Powered By Blogger

Friday, March 19, 2010

မျောက်ဖြစ်ချင်တယ် ဒေါ်ကြီးရယ် (၄)

ဒီလိုနဲ့ ကျွန်မ ဒေါ်ကြီးတို့အိမ်မှာ ကောင်းကောင်းမွန်မွန် နေလို့ရပါတယ်။ ဒေါ်ကြီးတို့က သဘောကောင်းကြတယ်။ ကျွန်မကိုဆို တခါမျှ မရိုက်ဘူး။ ကျွန်မလုပ်တာတွေ မှားတဲ့အခါ၊ ဒေါ်ကြီးက စိတ်တိုင်းမကျတဲ့အခါ ဆူပါတယ်။ ဒါပေမယ့် တစ်ခါမျှလည်း မဆဲပါဘူး။ မနက်တိုင်း ဒေါ်ကြီးနဲ့ ဈေးလိုက်ပြီး ဈေးခြင်းကူဆွဲရပါတယ်။ အဘွားးကြီး ဆိုင်ကို ၀င်တဲ့အခါလည်း ၀င်ပါတယ်။ ကျွန်မကို အဘွားကြီး ဆိုင်နားက လူတွေက တွေ့တိုင်း အငယ်မလေး နင်ဝလာလိုက်တာ။ အသားတွေလည်း ဖြူလာတယ်တဲ့။ အမြဲဝိုင်းပြောကြတယ်။ ၀မှာပေါ့။။ ကျွန်မက တစ်နေ့တစ်နေ့ ထမင်းကို အ၀အပြဲစားရတာ။ မုန့်ကလည်း အဆင်ပြေသလို စားရပါတယ်။ နေ့လည်ဘက် အလုပ်ပြီးတဲ့အချိန်ဆို တစ်ရေးတောင် အိပ်ရသေးတယ်။ အပြင်လည်း သိပ်မှ မထွက်ရဘဲ။ အသားတွေက ဖြူတာပေါ့။

ဒေါ်ကြီးက စေတနာ ကောင်းရှာတယ်။ သူတို့အိမ်မှာ ဘုရားပွဲပြင်တဲ့အခါတိုင်း ငှက်ပျောသီးတွေ အများကြီးကို အနီးအနားလည်းဝေ။ ကျွန်မလည်း အ၀အပြဲစားပေါ့။ တစ်ခါတစ်လေ ကျွန်မကို နင်တို့အိမ်ကို သွားပေးချေ ဆိုပြီး အိမ်က သူတွေ စားဖို့ ထည့်ပေးတတ်သေးတယ်။ ကျွန်မနေတဲ့ ကာလတစ်လျှောက် ဒေါ်ကြီး စိတ်ဆိုးတာကို ဒီတစ်ခါပဲ မြင်ရတာ။ ကြောက်လိုက်တာ။ ကျွန်မကလည်း ကျွန်မပဲ။ ဒီလောက် ကောင်းကောင်းမွန်မွန် နေရတာကို --- ဘာကြောင့် စိတ်ဆိုးရတာလဲဆိုတော့ ဒေါ်ကြီးတို့အိမ်မှာ ဘီဒိုတွေ ရှင်းတဲ့တစ်နေ့ပေါ့။ ဘီဒိုထဲက အကျီတွေ ကို ချပြီး မ၀တ်တော့မယ့် အကျီတွေကို ရွေးပြီး ပီနံအိတ်နဲ့ ထုတ်တာပေါ့။ အဲဒီအကျီတွေထဲမှာ ကျွန်မညီမလေးတွေနဲ့ တော်နိုင်တဲ့ အကျီလေး နှစ်ထည်တွေ့တော့ ကျွန်မက ဖွက်ထားလိုက်တယ်။ နောက်နေ့ဈေးသွားရင် အဘွားကြီးကနေ တစ်ဆင့် ပေးခိုင်းမယ်ပေါ့။ ဒေါ်ကြီးကလည်း ကျွန်မဖွက်လိုက်တာ မမြင်လိုက်ဘူးလေ။ နောက်နေ့ဈေးသွားတော့ အဘွားကြီးတို့ဆိုင်ကို မ၀င်ဖြစ်ပါဘူး။ အဲဒီနေ့က ကျွန်မက အကျီကို ကျွန်မ၀တ်တဲ့ စကတ်ထဲမှာ ထည်ယူသွားတာ. ဒေါ်ကြီးက မုန့် မ၀ယ်တော့ ကျွန်မလည်း ပေးလို့မရဘူးပေါ့။ ကျွန်မလည်း တော်တော် စိတ်ညစ်သွားတယ်။ အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း ဈေးခြင်းတောင်းရှင်းရင်းနဲ့ ဆပ်ပြာမှုန့် မေ့ခဲ့တယ်တဲ့။ အငယ်မလေး နင်သွားဝယ်လိုက်တဲ့။ ကျွန်မရင်ထဲ ကုလားဘုရားလှည့်သွားတယ်။ ပျော်သွားလိုက်တာ။ ကျွန်မလည်း အင်းဆိုပြီး ခပ်မြန်မြန်သွားဖို့ ပြင်လိုက်တယ်။ ဒေါ်ကြီဒးက ခြံတခါးလိုက်ပိတ်ရင်းနဲ့ ကျွန်မ စကတ်ကြီး ဖောင်းနေတာတွေ့တော့ နင့်စကတ်ကြီးက ဘာဖြစ်နေတာလဲတဲ့။ ကျွန်မလည်း ပျာပျာသလဲ ဘာမှ မဖြစ်ပါဘူးပေါ့။ ပွနေလို့ပါ ဆိုတော့ ဒေါ်ကြီး ဒါဆို ချိတ်ထိုးမှပေါ့။ လူတောထဲ ကျွတ်ကျမှ ဒုက္ခဆိုပြီး ကျွန်မ စကတ်ကို ကိုင်လိုက်ရော အထဲက အကျီထုတ်ကြီးက ပြုတ်ကျလာရော။ ဒေါ်ကြီးလည်း မြင်သွားရော အရမ်းစိတ်ဆိုးသွားတယ်။ ကျွန်မကိုလည်း တော်တော်ဆူတယ်။ မရိုက်ဘူး။ မဆဲဘူး။ ဒါပေမယ့် ဒေါ်ကြီး ပြောတာတွေက တော်တော် ၀မ်းနည်းဖို့ ကောင်းတယ်။ မျက်နှာကြီးကိုလည်း တင်းနေလိုက်တာ။ ကျွန်မဖြင့် ကြောက်လိုက်တာ။ နောက်နေ့ ဈေးသွားတော့ အဘွားကြီးကိုလည်း တိုင်တယ်။ ကျွန်မခိုးထားတဲ့ အကျီတွေကိုလည်း ပေးလိုက်တယ်။

ဒေါ်ကြီးတို့အိမ်မှာ နေရတာ တော်တော်ကောင်းပါတယ်။ ။ အလုပ်ကလည်း သက်သာတယ်။ ဒေါ်ကြီးတို့ခြံထဲမှာ သီးပင် စားပင်တွေကလည်းများတယ်။ သရက်ပင်၊ ကွမ်းသီးပင်၊ ငှက်ပျောပင် တို့ပေါ့။ ကျွန်မကလည်း အပင်တက်တာ ၀ါသနာပါတယ်။ သရက်သီး သီးချိန်တုန်းကပေါ့ --- ကျွန်မချည်းပဲ သရက်သီးတွေ တက်ခူးတာ။ ပြီးတော့ ငါးပိချက်ကလည်း ကောင်းရှင်။ စားရတာ မြိန်လိုက်တာ။ ကွမ်းသီးပင်လည်း ကျွန်မက မရရအောင် တက်တာပဲ။ တခါခူးရင် ကွမ်းသီးတွေမှ အများကြီးပဲ။ အဘွားကြီးတို့ကိုလည်းပေး၊ ဒေါ်ကြီးက ဘုန်းကြီးကျောင်းလည်း သွားလှူသေးတယ်။ ဒါတောင်မှ အများကြီးပိုသေးတာ။ အဲဒါတွေကို ရောင်းစားလိုက်တယ်လေ။ ပြီးတော့ ကျွန်မကို မုန့်ဖိုးဆိုပြီးပေးတယ်။

ဒေါ်ကြီးက ကျွန်မကို အ၀တ်အစားတွေလည်း အများကြီးဝယ်ပေးတယ်။ ကျွန်မတို့အခေါ် ဘေထုတ်ဆိုင်ပေါ့။ ကျွန်မကို အဲဒီကို ခေါ်သွားပြီးတော့ နင်ကြိုက်တာရွေးဆိုပြီး ၀ယ်ပေးတာ. ကျွန်မ အဲဒီလို အကျီအသစ်တွေ ရရင် ကျွန်မ ညီမလေးတွေကိုလည်း ပေးချင်လိုက်တာ။ ဒေါ်ကြီးတို့ အိမ်မှာ နေတာ တစ်နှစ်ပြည့်တော့မယ်။ ဒီအတောအတွင်း ၀မ်းဆက် အသစ်နှစ်စုံတော့ ဒေါ်ကြီးက ၀ယ်ပေးထားတယ်။ တခါတလေ ကျွန်မ အိမ်ကို လွမ်းလို့ ပြန်ချင်တဲ့အခါ ဒေါ်ကြီးတို့ဆီမှာ ခွင့်တောင်းပြီး ပြန်လိုက်တယ်။ ပြီးတော့ ပြန်လာတယ်။ ကျွန်မအိမ်ပြန်ရင် ဒေါ်ကြီးက မုန့်တွေ ထည့်ပေးတတ်တယ်။

ဒေါ်ကြီးတို့အိမ်မှာ နေတုန်း ကျွန်မ နာမည်အသစ်နှစ်ခုရလိုက်တယ်။ ဘဘကြီးက နင့်ကို ငါ နာမည်အသစ်ပေးမယ်ဆိုပြီး ပေးထားတာလေ။ နင့်ကို တရုတ်လိုဆိုရင် “ ပင်းပင်း” လို့ ခေါ်မယ်တဲ့။ ကျွန်မက ငယ်ငယ်လေးတုန်းက အဖေ စိတ်ဆိုးပြီး ရိုက်လိုက်တာ။ နားစည်ထိသွားပြီး နားနည်းနည်းလေးတယ်။ ဒါကြောင့် ဘဘကြီးက ပင်းပင်းလို့ ပြောတာ.။ နောက် မြန်မာ နာမည်တစ်ခု ရှိသေးတယ်တဲ့။ လှတော့ လှတယ်။ “ မယ်လမ်းမျှော်” တဲ့။ ကျွန်မက ဘဘကြီးတို့၊ ဒေါ်ကြီးတို့နဲ့ အမြဲ အိမ်ထဲမှာပဲ နေရတော့ ပျင်းတယ်။ အဲဒါကြောင့် လမ်းထွက်ဖို့ ဆိုရင် တော်တော် ပျော်တယ်။ မကြီးတို့ ရန်ကုန်က ပြန်လာလို့ အပြင်သွားရင် ကျွန်မကို ခေါ်ပါစေလို့ ကျိတ်ဆုတောင်းမိတယ်။

ဒေါ်ကြီးတို့ အိမ်မှာ နေတုန်း ကျွန်မ ခရီးတွေလည်း ထွက်ရသေးတယ်။ ဘုရားဖူးပေါ့။ ရန်ကုန်ရယ်။ ကျိုက်ထီးရိုးရယ်။ ကျွန်မက ဓာတ်ပုံရိုက်ရတာ ၀ါသနာပါတယ်။ မကြီးတို့က ရိုက်ပေးမယ်တဲ့။ ဒါပေမယ့် ပိုက်ဆံပေးရမယ်တဲ့။ တစ်ပုံ ၅၀၀ တဲ့။ ကျွန်မလည်း ရိုက်ချင်လွန်းလို့ ရိုက်ခဲ့တယ်။ အများကြီးပဲ။ ပြီးတော့ ပိုက်ဆံကို ကျွန်မတွက်တတ်သလောက်တွက်တာ တော်တော်များတယ်။ အိပ်တောင် မပျော်ဘူး။ ဒါပေမယ့် တခါတလေ ရိုက်တာ ဆိုပြီးပဲ မှတ်ထားလိုက်တယ်။ ဒါပေမယ့် ဓာတ်ပုံတွေရတော့ ကျွန်မ ပိုက်ဆံ မပေးရဘူးလေ။ ပျော်လိုက်တာ။ အဲဒါနဲ့ ကျွန်မလည်း အိမ်ပြန်ပြီး ကြွားထည့်လိုက်တယ်။ အမေကလည်း အငယ်မလေး ဓာတ်ပုံတွေ ဆိုပြီး ရပ်ကွက်ထဲ လှည့်ပြလိုက်သေးတယ်။

ဒေါ်ကြီးတို့ အိမ်မှာ နေရတာ ပျော်ပါတယ်။ အေးလည်း အေးချမ်းတယ်။ ဒါပေမယ့် တစ်နေ့မှာ ဒေါ်ကြီးက အငယ်မလေး နင်ဘုရာ ရှိခိုးတတ်သလားတဲ့။ ကျွန်မကလည်း ပြီးလွယ် စီးလွယ် “ အင်း ” လို့ ဖြေလိုက်တယ်။ ဒါနဲ့ ဒေါ်ကြီးက ငါ့ကို ဘုရားစာတွေ ရွတ်ပြစမ်းတဲ့။ သေရော -- ကျွန်မလည်း တစ်ခုမှ မသိဘူး။ ဒါနဲ့ ဒေါ်ကြီးက နင် မတတ်ရင် ငါသင်ပေးမယ်တဲ့။ ကျွန်မက စာလည်း မတတ်တော့ ရေးပြလည်း သိမှာ မဟုတ်ဘူး။ ဒါနဲ့ ဒေါ်ကြီးက ငါဆိုပြတာ လိုက်ဆိုတဲ့။ ကျွန်မလည်း ကြောက်တော့ ဟုတ်ကဲ့ပေါ့။ ဒေါ်ကြီးက တစ်ခွန်းစဆိုပြတယ်။ တော်တော်ခက်တယ်။ မနည်း နားထောင်ယူရတယ်။ ဘာတဲ့ “ ဗုတ်ဓံ သရဏံ ဂစ်ဆာမိ ”။ ခက်လိုက်တာ။ ပါးစပ်ထဲမှာလည်း ရွတ်ရတာ တစ်မျိုးပဲ။ လျှာကိုလည်း လည်သွားတယ် ထင်မိတယ်။ တော်တော်ဆိုးတယ်။ ဒေါ်ကြီးက လေးငါးခွန်းလည်း ချပေးရော နင် ငါ့ကို ကိုးခေါက်ရွတ်ပြတဲ့။ သေရော ကျွန်မလည်း မဆိုတတ်ဘူး။ အရမ်းကိုမှ စိတ်ညစ်သွားတယ်။ ဖြစ် ညှစ်ပြီး ဆိုပြလိုက်တယ်။ ဒေါ်ကြီးက ပြောတယ်။ အသံထွက်တွေ မပီသေးဘူးတဲ့။ နောက်နေ့မှ ဆက်သင်မယ်တဲ့။ တော်သေးတယ်။ ဒါပေမယ့် ကျွန်မ တော်တော် စိတ်ညစ်တယ်။ နောက်နေ့တွေလည်း ဆိုရဦးမှာ။ ဒါနဲ့ ကျွန်မလည်း တွေးထားလိုက်တယ်။ နောက်နေ့ ဒေါ်ကြီးက ဆိုခိုင်းရင် ပြောလိုက်တော့မယ်။ ကျွန်မကို နောက်ထပ်ဆိုခိုင်းရင် “ မျောက် ဖြစ်ချင်တယ် ဒေါ်ကြီးရယ် ” လို့ --- ဒေါ်ကြီးက ဘာကြောင့်လဲလို့မေးရင် ကျွန်မ ပြောလိုက်တော့မယ်။ မျောက် ဘ၀က ကောင်းတယ်လို့။ ဘာမျှ ပူစရာ မလိုဘဲ သစ်ပင်တွေ ကြားမှာ တစ်ပင် က တစ်ပင် ကူးသွားနေတာ ပျော်စရာ ကောင်းတယ်။ လူတစ်ယောက်လောက်လည်း အလုပ်မရှုပ်ဘူးလို့ ပြောလိုက်တော့မယ်။ တကယ်ပြောတာ တစ်ခါ တစ်လေ ကျွန်မလေ မျောက်ဖြစ်ချင်တဲ့ စိတ်တွေ တော်တော် ပေါ်လာတယ်။ ----

ပြီးပါပြီ။

စာတစ်ပုဒ်မှ တွေးခေါ်မှု တစ်ခု တစ်စုံတစ်ရာ စိတ်ကျေနပ်မှု ရတယ်ဆိုရင် ရေးရကျိုး နပ်ပါပြီ။

ဖတ်ရှုအားပေးမှုကို ကျေးဇူးတင်လျှက် ---


3 comments:

lovedolly said...

ဟုတ်ပါတယ်။ တစ်ခါတစ်ခါမှ ကိုယ်ဘာမှ ကူညီမပေးနိုင် တဲ့ သူတွေလဲ ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ ကိုယ်က ဂရုဏာဒေါသ ဖြစ်ရပေမယ့် အဲဒီလို လူမျိုးတွေကို လှစ်လျှူရှုလိုက်တာ အကောင်းဆုံးပါပဲ။

certain condition cube said...

လှစ်လျှူရှုလိုက်ပါ့မယ်။

ကျေးဇူးပါ မဖြိုးရေ ---

Flower said...

မပြည့်ဝသေးတဲ့ ကလေးတစ်ယောက်ရဲ့အတွေးလေးပါ...
သတ္တ၀ါရယ်လို့ဖြစ်လာရင် ဘယ်နေရာမှာဘဲဖြစ်ဖြစ် ဘယ်လို သတ္တ၀ါဘဲဖြစ်ဖြစ် အခက်အခဲကိုယ်စီရှိတယ်ဆိုတာ
သူမသိလို့ မျောက်တစ်ကောင်ရဲ့ ဘ၀က
လူတစ်ယောက်ရဲ့ ဖြစ်တည်ခြင်းထက် ပိုပြီးလွယ်ကူမယ်လို့ထင်ပုံရပါတယ်... ကလေးအတွေးသက်သက်လဲ ဖြစ်ပါတယ်..
တစ်ခါတစ်လေ ကိုယ်တွေတောင် ငယ်တုန်းက ငှက်ဖြစ်ချင်တယ်ဘာညာဆိုတဲ့စိတ်မျိုး
ပေါ်ခဲ့ဖူးသေးတာလေ....