ဒီလိုနဲ့ပဲ စန္ဒာရွှေတို့ဆီမှာ ဆီတလူးလူးနဲ့ မိုးလင်းလိုက် မိုးချုပ်လိုက်နဲ့ အချိန်တွေ ကုန်ဆုံးခဲ့ရပါတယ်။ တနေ့နေ့လည်မှာတော့ ဈေးရောင်းနေရင်း စန္ဒာရွှေက အိမ်မှာ ဆီချက်ပုလင်းကျန်ခဲ့တယ်။ ပြန်ယူလို့ ခိုင်းလို့ ပြန်သွားယူပါတယ်။ ဒါပေမယ့် အိမ်မှာ မတွေ့ဘူး။ အဲဒီတော့ စန္ဒာရွှေက နင့်ကြောင့် ပျောက်တယ်ဆိုပြီး ကျွန်မဇက်ပိုးကိုလည်း နှစ်ချက်ရိုက်ပါတယ်။ ပြန်လျှော်ပေးလို့လည်း ပြောပါတယ်။ အမှန်တော့ ကျွန်မက သူတို့သယ်ခိုင်းတာတွေကိုပဲ သယ်ရတာပါ။ ဘာပစ္စည်းပါတယ်ဆိုတာ သေချာ မသိရပါဘူး။ အဲဒီနောက်တော့ အိမ်မှာ ထမင်းပြန်ချက်။ လမ်းမှာ ဆန်ဝင်ဝယ်သွားဆိုပြီး ပိုက်ဆံ တစ်ထောင်ပေးပြီး လွှတ်လိုက်ပါတယ်။ ကျွန်မလည်း သူတို့ဆီမှာ ဆက်မနေချင်တော့တာနဲ့ အဘွားတို့အိမ်ကိုပဲ ပြန်လာခဲ့ပြီး အဘွားရယ် သူတို့ဆီကို မပြန်ခိုင်းပါနဲ့တော့။ ဒီမှာပဲ လုပ်ပါရစေလို့ ငိုယိုပြီး ပြောတော့ အဘွားက နင်ပြန်မသွားချင်လည်း နေလေ လို့ဆိုမှ အပူလုံးကြီး ကျသွားပါတော့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ စန္ဒာရွှေ ယောက်ျား လိုက်လာပြီးတော့ ကျွန်မက သူတို့အိမ်က ပစ္စည်းတွေ ခိုးသွားလို့ဆိုပြီး ပြောပါတယ်။ နောက်တော့ ရဲစခန်းမှာ အမှုဖွင့်ပါတယ်။ အဲဒီတော့ အမေက လိုက်သွားပြီး ကလေးက မနေချင်တော့လို့ မထားနိုင်တော့ကြောင်း၊ ကြိုယူထားတဲ့ လစာငွေနဲ့ ကလေးကြောင့် ပျက်စီးသွားတာတွေကို လျှော်ပေးမယ်လို့ ကတိပြုခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း လျှော်ရမယ့် ငွေတွေက ကျွန်မတို့အတွက် များလိုက်တာလေ။ နားတောင် မလည်တော့ဘူး။
ဒီလိုနဲ့ ကျွန်မလည်း အဘွားကြီးနဲ့ ဈေးကူထွက်ရပြန်ပါတယ်။ အဘွားကြီးက အသက်ကြီးတော့ ဈေးတောင်းမရွက်နိုင်တော့တာမို့ ကျွန်မက ဈေးတောင်းရွက်ပြီး ဈေးလေးကို လိုက်ကူရပါတယ်။ အဘွားကြီးဆိုင်နားက ဈေးသည်တွေက ကျွန်မကို တောက်တိုမယ်ရခိုင်းလို့ မုန့်ဖိုးလေး ဘာလေးလည်း ပေးပါတယ်။
တနေ့တော့ အဘွားကြီးဆိုင်မှာ ဈေးဝယ်နေကျ ဒေါ်ကြီးတစ်ယောက်ကို အဘွားကြီးက ကျွန်မတို့ ဖြစ်အင်တွေကို ပြောပြလို့ ညည်းတော့ ဒေါ်ကြီးက တော်တော် စိတ်မကောင်းဖြစ်သွားပုံရပါတယ်။ ဒါနဲ့ သူအိမ်မှာ သမီးနှစ်ယောက်ရှိပြီး သမီးတွေကလည်း အရွယ်ရောက်လို့ အလုပ်ကိုယ်စီနဲ့ တာဝန်ကျရာမှာ နေရတဲ့ အကြောင်းတွေ ပြောပြပါတယ်။ ဒေါ်ကြီးက သူ့သမီးတွေ ၀တ်ခဲ့တဲ့ အကျီတွေရှိတယ်။ လာယူလို့ ပြောတဲ့အတွက် အဘွားကြီးနဲ့ သွားယူပါတယ်။ အိမ်ကိုရောက်တော့ ဒေါ်ကြီးက အကျီတွေကို အပြင်ကို ထုတ်ထားပြီး စောင့်နေပါတယ်။ ကျွန်မနဲ့ တော်တာတွေကို ရွေးလိုက်တာလေ အများကြီးပဲ ရတယ်။ တချို့ဟာတွေက တော်တော်ကြီးနေလို့ မယူလိုက်ရဘူး ဖြစ်နေတယ်။ ဒေါ်ကြီးအိမ်က ပြန်တော့ ကျွန်မ ပျော်လိုက်တာ --- လှလှလေးတွေ ၀တ်လို့ရပြီဆိုပြီး တွေးလာလိုက်တာ အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်းတောင် သတိမထားမိလိုက်ဘူး။
ဒီလိုနဲ့ နောက်ရက်တွေလည်း ဒေါ်ကြီးဈေးလာဝယ်ရင် အဘွားကြီးက အပိုတွေ ထည့်ပေးတတ်ပါတယ်. ဒါပေမယ့် ဒေါ်ကြီးက ပေးတိုင်းမယူပါဘူး။ သူတို့ အိမ်က လူနည်းတဲ့အတွက် မစားနိုင်တဲ့အကြောင်း ပြောပြီး မုန့်တွေ ထည့်ပေးရင် ပြန်ပြီး ပေးခဲ့တာက များပါတယ်။
တနေ့တော့ အဘွားကြီးက အဲဒီဒေါ်ကြီးကို ကျွန်မကို လက်တိုလက်တောင်းခိုင်းဖို့ ယူပါလားလို့ မေးတော့ ဒေါ်ကြီး မယူချင်ဘူးတဲ့။ သူ့မှာလည်း သားသမီးရှိလို့ သူများတွေက ဒီလို ခိုင်းစားခံရမှာကို မလိုချင်တဲ့အကြောင်း ပြောပါတယ်။ ကျွန်မလည်း တော်တော်ဝမ်းနည်းသွားတယ်။ ကျွန်မက ဒေါ်ကြီးက ခေါ်မယ်ဆိုရင် လိုက်နေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒေါ်ကြီးကို ကြည့်ရတာ သဘောကောင်းပုံရတယ်။ ပြီးတော့ ကျွန်မ ဒေါ်ကြီးတို့အိမ်သွားပြီး အ၀တ်အစားတွေ ယူတုန်းက ဒေါ်ကြီးတို့ အိမ်က တီဗွီကြီးက အကြီးကြီးပဲ။ ဒေါ်ကြီးတို့အိမ်မှာနေရင် ရုပ်ရှင်တွေလည်း ကြည့်ရမှာ --- ပြီးတော့လည်း စန္ဒာရွှေတို့ကို ပေးရမယ့် အကြွေးတွေကလည်း ရှိသေးတယ်။ အဘွားကြီးတို့ကလည်း မပေးနိုင်နဲ့ နောက်တစ်ခါ ကျွန်မကို ရဲစခန်းက လာဖမ်းမှာလည်း ကြောက်သေးတယ်။ ဒေါ်ကြီးက ခေါ်ရင်တော့ တော်တော်ကို ကောင်းမှာပဲ လို့ တွေးနေမိတယ်။ ဒါကြောင့် အဘွားကြီးဆီမှာ ဒေါ်ကြီးဈေးလာဝယ်တိုင်း ရီ ရီပြရတာ ပါးတောင် တော်တော် ညောင်းနေပြီ။
Showing posts with label ခံစားမှုရသ. Show all posts
Showing posts with label ခံစားမှုရသ. Show all posts
Monday, March 15, 2010
Wednesday, March 10, 2010
မျောက်ဖြစ်ချင်တယ် ဒေါ်ကြီးရယ် ---- (၁)


ကျွန်မ နာမည်က အငယ်မ။ နာမည်ရင်းတော့ မဟုတ်ဘူး။ နာမည်အရင်းက လှတယ်ရှင် --- သူဇာလွင်တဲ့။ ဒါပေမယ့် ဘယ်သူမှ အဲဒီနာမည်မခေါ်ဘူး။ အကုန်လုံးက အငယ်မပဲ ခေါ်တော့ အဲဒါကပဲ ကိုယ့်နာမည်ဖြစ်နေတာ။ သူဇာလွင်လို့ ခေါ်သံကြားရင် နားထဲမှာကိုက ယားကျိကျိ။ မွေးရပ်က ရန်ကုန်မြို့ကြီးရဲ့ ဒညင်းကုန်းရပ်ကွက်ထဲ --- အဖေဆုံးပြီးတော့ အမေတစ်ယောက်တည်းလည်း သမီးတွေ အတွက် မလုံးပမ်းနိုင်တာနဲ့ အဘိုး၊ အဘွားများ ရှိရာ ပုသိမ်မြို့ရဲ့ ပျံကျ ရပ်ကွက်လေးထဲကို ပြောင်းသွားခဲ့တယ်။
မွေးချင်းက လေးယောက်။ ခုတော့ သုံးယောက်ပဲ ကျန်တော့တယ်။ ကျွန်မရဲ့ အထက်က အကြီးတစ်ယောက်က ဆုံးသွားပြီလေ။ အဘိုး၊ အဘွားတွေကလည်း လက်လုပ်၊ လက်စား တော်တော်ကလေး ဆင်းရဲတယ်။ မုန့်ဟင်းခါးဟင်းရည်နဲ့ စားရတဲ့ ခေါက်ဆွဲဖြန့်တဲ့ အလုပ်လေးလုပ်ပြီး ခေါက်ဆွဲဆိုင်၊ ကော်ရည်ဆိုင်နဲ့ ဈေးလေးထဲမှာ သွားရောင်းကြတယ်။ နဂိုကတည်းက ကြပ်တည်းရတဲ့ကြားထဲ ခုလို ပါးစပ်ပေါက်တွေ တိုးတာတော့ ပိုလို ကြပ်တည်းသွားတာပေါ့။ ဒါပေမယ့်လည်း ညည်းညူရင်းပဲ သမီးနဲ့ မြေးတွေကို ရှာဖွေကျွေးမွေးပါတယ်။ ဒီလိုနဲ့ ကျွန်မလည်း အရွယ်ရောက်ပြီး လုပ်နိုင်ကိုင်နိုင်ရှိလာတော့ တစ်ဖက်တစ်လမ်းက အပိုဝင်ငွေလေးရအောင်ဆိုပြီး အဘွားကြီးတို့ ခေါက်ဆွဲပို့နေကြဆိုင်တစ်ဆိုင်ကို အိမ်အကူ (ဒီအရပ်မှာတော့ အိမ်ဖော်ပေါ့) ပို့လိုက်တယ်။ ကျွန်မရဲ့ လုပ်အားခတွေကို အမေနဲ့ အဘွားက လာလာပြီး ယူသွားကြတာပဲ။ အိမ်ပိုင်ရှင် စန္ဒာရွှေ (မုန်းလွန်းလို့ အန်တီလို့တောင် ထည့်မခေါ်ဘူး) အပြောအရတော့ ညည်းအမေက ပိုက်ဆံတွေမှ ကြိုယူသွားတာ အများကြီးပဲတဲ့။ အမေတို့ကလည်း အမြဲတမ်းကြပ်တည်းနေတာမို့ သူပြောတာလည်း ဟုတ်မှာ။ ကျွန်မကတော့ ဘာမှ သေချာ မသိဘူးလေ။ စာလည်းမှ မတတ်တာ။ ကျောင်းတောင် သူငယ်တန်းအထိပဲ နေဖူးတာ ---
စန္ဒာရွှေတို့က မုန့်ဟင်းခါးဆိုင်ဖွင့်တယ်။ အိမ်နဲ့ ဆိုင်နဲ့ က အဝေးကြီးရယ်။ သူတို့က နေ့လည်ပိုင်းမှ ဆိုင်ဖွင့်တာ။ ဒါကြောင့် နေ့လည် ၁၁နာရီဆိုရင် ဆိုင်ခင်းဖို့ စလုပ်ရပြီလေ။ မြို့လယ်ခေါင်က သိမ်ကြီးရှေ့မှာ ရောင်းတာ။ ဆိုင်ခုံတွေဆိုအိမ်ကနေပဲ သယ်ရတာ --- ကျွန်မမှာ တနေ့တနေ့ ရွက်ရတာ ခေါင်းကို ကျိန်းရော။ ပြီးရင် အိမ် နဲ့ ဆိုင်ကိုလည်း ခေါက်တုန့် ခေါက်ပြန် သွားရတာ။ သူတို့ ခိုင်းတာတွေ သွားယူပေးရတာ။ တော်ကြာ ဆီချက်ရည် ကျန်ခဲ့လိုက်။ ပဲမှုန့် ကျန်ခဲ့လို့ ပြေးလိုက်ဦး။ တနေ့ တနေ့ ပြေးနေရတာ ဆိုင် မသိမ်း မချင်းပဲ။ တခါတလေဆို လမ်းတောာင် ဆက်မလျှောက်ချင်တော့လောက်အောင် ညောင်းနေတာ။ သွားတာနှေးရင်လည်း ခေါင်းခေါက်သေးတယ်။
ကျွန်မအလုပ်က စန္ဒာရွှေတို့ဆိုင်ကို ကူညီရုံတင်မကပါဘူး။ အိမ်မှာလည်း ရေခပ်ရ။ ထမင်းချက်ရ။ (ဟင်းတော့ မချက်ရဘူး) သူတို့ကလည်း ချက်မစားပါဘူး။ ကျွန်မကိုတော့ မုန့်ဟင်းခါးရည်နဲ့ ကျွေးပြီး သူတို့ကတော့ ဆိုင်က ပဲဟင်းနဲ့ အခြားဟင်းတွေ ၀ယ်စားတာပေါ့။ ကျွန်မကတော့ နေ့တိုင်း မုန့်ဟင်းခါးရည်နဲ့ပဲ စားရတာပေါ့။ အိမ်က လူတွေ ခိုင်းတာ အကုန်လုပ်ရနဲ့။ ဒီကြားထဲ ဈေးလည်း ၀ယ်ပေးရသေးတယ်။ တိုတိုစစလေးတွေပါ။ ဆေးလိပ်တို့၊ ကွမ်းတို့၊ လက်ဖက်ရည်တို့ပေါ့။ ကျွန်မကလည်း အဲဒါတွေ သွားဝယ်ခိုင်းရင်ပျော်တယ်။ လက်ဖက်ရည် ၀ယ်ပေးရတာ အပျော်ဆုံးပေါ့။ ဘာကြောင့်လဲဆိုတော့ လက်ဖက်ရည်ဆိုင်မှာက ဗွီဒီယိုပြတယ်လေ။ ကျွန်မကြိုက်တဲ့ မြန်မာကားတွေဆို အကြာကြီး ကြည့်ပစ်လိုက်တာ။
ကျွန်မကို စန္ဒာရွှေတို့က မအားရအောင်ခိုင်းတာ။ တခါတလေဆို မနက်စာ ထမင်းတောင် လွတ်တယ်။ ရေလည်း သေချာ မချိုးဖြစ်ပါဘူး။ ရေချိုးနေရင်းနဲ့ အငယ်မရေ --- မပြီးသေးဘူးလား --- ကြာလှချည်လား --- မြန်မြန်လုပ်-- ကဲကြည့်ဦး ခုမှ စချိုးရတာ။ ဂျီးတောင် မတွန်းရသေးဘူး။ အဲဒါနဲ့ လက်စသတ်. ကိုယ်က ချွေးနံ့တောင် မစင်ဘူး။ ဒီလိုပဲ လုံးချာလည်လိုက်တာ ညရောက်ရော --- ညဆိုလည်း ၉နာရီလောက်မှ ဆိုင်သိမ်းတာဆိုတော့ အိမ်ကိုရောက်တော့ ၁၀နာရီကျော်။ အိုး၊ ခွက်တွေ တိုက်၊ ချွတ်ဆေးကြော။ ညစာ အဖြစ် မုန့်ဆိုင်က အကျန် ခေါက်ဆွဲတွေ၊ ထမင်းတွေ ရောစားပြီး ၁၁ နာရီလည်း ကျော်ရော တစ်နေ့တာ လက်စသိမ်းလို့ အိပ်ရရော ---
ဆက်ပါဦးမည်။ မျှော် ---
Subscribe to:
Posts (Atom)
