Powered By Blogger

Monday, March 15, 2010

မျောက်ဖြစ်ချင်တယ် ဒေါ်ကြီးရယ် (၂ )

ဒီလိုနဲ့ပဲ စန္ဒာရွှေတို့ဆီမှာ ဆီတလူးလူးနဲ့ မိုးလင်းလိုက် မိုးချုပ်လိုက်နဲ့ အချိန်တွေ ကုန်ဆုံးခဲ့ရပါတယ်။ တနေ့နေ့လည်မှာတော့ ဈေးရောင်းနေရင်း စန္ဒာရွှေက အိမ်မှာ ဆီချက်ပုလင်းကျန်ခဲ့တယ်။ ပြန်ယူလို့ ခိုင်းလို့ ပြန်သွားယူပါတယ်။ ဒါပေမယ့် အိမ်မှာ မတွေ့ဘူး။ အဲဒီတော့ စန္ဒာရွှေက နင့်ကြောင့် ပျောက်တယ်ဆိုပြီး ကျွန်မဇက်ပိုးကိုလည်း နှစ်ချက်ရိုက်ပါတယ်။ ပြန်လျှော်ပေးလို့လည်း ပြောပါတယ်။ အမှန်တော့ ကျွန်မက သူတို့သယ်ခိုင်းတာတွေကိုပဲ သယ်ရတာပါ။ ဘာပစ္စည်းပါတယ်ဆိုတာ သေချာ မသိရပါဘူး။ အဲဒီနောက်တော့ အိမ်မှာ ထမင်းပြန်ချက်။ လမ်းမှာ ဆန်ဝင်ဝယ်သွားဆိုပြီး ပိုက်ဆံ တစ်ထောင်ပေးပြီး လွှတ်လိုက်ပါတယ်။ ကျွန်မလည်း သူတို့ဆီမှာ ဆက်မနေချင်တော့တာနဲ့ အဘွားတို့အိမ်ကိုပဲ ပြန်လာခဲ့ပြီး အဘွားရယ် သူတို့ဆီကို မပြန်ခိုင်းပါနဲ့တော့။ ဒီမှာပဲ လုပ်ပါရစေလို့ ငိုယိုပြီး ပြောတော့ အဘွားက နင်ပြန်မသွားချင်လည်း နေလေ လို့ဆိုမှ အပူလုံးကြီး ကျသွားပါတော့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ စန္ဒာရွှေ ယောက်ျား လိုက်လာပြီးတော့ ကျွန်မက သူတို့အိမ်က ပစ္စည်းတွေ ခိုးသွားလို့ဆိုပြီး ပြောပါတယ်။ နောက်တော့ ရဲစခန်းမှာ အမှုဖွင့်ပါတယ်။ အဲဒီတော့ အမေက လိုက်သွားပြီး ကလေးက မနေချင်တော့လို့ မထားနိုင်တော့ကြောင်း၊ ကြိုယူထားတဲ့ လစာငွေနဲ့ ကလေးကြောင့် ပျက်စီးသွားတာတွေကို လျှော်ပေးမယ်လို့ ကတိပြုခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း လျှော်ရမယ့် ငွေတွေက ကျွန်မတို့အတွက် များလိုက်တာလေ။ နားတောင် မလည်တော့ဘူး။

ဒီလိုနဲ့ ကျွန်မလည်း အဘွားကြီးနဲ့ ဈေးကူထွက်ရပြန်ပါတယ်။ အဘွားကြီးက အသက်ကြီးတော့ ဈေးတောင်းမရွက်နိုင်တော့တာမို့ ကျွန်မက ဈေးတောင်းရွက်ပြီး ဈေးလေးကို လိုက်ကူရပါတယ်။ အဘွားကြီးဆိုင်နားက ဈေးသည်တွေက ကျွန်မကို တောက်တိုမယ်ရခိုင်းလို့ မုန့်ဖိုးလေး ဘာလေးလည်း ပေးပါတယ်။

တနေ့တော့ အဘွားကြီးဆိုင်မှာ ဈေးဝယ်နေကျ ဒေါ်ကြီးတစ်ယောက်ကို အဘွားကြီးက ကျွန်မတို့ ဖြစ်အင်တွေကို ပြောပြလို့ ညည်းတော့ ဒေါ်ကြီးက တော်တော် စိတ်မကောင်းဖြစ်သွားပုံရပါတယ်။ ဒါနဲ့ သူအိမ်မှာ သမီးနှစ်ယောက်ရှိပြီး သမီးတွေကလည်း အရွယ်ရောက်လို့ အလုပ်ကိုယ်စီနဲ့ တာဝန်ကျရာမှာ နေရတဲ့ အကြောင်းတွေ ပြောပြပါတယ်။ ဒေါ်ကြီးက သူ့သမီးတွေ ၀တ်ခဲ့တဲ့ အကျီတွေရှိတယ်။ လာယူလို့ ပြောတဲ့အတွက် အဘွားကြီးနဲ့ သွားယူပါတယ်။ အိမ်ကိုရောက်တော့ ဒေါ်ကြီးက အကျီတွေကို အပြင်ကို ထုတ်ထားပြီး စောင့်နေပါတယ်။ ကျွန်မနဲ့ တော်တာတွေကို ရွေးလိုက်တာလေ အများကြီးပဲ ရတယ်။ တချို့ဟာတွေက တော်တော်ကြီးနေလို့ မယူလိုက်ရဘူး ဖြစ်နေတယ်။ ဒေါ်ကြီးအိမ်က ပြန်တော့ ကျွန်မ ပျော်လိုက်တာ --- လှလှလေးတွေ ၀တ်လို့ရပြီဆိုပြီး တွေးလာလိုက်တာ အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်းတောင် သတိမထားမိလိုက်ဘူး။

ဒီလိုနဲ့ နောက်ရက်တွေလည်း ဒေါ်ကြီးဈေးလာဝယ်ရင် အဘွားကြီးက အပိုတွေ ထည့်ပေးတတ်ပါတယ်. ဒါပေမယ့် ဒေါ်ကြီးက ပေးတိုင်းမယူပါဘူး။ သူတို့ အိမ်က လူနည်းတဲ့အတွက် မစားနိုင်တဲ့အကြောင်း ပြောပြီး မုန့်တွေ ထည့်ပေးရင် ပြန်ပြီး ပေးခဲ့တာက များပါတယ်။

တနေ့တော့ အဘွားကြီးက အဲဒီဒေါ်ကြီးကို ကျွန်မကို လက်တိုလက်တောင်းခိုင်းဖို့ ယူပါလားလို့ မေးတော့ ဒေါ်ကြီး မယူချင်ဘူးတဲ့။ သူ့မှာလည်း သားသမီးရှိလို့ သူများတွေက ဒီလို ခိုင်းစားခံရမှာကို မလိုချင်တဲ့အကြောင်း ပြောပါတယ်။ ကျွန်မလည်း တော်တော်ဝမ်းနည်းသွားတယ်။ ကျွန်မက ဒေါ်ကြီးက ခေါ်မယ်ဆိုရင် လိုက်နေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒေါ်ကြီးကို ကြည့်ရတာ သဘောကောင်းပုံရတယ်။ ပြီးတော့ ကျွန်မ ဒေါ်ကြီးတို့အိမ်သွားပြီး အ၀တ်အစားတွေ ယူတုန်းက ဒေါ်ကြီးတို့ အိမ်က တီဗွီကြီးက အကြီးကြီးပဲ။ ဒေါ်ကြီးတို့အိမ်မှာနေရင် ရုပ်ရှင်တွေလည်း ကြည့်ရမှာ --- ပြီးတော့လည်း စန္ဒာရွှေတို့ကို ပေးရမယ့် အကြွေးတွေကလည်း ရှိသေးတယ်။ အဘွားကြီးတို့ကလည်း မပေးနိုင်နဲ့ နောက်တစ်ခါ ကျွန်မကို ရဲစခန်းက လာဖမ်းမှာလည်း ကြောက်သေးတယ်။ ဒေါ်ကြီးက ခေါ်ရင်တော့ တော်တော်ကို ကောင်းမှာပဲ လို့ တွေးနေမိတယ်။ ဒါကြောင့် အဘွားကြီးဆီမှာ ဒေါ်ကြီးဈေးလာဝယ်တိုင်း ရီ ရီပြရတာ ပါးတောင် တော်တော် ညောင်းနေပြီ။

2 comments:

လင်းကြယ်ဖြူ said...

အပိုင်း ဆက်တွေ နဲ့ ရသဖော်နေပါလား...
စာရေးအားတော်တော်ကောင်းတယ်နော...
ဆက်လက်ရေးသား နိုင်ရင်း
ပျော်ပါစေ
*.*.*

certain condition cube said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ --- ကိုလင်းကြယ်ဖြူ--

လာရောက်အားပေးတာ ကျေးဇူးပါ ---