း မရှိပါ။ ငွေကြေးနဲ့ပတ်သက်ပြီး မရောင့်ရဲနိုင်ကြရင်၊ မိမိစိတ်ကို အလိုလိုက်မိရင် အမြတ်ထုတ်ခံရခြင်း (လိမ်လည်ခံရခြင်း) များကြုံတွေ့ရနိုင်ပါတယ်။ MLM မှာ အသင်းဝင်ရမယ့် ရင်းနှီးငွေကို ကုန်ပစ္စည်းပေါ် မူတည်ပြီး သတ်မှတ်လေ့ ရှိပါတယ်။ ဒါပေမယ့် အသင်းဝင်ဖြစ်ဖို့ ငွေကြေး အမြောက်အမြား ရင်းနှီးထည့်ဝင်သင့်သလား ဆိုတာ စဉ်းစားသင့်ပါတယ်။ တရားဝင် MLM တွေက အသင်းဝင်ကြေး မြောက်မြားစွာ ကောက်ခံလေ့ မရှိဘူးလို့ ဆိုကြပါတယ်။ ကုန်ပစ္စည်း ၀ယ်ယူဖို့ ငွေကြေးထည့်ဝင်ရမယ် ဆိုရင် အဲဒီ ပစ္စည်းမရောင်းရပါက company အနေဖြင့် ပြန်လည်ဝယ်ယူမယ့် ပေါ်လစီ ရှိ၊ မရှိ သုံးသပ်သင့်ပါတယ်။ တရားဝင် MLM တွေက ကုန်ပစ္စည်း မရောင်းရရင် ပစ္စည်း ၈၀ ရာခိုင်နှုန်းကို ပြန်လည်ဝယ်ယူလေ့ ရှိပါတယ်။
မိမိနဲ့ ဆက်သွယ် လုပ်ကိုင်မယ့် MLM company က ကုန်ပစ္စည်းကို အမှန်တကယ် ရောင်းချဖို့ထက် အသင်းဝင်စုဆောင်းတာကို ဦးစားပေးတာလား၊ ကော်မရှင်ပေးတဲ့ စနစ်က ကုန်ပစ္စည်းရောင်းချနိုင်ဖို့ထက် အသင်းဝင်သစ် ရှာဖွေပေးနိုင်လို့ ပေးတာလား ဆိုတာ သေချာစွာ လေ့လာသုံးသပ်ဖို့လိုပါတယ်။ ဒါကြောင့် မိမိလုပ်ကိုင်တဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ဆင်ခြင်ဥာဏ်သတိနဲ့ ကောင်းစွာ ရှုမြင်သုံးသပ်နိုင်ဖို့ အရေးကြီးပါတယ်။
ကိုးကား။ ။၃၀.၁၁.၂၀၀၇ ခုနှစ်ထုတ် ကုမုဒြာဂျာနယ်
www.en.wikipedia.org



No comments: