Powered By Blogger

Monday, November 9, 2009

ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို ဖန်တီးပေးနိုင်သည့် ခေတ်မှီသယံဇာတ အင်အားစုများ (အပိုင်း-၂)



ပြိုင်ဆိုင်မှု အကျိုးကျေးဇူး (Competitive Advantage) ကို ရရှိစေရန် ခေတ်မီသယံဇာတများတွင် ရင်းနှီးမြှုပ်နှံရာတွင် အခြေခံနှင့် အဆင့်မြင့် ပညာများတွင် ရင်းနှီးမြှုပ်နှံခြင်း (Investing in basic and higher institutions)၊ စွမ်းရည် ဗဟုသူတများ တိုးတက်လာစေခြင်း (Improving in general skill and knowledge)၊ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များ (Stimulating R & D at higher institutions) တို့အား ပြုလုပ်ပေးခြင်းဖြင့် ရရှိနိုင်စေသည်။


အခြေခံသဘာဝအင်အားစုများ (Basic Factors) ကောင်းမွန်မှုသည် ကနဦး အကျိုးကျေးဇူး (Initial Advantages) ကိုသာ ဖန်တီးပေးနိုင်သည်။ ထို Basic Factory များ မရှိလျှင်လည်း သွင်းကုန်များအဖြစ် တင်သွင်းကြခြင်းဖြင့် ရရှိနိုင်ပေသည်။ ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို တွန်းအားပေးသည့် အဓိက အောင်မြင်မှုများ ကို ဆက်လက်ထိန်းသိမ်းပေးနိုင်မည့် အင်အားစုမှာ ခေတ်မှီသယံဇာတအင်အားစုများ (Advanced Factors) များပင် ဖြစ်သည်။


သို့ဖြစ်ရာ နိုင်ငံများတွင် အခြေခံသဘာဝအင်အားစု (Basic Factors) များ ပြည့်စုံစွာ မရှိပါက ၎င်းနိုင်ငံသည် မည်ကဲ့သို့ ပြုလုပ်သင့်သနည်း။ နိုင်ငံများတွင် အခြေခံသဘာဝအင်အားစုများ မရှိပါက Advanced Factors များတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံသည် Natural Resources တွင် ရှားပါးပြီး ဧရိယာကျဉ်းမြောင်းသော နိုင်ငံတစ်ခုဖြစ်သော်လည်း Advanced Factors များဖြစ်သော Engineering, Entrepreneurship, Skilled Labors များရရှိအောင် ဖန်တီးထားသဖြင့် ထုတ်လုပ်မှုလုပ်ငန်းများတွင် အောင်မြင် မှုများ အမြဲရရှိခဲ့သည်။


နိုင်ငံများသည် မိမိနိုင်ငံအတွက် ပြိုင်ဆိုင်မှု အားကောင်းသော၊ စဉ်ဆက်မပြတ်ဖြစ်သော၊ တိုးတက်မြန်ဆန်သော စီးပွားရေးအဆောက်အအုံ ဖြစ်ပေါ်စေရန် အခြေအနေများကို ရယူဖန်တီးရပေမည်။ နည်းပညာသည် စီးပွားရေးအဆောက်အအုံကြီး ပြောင်းလဲမှု ဖြစ်ပေါ်စေရန် အရေးကြီးဆုံး ဇစ်မြစ်ထဲတွင် ပါဝင်သည်။ သိပ္ပံနှင့် နည်းပညာ စွမ်းရည် (Capacity for Science and Technology) သည် တီထွင်မှု အားကောင်းသော၊ ပြောင်းလဲမှုများကို တိုးတက်လက်ခံနို်င်သော စီးပွားရေး လုပ်ငန်းများ လက်ထဲသို့ ရောက်ရှိစေရန် လိုအပ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများ (Research and Development) ကို ပြုလုပ်နေသော အဖွဲ့အစည်းများ (Institutions) များနှင့် လက်တွေ့နယ်ပယ်မှ ထုတ်လုပ်မှု လုပ်ငန်းများကြား ဆက်စပ်မှုအားကောင်းစေရန် ဆက်စပ်မှုအား မြှင့်တင်ပေးခြင်း (Linkage Promotion) ပြုလုပ်ပေးရပေမည်။ များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သုတေသနပြုလုပ်နေသည့် အဖွဲ့အစည်းများနှင့် လက်တွေ့အသုံးချ ထုတ်လုပ်မှု ပြုလုပ်နေသည့် လုပ်ငန်းများကြား ဆက်စပ်မှု အားနည်းနေသည့်အပြင် သုတေသန အသုံးစရိတ် (Research and Development Expenditure) လည်း သုံးစွဲနိုင်မှု အားနည်းခြင်း၊ သတင်းအချက်အလက်များကို ဖြန့်ဖြူးမှု အားနည်းခြင်း၊ မူပိုင်ခွင့်ဥပဒေများ အားနည်းခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများပေးမှုများ အားနည်းခြင်းတို့ကို တွေ့ရှိရပေသည်။


နိုင်ငံတစ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာတီထွင်ခြင်း တိုးတက်မှုကို တိုင်းတာနိုင်သော ညွှန်ကိန်းများထဲတွင် သုတေသန အသုံးစရိတ်လည်း ပါဝင်သည်။ သုတေသန အသုံးစရိတ်အတွက် ရင်းနှီးမှုများလေလေ၊ မိမိနိုင်ငံ၊ မိမိကုမ္ပဏီ၏ တီထွင်မှု အတိုင်းအတာမှာ များပြားလေလေပင် ဖြစ်သည်။ ထို့ကြောင့် ခိုင်မာသော သိပ္ပံ နှင့် နည်းပညာ အခြေခံနှင့် ဥစ္စာဓနကို ဖန်တီးပေးနိုင်သော နည်းပညာ တီထွင်ခြင်း (Wealth Creating Technological Innovations) နှင့်အတူ အသုံးချမှု (Application) တို့ကိုပါ တွဲဖက်အသုံးပြုနိုင်လေလေ အပြည်ပြည်ဆိုင်ရာ ပြိုင်ဆိုင်မှု ပတ်ဝန်းကျင် (Competitive International Environment )၌ မရှိမဖြစ် လိုအပ်သော စီးပွားရေး တိုးတက်မှု (Essential to Economic Growth) ကို ဖော်ဆောင်နိုင်မှု ဝေးလေလေပင်ဖြစ်သည်။


ယခုအခါ အသိပညာ၊ ဗဟုသုတ၊ ပညာတို့ကို အခြေခံသော စီးပွားရေး အဆောက်အအုံ (Knowledge Based Economy) ဖြစ်ပြီး သဘာဝသယံဇာတ အရင်းအမြစ် (Natural Resource)၊ အခြေခံကျသော သမရိုးကျ ထုတ်လုပ်မှု (Primary Processing and manufacturing) မျိုးဖြင့် ရပ်တည်၍ မရတော့ပေ။ ထိရောက်သော ထုတ်လုပ်မှုများ (Effective Production) နှင့်အတူ အသိပညာ၊ ဗဟုသုတ၊ ပညာတို့ကို အခြေခံသော ခေတ်မှီနည်းပညာာ (Advanced Technology)၊ ဈေးကွက် ရှာဖွေမှု (Marketing)၊ ရောင်းချမှု (Sales)၊ ၀န်ဆောင်မှု (Services) နှင့် ဖြန့်ဖြူးမှု (Distribution) များ ရရှိမည် ဖြစ်သည်။


စီးပွားရေး လုပ်ငန်းစု အဆင့်ဆင့်တွင် ပြိုင်ဆိုင်မှုသည် အရေးပါလျှက်ရှိပြီး ဈေးပေါလျှက်ရှိပြီး ဈေးပေါသော ကုန်ကြမ်းနှင့် လုပ်အား ရနိုင်မှု၊ နည်းပညာရနိုင်မှု၊ ဈေးကွက်ရနိုင်မှု တို့သည် ပြိုင်ဆိုင်မှုကို တွန်းအားပေးသော အရာများ ဖြစ်ခဲ့သော်လည်း ပညာခေတ် (Knowledge Era) တွင် တွန်းအားပေးနိုင်သော တွန်းအားစုအသစ် (New Drivers for Competitiveness) အဖြစ် ၀ယ်ယူသူများကို တန်ဖိုးထားခြင်း (Customer Value) ကို တွေ့ရှိရပေမည်။ ၀ယ်သူများကို တန်ဖိုးထားခြင်းတွင် ဒီဇိုင်းနှင့် ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှု (Ownership of Designs and Brands)၊ ဈေးကွက် ရှာဖွေမှု စွမ်းရည် (the excellence of marketing skills) နှင့် ၀ယ်သူများ၏ လိုအင်ဆန္ဒကို ချဉ်းကပ်မှု (Focus on Customer Demands) တို့ ပါဝင်ပေသည်။ ထို့ကြောင့် ပုံစံကျနသော ထုတ်လုပ်မှု ဖြစ်စဉ် (Smart Production Process) သည် အလွန်အရေးပါလာခဲ့သည်။ နည်းပညာ စီမံခန့်ခွဲမှု (Management for Technology)၊ တီထွင်မှု (Innovation) နှင့် သတင်းအချက်အလက် (Information) တို့မှာ ၂၁ရာစု၏ အဓိက လိုအပ်ချက်များ ဖြစ်လာခဲ့သည်။


ထို့ကြောင့် စီးပွားရေး တိုးတက်မှုနှင့် အပြည်ပြည်ဆိုင်ရာ ပြိုင်ဆိုင်မှု ရရှိရေးတို့သည် အပြန်အလှန် ဆက်စပ်လျှက်ရှိပြီး ပညာဗဟုသုတ၊ နည်းပညာ လွဲပြောင်းရေး (Generation and Transfer of Knowledge and Technology) တို့အပေါ်တွင် မူတည်လျှက်ရှိသည်။ ပညာဗဟုသုတနှင့် နည်းပညာများမြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ်တီထွင်မှုများ ပြုလုပ်နိုင်ခြင်း (Sustained Innovation) တို့သည် စက်မှုနှင့် စီးပွားရေး လုပ်ငန်းများအတွက် ပြဿနာများကို အောင်မြင် ကျော်လွှားစေနိုင်ပြီး နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို အထောက်အကူ ပြုနိုင်ပေသည်။


ပြိုင်ဆိုင်မှုများလွန်းသော ခေတ်ထဲတွင် ပြိုင်ဆိုင်မှုမှ အကိျုးရလဒ်ကောင်းများ ဖန်တီးနို်င်စေကြောင်း ဆန္ဒပြုရင်း ---

Sunday, November 8, 2009

ပြိုင်ဆိုင်မှုအကျိုးကျေးဇူးကို ဖန်တီးပေးနိုင်သည့် ခေတ်မှီသယံဇာတ အင်အားစုများ - အပိုင်း ၁


၂၀ ရာစု ကုန်ခါနီးအချိန်မှ စတင်၍ ကမ္ဘာ့စီးပွားရေး အဆောက်အအုံအတွင်း တွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ကုန်စည်နှင့် ၀န်ဆောင်မှု၊ ဘဏ္ဍာငွေ စီးဆင်းမှု၊ အရင်းအနှီး နှင့် နည်းပညာများ စသည်တို့သည် နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ အလွယ်တကူ ၀င်ထွက်သွားလာနိုင်ကြသည်နှင့်အမျှ ယနေ့ကမ္ဘာ ပေါ်တွင် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်မှ စ၍ နှိုင်းယှဉ်အကျိုးကျေးဇူးများ (Comparative Advantage)ကို မှီခို အားကိုး၍ မရတော့ဘဲ ကမ္ဘာ့ဈေးကွက် တွင် အပြိုင်အဆိုင် ဈေးကွက်ရှာဖွေမှုမှ တဆင့် ပြိုင်ဆိုင်မှု အကျိုးကျေးဇူး (Competitive Advantages) ကို ရရှိအောင် ဖန်တီးလျှက်ရှိသည်။


ပြိုင်ဆိုင်မှု (Competitiveness) ဆိုသည့် ဝေါဟာရကို စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးဘာသာ ရပ်နယ်ပယ်၊ နိုင်ငံရေးနယ်ပယ်များတွင် အသုံးများလာ သည်ကို တွေ့ရှိရသည်။ စီးပွားရေးရှုထောင့်အရ ပြိုင်ဆိုင်မှု (Competitiveness) ဆိုသည်မှာ အမြတ်၊ ဈေးနှုန်း၊ ရင်းနှီးမြှုပ်နှံမှုတို့၏ ပြန်ရချက်၊ ထုတ်ကုန်အရည်အသွေး စသည်တို့၏ ရလဒ်များ ကြောင့် စီးပွားရေး လုပ်ငန်းနယ်ပယ်အတွင်းမှာ ဆက်လက်ရှင်သန် ရပ်တည်နေနိုင်ပြီး အသစ်အသစ်သော ဈေးကွက်များအထိ တိုးချဲ့ နိုင်သော လုပ်ငန်း၏ စွမ်းရည်ကို ခေါ်ဆိုသည်။


နိုင်ငံ၏ ပြိုင်ဆိုင်မှု (National Competitiveness) ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ဈေးကွက်များတွင် မိမိနိုင်ငံထုတ်ကုန်စည်နှင့် ၀န်ဆောင်မှုများကို ကမ္ဘာ့ဈေးကွက်တွင် ဖန်တီးထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းဝယ်နိုင် သော နိုင်ငံတစ်ခု၏ စွမ်းရည်ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်ခု၏ ယှဉ်ပြိုင်မှုကို အရှင်းဆုံးဖွင့်ဆိုရလျှင် ကမ္ဘာ့ဈေးကွက်တွင် ဆက်လက်ရှင်သန်ရပ်တည်နိုင်စွမ်းရှိသော လုပ်ငန်း၏ စွမ်းရည်ပင် ဖြစ်ပေသည်။


နိုင်ငံတစ်ခု၏ ပြိုင်ဆိုင်မှု တိုးတက်စေရန် အဓိကကျသော အင်အားစုများမှာ -

Ø သဘာဝသယံဇာတအင်အားစု (Factor Endowment)

Ø ပြည်တွင်းဝယ်လိုအား အခြေအနေ (Demand Condition)

Ø ၎င်းလုပ်ငန်းနှင့် ဆက်စပ်ပတ်သက်လျှက်ရှိသော၊ အထောက်အပံ့ ပြုလျှက်ရှိသော စက်မှုလုပ်ငန်းများ ( Related and Supporting Industries)

Ø လုပ်ငန်းစု၏ မဟာဗျူဟာ၊ လုပ်ငန်းပုံသဏ္ဍာန် နှင့် လုပ်ငန်းပြိုင်ဆိုင်မှု (Firm Strategy၊ Structure and Rivalry) တို့ ဖြစ်ကြသည်။


ဤအင်အားစုများ အားကောင်းလေ နိုင်ငံ၏ ပြိုင်ဆိုင်မှု အင်အားကောင်းလေ ဖြစ်သည်။ သို့သော် ဤအင်အားစုများသည် လုပ်ငန်း၏ အတွင်းအင်အားစုများ (Internal Factors) များဖြစ်ပြီး အခွင့်အလမ်း (Chance) နှင့် အစိုးရ၏ ထိန်းချုပ်မှုနှင့် မူဝါဒ (Government Control and Policy) ကဲ့သို့သော လုပ်ငန်း၏ ပြင်ပမှ ထိရောက်စေသော အင်အားစုများ (External Factors) များလည်း ရှိသည်။


နိုင်ငံများအကြားတွင် မိမိနိုင်ငံထုတ်ပစ္စည်းများ၊ ၀န်ဆောင်မှုများကို ကမ္ဘာ့ဈေးကွက်အတွင်း ရှယ်ယာ အပြိုင်အဆိုင်ရယူနိုင်ရန် တီထွင်မှုများ (Innovation) ဆက်တိုက်လိုအပ်လာသည်။ ထို့ကြောင့် နိုင်ငံများအကြား ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို ရရှိခံစားနိုင်ရန်၊ ပြိုင်ဆိုင်မှု အကျိုးကျေးဇူးသည် မည်သည့်အကြောင်းအရာများပေါ် မူတည်နေသနည်း၊ မည်သို့စီမံခန့်ခွဲလျှင် ရနိုင်မည်နည်း ဆိုသည်ကို နိုင်ငံများအကြား အပြိုင်အဆိုင် လေ့လာ သုံးသပ်မှုများ ပြုလုပ်လာခဲ့သည်။ အာရှနိုင်ငံများဖြစ်သော စင်္ကာပူနှင့် ဟောင်ကောင်တို့သည်လည်း အမေရိကန် နှင့် ပြိုင်ဆိုင်မှု ကွာဟချက် (Competitiveness Gap) ကျဉ်းမြောင်း လာခဲ့သည်။


ကမ္ဘာ့စီးပွားရေးအဆောက်အအုံတွင် စီးပွားရေးလုပ်ငန်းများ၊ ကုမပဏီများသည် ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို ရရှိနိုင်ရန် အတွက် အပြိုင်အဆိုင်ရှာဖွေကြသည်။ ထိုသို့ ရှာဖွေကြရာတွင် -


Ø ကုန်ကြမ်းဇစ်မြစ်ကို သေချာစွာ ထိန်းသိမ်းခြင်း (Maintaining a Secure Source of Materials)

Ø ထုတ်လုပ်မှု အခြေအနေအား ပြိုင်ဆိုင်မှု ရှိအောင် ထိန်းသိမ်းခြင်း (Maintaining a Competitive Manufacturing Position)

Ø ဈေးကွက်ချဲ့ထွင်ခြင်းကို ဖြစ်ထွန်းစေရန် ၀ယ်ယူသူများအကြား ၀န်ဆောင်မှု (Customer Service) နှင့် ဈေးနှုန်းအားဖြင့် လျော့ချ ရောင်းချခြင်း (Lower Price) ဟူ၍ ဈေးနှုန်းအရ ပြိုင်ဆိုင်မှု (Price Competition) နှင့် ဈေးနှုန်းအရ မဟုတ်သော ပြိုင်ဆိုင်မှု (Non- Competitive Competition) ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။


ဤနေရာတွင် ဈေးနှုန်းအရ ပြိုင်ဆိုင်မှုဆိုသည်မှာ ဈေးနှုန်းကို အပြိုင်အဆိုင် လျော့ချခြင်းအားဖြင့် ရောင်းအား မြှင့်တင်ခြင်းဖြစ်ပြီး ဈေးနှုန်းအရ မဟုတ်သော ပြိုင်ဆိုင်မှု ဆိုသည်မှာ ထုတ်ကုန်အရည်အသွေးကို မြှင့်တင်ခြင်း (Promotion of Quality Product) ၊ ထုတ်ကုန်ဒီဇိုင်းအသစ်များ တီထွင်ခြင်း (Innovation of new design products)၊ ၀န်ဆောင်မှုပေးခြင်း (Services)၊ ကြော်ငြာခြင်း (Advertising) တို့ပင်ဖြစ်သည်။ နိုင်ငံများ၊ စီးပွားရေး လုပ်ငန်းများအဖို့ ပြိုင်ဆိုင်မှု အကျိုးကျေးဇူးဟု ခေါ်၍ ထိုစိန်ခေါ်များကို ရင်ဆိုင်နိုင်ရန် အသင့်ဖြစ်ပြီလားဟု (Are you up for the challenges?) ဟူ၍ စဉ်းစားစရာပင် ဖြစ်ပေသည်။


သဘာဝသယံဇာတအင်အားစုကို Heckscher-Ohlin သီအိုရီအရ အခြေခံသဘာဝအင်အားစု (Basic factors) နှင့် ခေတ်မှီ သယံဇာတအင်အားစု (Advanced Factors) ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ အခြေခံ သဘာဝအင်အားစု (Basic Factors) တွင် သဘာဝသယံဇာတ (Natural Resources)၊ ရာသီဥတု (Climate)၊ နေရာ (Location) တို့ပါဝင်သည်။ ခေတ်မှီသယံဇာတအင်အားစု (Advanced Factors) တွင် ဆက်သွယ်ရေး (Communication)၊ ကျွမ်းကျင်လုပ်သား (Skilled Labor)၊ နည်းပညယ (Technology) တို့ ပါဝင်သည်။


ပြိုင်ဆိုင်မှု အကျိုးကျေးဇူး (Competitiveness Advantages) ကိုရရှိစေရန် ခေတ်မှီသယံဇာတ အင်အားစုများက ပိုမိုအရေးပါကြောင်း တွေ့ရသည်။ ခေတ်မီသယံဇာတ အင်အားစုများသည် လူများ၊ စီးပွားရေး လုပ်ငန်းစုများနှင့် အစိုးရတို့မှ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ရရှိလာနိုင်စေသော ရလဒ်များပင် ဖြစ်သည်။

Thursday, September 10, 2009

Social Intelligence အတွက် လျို့ဝှက်ချက်များ

၁။ မိမိ၏ စံ၊ မိမိ၏ တန်ဖိုးများသည် မည်သည်တို့နည်း။ (You have to know yourself, your standard and value.)

၂။ Ethical Value

၃။ မိမိ၏ လုပ်ဆောင်ချက်၊ မိမိတို့၏ Standard တို့သည် အမြဲတမ်းပင် ပုံရိပ်ထင် ကျန်ရစ်ခဲ့သည်။

၎။ အရာရာကို ရှုမြင်သုံးသပ်ရာတွင် မိမိကိုယ်တိုင်တွင် ယုံကြည်ချက် (Confidence) ရှိရင် အပြုသဘောနှင့် ကြည့်မြင်ရရှိနိုင်သည်။

၅။ လူတို့ကို အပြုံးနှင့် ဆက်ဆံပါ။ (Smile at People) ပြုံးခြင်းသည် နွေးထွေးမှု (Warmly) ကိုပေးစွမ်းနိုင်သည်။ ယုံကြည်မှုနှင့်အတူ အပေါင်းလက္ခဏာဆောင်သော ပျော်ရွှင်မှုကို ဖြစ်ပေါ်စေရုံမျှမက လူတစ်ဦးအား ကမ်းလှမ်းကြိုဆိုရာလည်း ကျပါသည်။ (A Welcome Openness.)

၆။ ကိုယ့်ကို သူတပါးက စိတ်ဝင်စားစေချင်တယ်ဆိုရင် ကိုယ်ကစပြီး သူ့ကို စိတ်ဝင်စားဖို့လိုအပ်ပါသည်။ သူပြောတဲ့စကားတွေကို နားထောင်ပေးရပါမယ်။

၇။ မိမိကိုယ်ကို ရောင်းပါ။ (Sell yourself – like a product.) မိမိကိုယ်ကို အသုံးဝင်သောသူဖြစ်အောင် ကြိုးစားပါ. လူမှုရေးကွန်ယက် (Social Networking) အရမ်းလိုအပ်ပါသည်။

၈။ ယုံကြည်ချက်နှင့် ပတ်သက်၍လည်း လိုအပ်သည်ထက်မပိုဖို့တော့လိုသည်။ (Over Confidence) မဖြစ်ရန်လိုသည်။

၉။ ဆောင်ရွက်ချက်များ၊ ညှိနှိုင်းမှုများကို ပြုလုပ်ရာတွင် သဘောတူညီမှု၊ မတူညီမှုများဖြစ်လာနိုင်သည်။ (Agree to disagree) ဖြစ်နိုင်သည်ကို ကောင်းစွာသဘောပေါက်ရန်လိုအပ်ပါသည်။

Social Intelligence သည် ယနေ့ခေတ်တွင် လုပ်ငန်းခွင်အတွင်း၊ အဖွဲ့အစည်းအတွင်း၊ နေထိုင်ရှင်သန်ရာ ပတ်ဝန်းကျင်တွင်စသည်ဖြင့် များစွာ အရေးပါလာသည်။ ကျွန်တော် အမျိုးသားအကျိုးစီးပွားသုတေသနဌာနတွင် လုပ်ကိုင်ရင်း လေ့လာသင်ယူခဲ့မိသော Social Intelligence ကို ဖော်ပြရခြင်းဖြစ်ပါသည်။ ကျွန်တော်လက်လှမ်းမမီသေးသော အခြားသော အကြောင်းအချက်များလည်း ရှိနေနိုင်ပါသေးသည်။

Wednesday, September 9, 2009

လူမှုရေးထက်မြက်မှု (Social Intelligence)

လူမှုရေးထက်မြက်မှု (Social Intelligence)

စီမံခန့်ခွဲမှုကောင်းစေရန် ဥာဏ်ပညာ ထက်မြက်မှု (IQ) တင်မက လူမှုရေးထက်မြက်မှု (SQ) နှင့် ကိုယ်ချင်းစာတတ်စေမှု (EQ) တို့ပါကောင်းမွန်စေရန် လိုအပ်ပါသည်။ တခါတရံတွင်လည်း လူမှုရေးထက်မြက် စေရန် လုပ်ဆောင်ချက်များအဖြစ် Capacity Building or Capacity Development အဖြစ် ဆောင်ရွက်မှု များလည်း ကျယ်ပြန့်စွာ လုပ်ဆောင်လာ သည်ကို တွေ့မြင်ရသည်။ သဘာဝတရားအရ လူတိုင်းလူတိုင်းတွင် ရှိသင့်ရှိထိုက်သော စွမ်းရည်များ ရှိနေသည့်အတွက် ရှိပြီးသားစွမ်းရည်များကို ပိုမိုဖွံ့ဖြိုးစေရန် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ လူမှုရေးထက်မြက်မှု Social Intelligence ကို လူမှုရေးထက်မြက်မှုဟု မြန်မာလို ပြန်လည်ရေးသား ခဲ့သော်လည်း English Definition ကိုလည်း ဖော်ပြလိုက်ပါသည်။

From Wikipedia:
Social intelligence according to the original definition of Edward Thorndike, is “the ability to understand and manage men and women, boys and girls, to act wisely in human relations”.

Social Intelligence လူမှုရေးစွမ်းရည်သည် Social Skills ပေါင်းစုံနှင့် သက်ဆိုင်ခြင်းကြောင့် လူတစ်ဦးချင်းစီအတွက်သော်လည်းကောင်း၊ လူအများအကြားတွင်သော်လည်းကောင်း ကောင်းစွာအသုံးပြုနိုင်ရန် လိုအပ်ပေသည်။ လူမှုရေးစွမ်းရည်တွင် ဆက်စပ်အရေးပါ လျှက်ရှိသော အခြားသော အရည်အချင်းကောင်းများအဖြစ်

၁။ ညှိနှိုင်းနိုင်သည့် စွမ်းရည်ရှိခြင်း (Being Able to Negotiate)

၂။ ပဋိပက္ခများ၊ ညှိနှိုင်းမှုများကို (Conflicts and Negotiate) များကို လျှင်မြန်စွာ ဖြေရှင်းနားလည်နိုင်ခြင်း။

သို့ဖြစ်ရာ လူတိုင်းသည် မိမိနေ့စဉ်ရှင်သန်မှုတွင် Social Intelligence လိုအပ်သည်။ ကို မွေးမြူနိုင်ပေသည်။

Social Intelligence ဖြစ်ပေါ်လာစေရန်

၁။ လူတို့ကို စိတ်ရှင်စွာ နားထောင်ပေးခြင်း (Listening People)
၂။ လူတွေနှင့် စကားပြောပေးခြင်း (Making Social Small Talks)
၃။ အခြားသူ၏ စိတ်ထဲ၊ ရင်ထဲတွင် မည်သို့ခံစားနေရသည်ကို သိရှိခြင်း (Being Aware of How others are feeling)
၎။ မိမိ စိတ်ကူး၊ ယူဆချက်များ၊ အကြံဥာဏ်များကို ပေးဝေခြင်း (Felling yourself or your ideas)
၅။ မိမိကိုယ်တိုင်တွင် အပြုသဘောစိတ်ဓာတ်ရှိခြင်း (Positive Attitude towards Yourself)
၆။ စိတ်ပျက်စရာ အခြေအနေနှင့် ကြုံကြိုက်လျှင်တောင်မှ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း (Dealing with Awkward or Embarrassing Situation Gracefully.)
၇။ လူတွေအား ကောင်းသောတင်ပြချက်များ တည်ဆောက်ပေးပါ။ (Building Good Report with People)
၈။ မှန်ကန်သော အကြောင်းအချက်များအတွက် လူများစုဘက်မှ ရပ်တည်ပေးပါ။ (Standing out in a crowed for all the right reason.)
၉။ မိမိကိုယ်မိမိ စံထားရာ၊ မိမိသူများအတွက် ကောင်းကျိုးဖန်တီးပြုလုပ်ပေးနိုင်ခြင်းသည် မိမိကိုယ်တိုင်၏ Unique Selling Point များပင်ဖြစ်သည်။
တနည်းဆိုသော် မိမိ၏ USP များသည် မိမိ၏ Qualities များပင်ဖြစ်သည်။
၁၀။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချခြင်း (Confidence)
၁၁။ မိမိဘ၀တွင် မျှော်မှန်းချက်ကြီးခြင်း (Life Vision)
၁၂။ မိမိက သူများအပေါ်တွင် လေးစားမှုရှိခြင်း (Respect)
၁၃။ မိမိက သူများအပေါ်တွင် ကြင်နာသနားစိတ် (Sympathy) ရှိခြင်းတို့သည်လည်း SI၏ အရည်အချင်းကောင်းများအဖြစ် ရပ်တည်နေပေသည်။

လူတို့၏ မျက်လုံးများကိုလည်း မိမိဥနှောက်၊ စိတ်ခံစားချက်တို့နှင့် ဖတ်တတ်ရမည်။ လူတို့၏ မျက်နှာကိုလည်း ဖတ်တတ်ရမည်။ လူတို့၏ Body မှ ပြောသောစကားများ (Body Language) ကိုလည်း ဖတ်တတ်ရမည်။ သူများပြောသော စကားများကို နားထောင်တတ်ခြင်းသည်လည်း ပညာတစ်ပါး (Art of Listening) ပင်ဖြစ်သည်။

လူတစ်ယောက်ကို ယခုကြုံတွေ့နေရချိန်တွင် အရေးမပါ၊ အဖက်မလုပ်သော ပုံစံနှင့်ထားပြီး မိမိလိုအပ်သော အချိန်တွင်မှ ပြန်လည်ဆက်သွယ်မှုမျိုးမှာ မလိုလားအပ်ပါ။ လူတစ်ယောက်နှင့် တွေ့ဆုံလျှင် သူသည် မိမိဘ၀အတွက် တစ်နေ့မဟုတ် တစ်နေ့တွင် အသုံးဝင်၊ ရင်းနှီးဆက်သွယ်ရမည့်သူတစ်ဦးဖြစ်လာ နိုင်သည်။ သို့ဖြစ်ရာ လူမှုဆက်ဆံရေးတွင် တစ်ဦးကို တစ်ဦးအလေးထားဆက်ဆံတတ်ရန် လိုအပ်ပါသည်။ ဤသည်မှာ ကွန်ယက်တည်ဆောက်ခြင်း (Making Network) ပင်ဖြစ်သည်။

Thursday, January 8, 2009

ဂလိုဘယ်လိုက်ဇေးရှင်းကို ပြန်လည်အသက်သွင်းခြင်း - အပိုင်း (၁)


ယခုနှစ် ကလင်တန်- ဘုရှ် သက်တမ်းတွင် အလွန်ကြီးမား သော ဘဏ္ဍာရေး အကျပ်အတည်း နှင့် ကြုံတွေ့ခဲ့ရပြီး စီမံခန့်ခွဲမှုများ အလွန်ရှုပ်ထွေးသွားခဲ့ရသည်။ အသစ်ရွေးချယ် ထားသော သမ္မတလောင်း အိုဘားမားက စီးပွားရေးပြန်လည် ထူထောင်မှုများ ပြုလုပ်ရန် အစီအစဉ်များ ရေးဆွဲနေပြီး သူ့အနေနှင့် ဘဏ္ဍာရေး အကျပ် အတည်းများ ကို ဖြစ်စေသည့် အဓိကကျသော အကြောင်းရင်းများကို ကောင်းစွာနားလည်နိုင်ရန် လိုအပ်သည်။ ကမ္ဘာ့ စီးပွားရေး၊ ဘဏ္ဍာ ရေးနှင့် ကုန်သွယ်မှုအနေအထားများကြားတွင် အမေရိကန်နိုင်ငံသည် အစိုးရကဏ္ဍ ပါဝင်မှု မရှိသော လွတ်လပ်သော ဈေးကွက်စီးပွားရေးကို ကျင့်သုံးကြသောကြောင့် အခက်အခဲနှင့် ကြုံရချိန်တွင် ထိန်းသိမ်းနိုင်ရန် ခက်ခဲသွားရခြင်းဖြစ်သည်။ ယနေ့အချိန်တွင် ကမ္ဘာ့စီးပွားရေး နှင့် ဘဏ္ဍာရေး အခြေအနေ များသည် ပင်ကိုယ်အားဖြင့် ကျဆင်းနေပေရာ သမ္မတလောင်း အိုဘားမားသည် အမေရိကန်နိုင်ငံ၏ လူလတ် တန်းစားများကို ပြန်လည်ထူထောင်မှု ပြုလုပ်နိုင်ရန် ရည်မှန်းထားသည်။ အမေရိကန်နိုင်ငံအနေဖြင့် မည်မျှပင် နိုင်ငံတွင်း ထူထောင်မှုများကို ပြုလုပ်နိုင်သည်ဖြစ်စေ ၎င်းအနေဖြင့် အောင်မြင်မှုရရန်မှာ ကမ္ဘာ တ၀ှမ်း အခြားသော နို်င်ငံများ၏ ပူးပေါင်းပါဝင်မှု ရှိရန် လိုအပ်သည်။

စီးပွားရေး အနေအထားများ တူညီသော နိုင်ငံများကြားတွင် စည်းမျဉ်းများကို သင့်တော်မျှတစွာ ချမှတ်လုပ်ဆောင်နိုင်လျှင် ကမ္ဘာ့ရွာဖြစ်တည်ခြင်းသည် အမှန်တကယ် ဆိုးရွားသော အနေအထားတွင် မရှိပေ။ သို့ရာတွင် ကလင်တန်- ဘုရှ် လက်ထက် ကမ္ဘာ့ရွာဖြစ်တည်မှုသည် အလုပ်သမားလူးတန်းစားအတွက် အကာ အကွယ်မပေးနိုင်ခဲ့ရုံသာမက စီးပွားရေး တိုးတက်မှုကို လျော့နည်းစေခြင်း၊ အမေရိကန်နိုင်ငံတွင် ငွေချေးငှားမှု များ ပိုမိုများပြားလာစေခြင်း၊ ပိုလျှံ စုဆောင်းမှုများလာခြင်း၊ စားသုံးမှုလျှော့နည်းသွားခြင်း စသည့် အနေအထား များ ဖြစ်ပေါ်လာခဲ့သည်။ ထို့ပြင် စီးပွားရေး ပုံသဏ္ဍန်မတူညီသော နိုင်ငံများ၏ ပေါင်းစည်းခြင်း ကလည်း ကုန်သွယ်မှု မညီမျှခြင်းများ၊ ပိုင်ဆိုင်မှု ပေါင်နှံမှုများ စသည့် ဘဏ္ဍာရေးအကျပ်အတည်းကို ဖြစ်စေသော အနေအထားများကို ဖန်တီးပေးနေသကဲ့သို့ ပင်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး မညီမျှမှုကို ဖြစ်စေသော အဓိက အကြောင်းရင်းတစ်ခုမှာ တရုတ်၊ ဂျပန်နှင့် ရေနံအထွက်များသော ပါရှန်ကွေ့နိုင်ငံများသည် ပိုလျှံစုဆောင်းမှု များကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ အမေရိကန်နိုင်ငံတွင် အဆိုပါနိုင်ငံများနှင့် ကုန်သွယ်ခြင်းဖြင့် ကုန်သွယ် လိုငွေပြမှုများ ဆက်တိုက်ကြုံရခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံစီးထွက်မှု များပြားလာခြင်း တို့ကြောင့် ပြည်တွင်း ငွေကြေးဈေးကွက်တွင် လိုငွေပြမှုများလာပြီး အက်ဆက်ပစ္စည်းပေါင်နှံမှု အလျံပယ်ဖြစ်လာကာ ငွေကြေးအကျပ် အတည်းကို တွန်းအားပေးနေသကဲ့သို့ ဖြစ်လာသည်။ အိမ်ရာမြေဈေးကွက်နှင့် ငွေကြေး ဈေးကွက်တွင် အက်ဆက်ကိုယ်စားပြုချေးငှားမှုများ များပြားလာသောအခါ နိုင်ငံသားများ၏ အက်ဆက်စားသုံးမှုသည်လည်း များပြားလာခဲ့သည်။ နောက်ဆက်တွဲရလဒ်အနေဖြင့် အိမ်ထောင်စုများ၏ ကြွေးမြီများလည်း များပြားလာခဲ့သည်။

ယခုပုံစံဖြင့် စီးပွားရေးတိုးတက်နေမှုများသည် ပြဿနာများကို ဖိတ်ခေါ်နေသကဲ့သို့ ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် လုပ်ခ၊ လစာနှုန်းများ နည်းပါးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု စံများ တင်းကြပ်မှု လျော့နည်းခြင်း၊ အိမ်ရှင်နိုင်ငံ၏ ငွေကြေးတန်ဖိုးနည်းခြင်းတို့ကြောင့် ထုတ်လုပ်မှု ပိုင်းတွင် ယှဉ်ပြိုင်နိုင်ရန် အားသာချက်များ ရရှိပြီး စီးပွားရေး လုပ်ငန်းများသည် များစွာ အကျိုးအမြတ် များ ရလာခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံသားများ ရရှိသော လစာနှုန်းများ နည်းပါးသွားပြီး အချို့မှာ အလုပ်လက်မဲ့ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး ငွေချေးမှုများ မြင့်တက် လာခြင်း၊ ၀ယ်နိုင်စွမ်းအားများ၊ စားသုံးမှု ပမာဏများ ကျဆင်းသွားခြင်းများ ဖြစ်ခဲ့ရသည်။ သို့ဖြစ်ရာ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ၀င်ငွေနှင့် ချမ်းသာကြွယ်ဝမှုများမှာ ကွာခြားမှု မှာ တဖြည်းဖြည်းနှင့် တိုးပွားလာခဲ့သည်။ တရုတ်နိုင်ငံကဲ့သို့ပင် အမေရိကန်နှင့် ကုန်သွယ်နေသော ဂျပန်နှင့် အခြားသော အာရှနိုင်ငံ များ၏ ကုန်သွယ်မှုတွင်လည်း ကုန်သွယ်မှု လိုငွေများ ပြနေခဲ့သည်။

အမေရိကန်နိုင်ငံတွင် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံတွေ့ရသောအခါ ကမ္ဘာ တ၀ှမ်း ကုန်စည်စီးဆင်းမှုများလည်း သိသိသာသာ ကျဆင်းသွားခဲ့ရသည်။ ဤသို့ဖြင့် အမေရိကန်နိုင်ငံသားများသည် ၎င်းတို့၏ ကြွေးမြီများကို ပြန်လည်မဆပ်နိုင်တော့ဘဲ အပေါင် ပစ္စည်းများကို မရွေးနိုင်တော့သောအခါ အမေရိကန်နိုင်ငံ၏ ငွေကြေးဈေးကွက် တစ်ခုလုံး တုန်လှုပ်သွားပြီး ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးများ ဒေ၀ါလီခံရသည့် အဆင့်သို့ ရောက်လာခဲ့သည်။ စင်စစ်အားဖြင့် နိုင်ငံအနည်းငယ်တွင်သာ အိမ်၊ မြေနှင့် အက်ဆက်ပစ္စည်းများ၏ ဈေးနှုန်းများကျဆင်းသွားခဲ့ပြီး ငွေကြေးဈေးကွက် အခြေအနေအေးသွားခဲ့ရသော်လည်း ကုန်စည်နှင့် ၀န်ဆောင်မှုဈေးကွက်များ၏ ၀ယ်လိုအားမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။
Ref: The Nation

Tuesday, September 16, 2008

နိုင်ငံများသည် သွင်းကုန်နှင့် ပို့ကုန်များ တင်ပို့ခြင်းကို တပြိုင်နက်တည်း အဘယ်ကြောင့် အားမပေးသနည်း။

သွင်းကုန် လျော့ကျစေသော အကောက်ခွန်(Tariff)သည် ပို့ကုန်(Export) ကိုလည်း လျော့နည်းစေနိုင်ပါသည်။ သွင်းကုန်ကို အစားထိုးရန် ကာကွယ်ခြင်းဖြင့် နိုင်ငံ၏ သယံဇာတများကို အမှန်တကယ် အလားအလာရှိသော ပို့ကုန်ကဏ္ဍများမှ ဆွဲထုတ်ယူရသကဲ့သို့ ဖြစ်ပေါ်စေသည်။ ထို့ကြောင့်နိုင်ငံတစ်ခု၏ သွင်းကုန်အစားထိုးခြင်း ဟူသောရွေးချယ်မှုမှာ ပို့ကုန်တိုးတက်မှုကိုလည်း လျော့နည်းစေနိုင်သည်။

သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းများ၏ ပြဿနာများမှာ အဘယ်နည်း။

အချို့သော ပညာရှင်များက စက်မှုသွင်းကုန် အစားထိုးခြင်းအပေါ် တိုက်ခိုက်ပြောဆိုကြခြင်းမှာ ဤစနစ်ကို ကျင့်သုံးကြသော ဖွံ့ဖြိုးဆဲနိုင်ငံများသည် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံကြီးနှစ်ခုကို အမှီမလိုက်နိုင်ခဲ့ကြပေ။ ဥပမာဆိုရသော India နှင့် Argentina နှစ်နိုင်ငံစလုံးသည် ဤစနစ်ကို ကျင့်သုံးခဲ့ကြသော်လည်း ဆယ်စုနှစ် နှစ်ခု ကုန်သည်အထိ ထူးခြားစွာ တိုးတက်ပြောင်းလဲမှု မရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်များတွင် နှစ်နိုင်ငံစလုံး၏ မဟာဗျူဟာများကို ပြုပြင်ပြောင်းလဲခဲ့ကြသည်။

အချို့သော စီးပွားရေးလုပ်ငန်းများတွင် သွင်းကုန် အစားထိုးသည့် စနစ်ကို ကျင့်သုံးခြင်းဖြင့် ပြည်တွင်းစက်မှု ကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်ရမည့်အစား စီးပွားရေး တန့်လို့ပင် နေပါသေးသည်။ ထိုပြင် သက်နုစက်မှုလုပ်ငန်းများကို ကာကွယ်ပေးရန်ဟူသော Infant Industry Argument သည် လူတို့မျှော်လင့် ယူဆထားသလို ခိုင်မာမှုရှိပုံမရပါ။ လုပ်ငန်းငယ်များကို ကာကွယ်ပေးနေသော ကာလတလျှောက်လုံးတွင် ထုတ်လုပ်ခြင်းကဏ္ဍနှင့် ပတ်သက်၍ ပြိုင်ဆိုင်မှု () ကို ဖန်တီးပေးနိုင်ခြင်းမရှိပါ။ သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းတည်ထောင်ရေးအတွေ့အကြုံများအရ နိုင်ငံငယ်လေးများထက် နိုင်ငံကြီးများတွင် ပိုမိုအောင်မြင်မှုရှိသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ပိုမိုအောင်မြင်ရခြင်းမှာ -
၁။ အရင်းအနှီး၊ ကျွမ်းကျင်လုပ်သား၊ နည်းပညာနှင့် ပြည်တွင်းဈေးကွက် ကွာခြားမှုများကြောင့် လည်းကောင်း
၂။ လုပ်ငန်းကြီး လုပ်ကိုင်မှုကွာခြားချက်ကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အကျိုးသက်ရောက်မှု ရှိစေခြင်းကြောင့် လည်းကောင်း
၃။ ထုတ်လုပ်မှု၊ စွန့်ထွင်ဦးစီးမှုများ နှင့် စီမံအုပ်ချုပ်မှုများတွင် အတွေ့အကြုံ မရှိခြင်း တို့ကြောင့်ပင် ဖြစ်သည်။

ကုန်သွယ်မှုကဏ္ဍသည် ဈေးကွက်၏ အားနည်းချက်တစ်ခုဖြစ်ပြီး အစွန်းရောက် ဒွန်တွဲမှု Dualism ကိုဖြစ်ပေါ်စေသည်။ Dualism ဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ တော်တော်များများတွင် ခေတ်မီကဏ္ဍ ကဲ့သို့ စက်မှုကဏ္ဍများ နှင့် ခေတ်နောက်ကျနေသော လယ်ယာစိုက်ပျိုးရေးကဏ္ဍများ၏ တိုးချဲ့မှု ၊ အားပြိုင်မှုတို့တွင် ၀ိရောဓိများ ဖြစ်နေသည်။ ၎င်းကဏ္ဍများတွင် လုပ်ခ၊ လစာ နှုန်းများ ကွာခြားမှု၊ ၀င်ငွေကွာဟမှု၊ ဆင်းရဲချမ်းသာ ကွာဟမှုများကို ဖြစ်ပေါ်နေစေပါသည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်၏ မှားယွင်းမှုများကို ပြင်ဆင်ရန် ကုန်သွယ်မှုဝါဒကို သုံးမည်ဆိုလျှင် အကောင်းဆုံး ကုစားချက်တော့ မဟုတ်ပါ။

သွင်းကုန်အစားထိုးခြင်းကို ပြုလုပ်မည့်အစား ပို့ကုန်မြှင့်တင်ရေးသည်လည်း Industrialization ကို အောင်မြင်စေနိုင်သည်။

Thursday, September 11, 2008

ကုန်သွယ်မှုပေါ်လစီများချမှတ်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းများအား ကာကွယ်ပေးရသည့် အကြောင်းရင်းများ

ီကုန်သွယ်မှုပေါ်လစီဟာ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံစီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန် အရေးပါတဲ့ ပေါ်လစီတွေ ဖြစ်ပါတယ်။ ဒီလိုကုန်သွယ်မှုပေါ်လစီတွေ ချမှတ်ခြင်းအားဖြင့်
၁။ သက်နုစက်မှုလုပ်ငန်းများအား အကာအကွယ်ပေးရန်
( To protect infant industry argument)
၂။ လုပ်ငန်းများခွဲခြားထုတ်လုပ်မှု ပြုနိုင်ရန်
( The diversification of industry argument)
၃။ အလုပ်အကိုင်တည်မြဲရေး ဦးစားပေးရန်
( The employment argument)
၎။ သဘာဝသယံဇာတများ ထိန်းသိမ်းနိုင်ရန်
(The conservation of national resources argument)
၅။ အဓိက စက်မှုလုပ်ငန်းစုများအား အားပေးရန်
( The Key industry argument)
၆။ မိမိတို့ကိုယ်တိုင် ဖူလုံမှုစနစ်ကို ဦးစားပေးရန်
( The self sufficiency argument) စသည်တို့ ဖြစ်ကြပါသည်။ ၎င်းတို့ထဲတွင် သက်မှုစက်မှုလုပ်ငန်းများကို အကာအကွယ်ပေးသည့် တင်ပြချက်မှာ အထင်ရှားဆုံးဖြစ်သည်။

အဘယ့်ကြောင့် ထိုသို့ဦးစားပေးရသနည်း ။ (Why infant industry argument is favoured? )

Infant industry argument အရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နှိုင်းယှဉ်ခြင်း (Competitiveness) အားဖြင့် အကျိုးကျေးဇူးရှိပြီး အလားအလာကောင်းသော ထုတ်လုပ်မှုလုပ်ငန်းများ ရှိနေသည်ကို တွေ့ရသည်။ သို့သော် ဤဖွံ့ဖြိုးဆဲနိုင်ငံများတွင် တည်ရှိနေသော စက်မှုလုပ်ငန်းသစ်များ၏ ကနဦးအခြေအနေသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကောင်းစွာတည်ထောင်ပြီးသော စက်မှုလုပ်ငန်းကြီးများနှင့် ကောင်းစွာ မယှဉ်ပြိုင်နိုင်သေးပေ။
ဤကဲ့သို့ စက်မှုလုပ်ငန်းငယ်လေးများကို အကာအကွယ်ပေးရန် အစိုးရသည် လုပ်ငန်းသစ်များကို အပြည်ပြည်ဆိုင်ရာ ယှဉ်ပြိုင်မှုဒဏ်ကို တွေ့ကြုံခံစားနိုင်စေရန် ရင့်ကျက်ချိန်ရောက်သည်အထိသာ အထောက်အပံ့ ပြုသင့်ပါသည်။ သို့သော် အချို့ပညာရှင်များ၏ ထောက်ပြချက်အရ သက်နုစက်မှုလုပ်ငန်း ငယ်လေးများကို အကာအကွယ်ပေးခြင်းအားဖြင့် ၎င်းတို့သည် မည်သည့်အခါမှ တိုးတက်ကြီးပွားမလာကြောင်း၊ အကူအညီ အထောက်အပံ့ အမြဲလိုအပ်လေ့ရှိကြောင်း ဖော်ပြလေ့ရှိသည်။

စက်မှုလုပ်ငန်းတိုးတက်ဖို့ မည်သည့်အခြေခံနည်းဗျူဟာများကို သုံးစွဲမည်နည်း။

ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများတွင် Industrilization အတွက် အခြေခံနည်းဗျူဟာမှာ အကောက်ခွန် ကောက်ခံခြင်း(Tariff) နှင့် သွင်းကုန်ပမာဏ သတ်မှတ်ခြင်း (Quotas) အစရှိသည့် ကုန်သွယ်မှု အဟန့်အတားများ (Trade Barriers) နှင့် ပြည်တွင်းဈေးကွက် ကိုရှေ့ရှုပြီး စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်။ ဤသည်မှာ ပြည်တွင်း ထုတ်ကုန်လုပ်ငန်းများအတွက် သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်း လုပ်ငန်းများကို တွန်းအားပေးခြင်းပင် ဖြစ်ပါသည်။
စက်မှုလုပ်ငန်းများ၏ တင်သွင်းမှုကို ကန့်သတ်ခြင်းဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းများအား အားပေးသည့် နည်းပညာကို စက်မှုသွင်းကုန် အစားထိုးသည့် နည်းဗျူးဟာ ဟု ခေါ်ဆိုနိုင်သည်။