Powered By Blogger

Friday, March 7, 2008

ယှဉ်ပြိုင်ခြင်း သီအိုရီ

ကျွန်တော်က Management ဘာသာတချို့ကို သင်ခဲ့ရဘူးတော့ မတောက်တစ်ခေါက် အသိဥာဏ်လေးပေါင်းပြီး ယှဉ်ပြိုင်ခြင်း သီအိုရီကို ရေးလိုက်တာပါ။ သင်ကြားခဲ့ရဘူးတဲ့ သင်ခန်းသာတွေက စီးပွားရေးလုပ်ငန်းတွေမှာ သုံးလေ့ရှိတဲ့ သီအိုရီပါ။ အဲဒါတွေထဲက ပြန်လည်တင်ပြထားတာပါ။
စီးပွားရေးလုပ်ငန်းတွေများစွာ တွင်ကျယ်လာတာကြောင့် ဈေးကွက်ထဲမှာ နေရာကောင်းကောင်းရပြီး ရပ်တည်နိုင်ဖို့ဆိုတာ ခက်ခဲလာပါပြီ။ လုပ်ငန်းရှင်ဟောင်းတွေရော အသစ်တွေပါ နေရာတစ်နေရာရဖို့ ကြိုးစားနေရပါတယ်။
ယှဉ်ပြိုင်ခြင်းသီအိုရီဆိုတာ Porter's Competitive Strategies ကို တင်ပြထားတာပါ။
ဒီသီအိုရီထဲမှာ နည်းလမ်းသုံးခုပါဝင်ပါတယ်။
၁။Differentiations theory ကိုယ်ရဲ့ ကုန်စည်ကို အခြားသော ကုန်စည်တွေနဲ့ ကွဲပြားခြားနားစွာ ဈေးကွက်ထဲမှာ ရပ်တည်နိုင်အောင် လုပ်ရမယ်။ ကြော်ငြာ၊ ကုန်ပစ္စည်းရဲ့ အသွင်အပြင်၊ ၀န်ဆောင်မှုတွေကို အခြားကုန်စည်တွေနဲ့ မတူအောင် ဖန်တီးထားရမယ်။ နည်းပညာ အသစ်တွေသုံးပြီး သီးခြားပုံစံ ဖြစ်အောင် လုပ်ထားနိုင်ရမယ်။ အားသာချက်ကတော့ ပြိုင်ဘက်တွေရဲ့ ယှသ်ပြိုင်မှုကို လျှော့ချနိုင်ပြီး ကုန်စည်အချင်းချင်း အစားထိုးသုံးစွဲမှုကိုလည်း သက်သာစေတယ်။ စားသုံးသူတွေ အနေနဲ့ companyရဲ့ brand ကိုLoyalty ဖြစ်စေမည်။ အားနည်းချက်တွေက ကုန်ကျစရိတ်များမယ်။ ဈေးနှုန်းကို အဓိက မထားတဲ့ စားသုံးသူတွေသာ သုံးစွဲနိုင်မယ့် ကုန်စည်အသွင်ကို ဆောင်နေလိမ့်မယ်။ ဒါကြောင့် သာမန်ကုန်စည်တွေမှာ ဒီနည်းနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်။
၂။low-cost strategy က ဈေးကွက်ထဲမှာ အမြဲသုံးမယ့် သာမန်ကုန်စည်တွေ အတွက် ပိုပြီးအဆင်ပြေစေတယ်။ တည်ငြိမ်နေတဲ့ စီးပွားရေးလုပ်ငန်းမျိုးတွေ၊ ကျဆင်းစပြုနေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒီနည်းလမ်းကို သုံးသင့်ပါတယ်။ စရိတ်သက်သာစွာနဲ့ ထုတ်လုပ်နိုင်ဖို့အတွက် ထုတ်လုပ်မှုအပိုင်း၊ လုပ်သားများရဲ့လုပ်ဆောင်မှုအပိုင်းနဲ့ နည်းပညာတွေ အပေါ်မှာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
၃။Focus strategy ဒီနည်းလမ်းကတော့ ကိုယ်လိုချင်တဲ့ဈေးကွက်ကို အရင်ဆုံးရွေးချယ်ဆုံးဖြတ်ပြီးမှ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ Differentiations ရော Low-cost strategy ကိုပါ အသုံးပြုနိုင်ပါတယ်။
ယှဉ်ပြိုင်ခြင်းဆိုတာ နေရာတိုင်းမှာ ရှိနိုင်တာမို့ ဥာဏ်ရှိသလို သုံးစွဲနိုင်ပါတယ်။

Monday, March 3, 2008

မာခြင်းအဆင့် ပြိုင်ကြမယ်

ဟိုးရှေးရှေးတုန်းကတဲ့--------
အမျိုးသမီးငယ်လေးတစ်ယောက်က သူမဘ၀မှာ ဘာပဲလုပ်လုပ် အဆင်မပြေတဲ့အတွက် လောကကြီးထဲမှာ မနေချင်လောက်အောင် စိတ်ဓာတ်တွေကျပြီး အရမ်းစိတ်ဆင်းရဲနေရတယ်တဲ့။ အဲဒါကြောင့် သူမဟာ သူမရဲ့ဖခင်ကြီးထံသွားပြီး အကျိုးအကြောင်းတွေ ပြောပြသတဲ့။ သူမက ဖခင်ကြီးထံမှ တစ်စုံတစ်ရာ ပြန်ပြီး နှစ်သိမ့်စကားကြားရလိမ့်မယ်လို့ မျှော်လင့်နေတာပေါ့။ ဒါပေမဲ့ ဖခင်ကြီးက ဘာတစ်ခွန်းမှ ပြန်မပြောဘဲ မီးဖိုခန်းထဲ ၀င်သွားသတဲ့။ ဒီတော့ မိန်းမငယ်လေးဟာ ပိုပြီးဝမ်းနည်းသွားတာပေါ့။ ဖခင်ကြီးဟာ မီးဖိုခန်းထဲ ၀င်သွားပြီး မီးပြင်းပြင်းဖို ပြီးတော့ ရေနွေးအိုး သုံးအိုးကို တပြိုင်နက် တည်လိုက်သတဲ့။ နောက်ပြီး ရေနွေးသုံးအိုးလုံး တပြိုင်နက်ဆူရော သမီးကိုခေါ်ပြီးတော့ မုန်လာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ် အဲဒီသုံးမျိုးကို ရေနွေးအိုးတစ်အိုးစီကို တစ်မျိုးစီ ထည့်ခိုင်းလိုက်တယ်။ နောက်မိနစ်အနည်းငယ်လည်းကြာရော မုန်လာဥ၊ ကြက်ဥနဲ့ လက်ဖက်ခြောက်တွေကို နှိုင်းယှဉ်ခိုင်းသတဲ့။ မုန်လာဥကတော့ ပျော့ပြဲသွားပြီး မပြုတ်ခင်က အကြမ်းမခံနိုင်တဲ့ ကြက်ဥဟာ မာပြီးတောင့်တင်းသွားရောတဲ့။ လက်ဖက်ခြောက်ကတော့ မီးပြင်းလို့ ရေနွေးအိုးဆူလေ ရနံ့လည်း ပိုမွှေးလေတဲ့။
အဲဒီအဖြစ်အပျက်ကလေးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
လောကမှာ မည်သူမဆိုကြုံတွေ့ရမယ့် လောကဓံတရားတွေ့ရဲ့အောက်မှာ လူတိုင်း လူတိုင်း မိမိတို့ကိုယ်တိုင်ရင်ဆိုင်နားလည်ရမှာ ဖြစ်တယ်ဆိုတာကို သတိပြုရုံပါပဲ။
တချို့လူတွေက အပေါ်ယံကြည့်ရင် မာကျောတောင့်တင်းပြီး အရာရာကို ရင်ဆိုင်နိုင်တယ်လို့ထင်ရပေမယ့် တကယ့် လက်တွေ့မှာ အခက်အခဲနဲ့လဲလည်း ရင်ဆိုင်ရရော မခံနိုင်တော့ပဲ လက်လျော့ ရှုံးနိမ့်ခဲ့ရတာပဲ။
တချို့ကျပြန်တော့ အရမ်းပျော့ပျောင်းပြီး ဒုက္ခတွေနဲ့ ရင်ဆိုင်ပြီးရော လောကကြီးကို တောင်အကောင်းမမြင်တော့ဘဲ တစ်ဖက်စွန်းရောက်ပြီး အားလုံးကို ဆန့်ကျင်သွားတော့တာပဲ။
ဒါပေမဲ့ အချို့အချို့သော လူတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်ရလေ ပိုပြီးတည်ငြိမ်လာပြီး ပိုပြီးရင့်ကျက်လာတော့တာပဲ။ သူတို့တွေက အခက်အခဲ၊ ဒုက္ခတွေကို သင်ခန်းစာ အဖြစ်ရှုပြင်ပြီး ဆင်ခြင်ခဲ့ကြလို့ပါပဲ။
အသက်ရှင်နေစဉ် ရင်ဆိုင်ရမယ့် အမျိုးမျိုးသော အကြောင်းတရားတွေ အပေါ် အကောင်းဘက်က ရှုမြင်နိုင်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်မယ်ဆိုရင် ကြာလေ မွှေးလေ မီးပြင်းလေ ပိုမွှေးလေ ဖြစ်တဲ့ လက်ဖက်ခြောက် ဖြစ်လာမှာပါ။
လူ့ဘ၀ ခဏတာအတွင်း ရွှင်ကြည်တဲ့ ဘ၀င်၊ အေးချမ်းတဲ့စိတ်နဲ့ ပျော်ရွှင်သော ဘ၀ကို ဖြတ်သန်းနိုင်ပါစေဟု ဆန္ဒပြုရင်း-----
စာကြွင်း။ ။ ဤဆောင်းပါးကို ရေးနိုင်အောင် အတ္တကျော်စာအုပ်ကို လက်ဆောင်ပေးခဲ့သော မိတ်ဆွေတစ်ဦးအား ကျေးဇူးတင်လျှက်

Sunday, March 2, 2008

သီချင်းတစ်ပုဒ်အကြောင်း ဆွေးနွေးရအောင်

ပင်ပန်းနွမ်းနယ်မှုများစွာ ရှိနေသော လူသားတို့တွင် စိတ်အပန်းဖြေစရာ များစွာရှိသည်။ ထိုသို့သော များစွာများစွာ တို့အနက်မှ တေးသီချင်းများသည်လည်း ကောင်းစွာနေရာယူလာကြသည်။ တေးသီချင်းအမျိုးအစားမျိုးစုံ၊ တေးဂီတမျိုးစုံ တို့ဖြင့်နေ့ညမပြတ် အသစ်အသစ်တို့ကို ခံစားနားဆင်နိုင်ပေသည်။ မိမိနှစ်သက်ရာ ရွေးချယ်ကာ ခံစားချက်များတိုက်ဆိုင်ရာ သီချင်းပေါင်းများစွာ ရှိသည်။ ယနေ့ခေတ်ရေစီးအရ နည်းပညာတိုးတက်မှုကြောင့် များစွာဆန်းကြယ်သော တေးသီချင်းများ ပေါ်ထွက်ဆဲ၊ ပေါ်ထွက်မြဲ၊ ပေါ်ထွက်နေဦးမည်သာ ဖြစ်သည်။ ကျွန်တော့် ခံစားချက်နှင့် တိုက်ဆိုင်သော၊ နှစ်သက်သော သီချင်းများထဲမှ တစ်ပုဒ်ကို စာသားနှင့် သံစဉ် လိုက်ဖက်ညီမှု၊ အနှစ်သာရ ကောင်းမွန် ပြည့်စုံလှသော သီချင်းကလေးအား သူငယ်ချင်းများစွာလည်း ရင်ခုန်နှစ်သက် ခံစားနိုင်စေရန် တင်ပြလိုက်ချင်းပင် ဖြစ်သည်။
သီချင်းနှစ်သက်သူများသည် သီချင်းများကို နားဆင်ခံစားရင်း သီချင်းပိုင်ရှင်အား ရွေးချယ်တတ်ကြသည်။ ရွေးချယ်မှု ထပ်တူညီကာ ပြန်လည်ခံစားနားဆင်သည့်အခါတွင် နှစ်သက်ကြည်နူးမှုဟူသော ရသနှင့် တွဲဖက်ကာ ပျော်ရွှင်မှုကို ရရှိခံစားကြရပေသည်။ ယခု ကျွန်တော်နှစ်သက်သည့် သီချင်းတွင်လည်း သီချင်းပိုင်ရှင် ရှိနေလေသည်။ ထိုသီချင်းကလေးမှာ အိုင်စီ၏ ပင်တိုင်အဆိုရှင် တစ်ဦးဖြစ်သူ အငဲသီဆိုထားသည့် “နယ်မြေသစ်များစွာ” ပင်ဖြစ်သည်။ သီချင်းစာသားများသည် စိတ်အားငယ်နေသူ၊ ၀မ်းနည်းနေသူ၊ လမ်းပျောက်နေသူအား ကူညီဖေးမ လက်တွဲခေါ်မည်ဟူသော အနှစ်သာရပင် ဖြစ်သည်။ ဤစာစဉ်ဖြင့် ကျွန်တော်လွန်စွာ ချစ်ခင်နှစ်သက်သော၊ ကျွန်တော်လိုအပ်ချိန်တွင် အမြဲတမ်းဖေးမ ကူညီတတ်သော သူငယ်ချင်းအား မှတ်တမ်းတင်လိုက်ခြင်းလည်း ဖြစ်သည်။ ကျွန်တော်နှင့် သူသည် လွန်ခဲ့သော ခုနစ်နှစ်ကတည်းက သူငယ်ချင်းတော်ခဲ့ကြခြင်း ဖြစ်သည်။ ထိုကာလရှည်ကြီး တလျှောက်လုံးတွင် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် နားလည်ကူညီ ပေးရင်း ခင်မင်မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်လိုအပ်သည့်အချိန်တိုင်းတွင် ဘေးမှအမြဲ ကူညီတတ်သော၊ နားလည်ပေးသော သူငယ်ချင်းပင် ဖြစ်သည်။ ယခုသီချင်းကလေးအား သီချင်းပိုင်ရှင်ရွေးချယ်မှုတွင် ထိုသူငယ်ချင်းကလေးကပင် ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ သီချင်းကလေး၏ စာသားထဲတွင် မည်သည့်အခက်အခဲပင် ကြုံတွေ့ရသည်ဖြစ်စေ၊ တိုက်ခိုက်ထိုးနှက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် ဖြစ်စေ အတူလက်တွဲကာ ရင်ဆိုင်ဖြေရှင်းသွားမည် ဟူသော အနှစ်သာရများပင် ဖြစ်သည်။ သူငယ်ချင်းများစွာ ခံစား နိုင်ရန် သီချင်းကလေးအား ဖော်ပြလိုက်ရပေသည်။
ငါ့စိတ်ကူးတွေ အဝေးကို ရွက်လွှင့်ဆဲ
ဘယ်လိုအခက်အခဲတွေ့လည်း ရှေ့ဆက်သွားစို့
ဘ၀ဟာ game တစ်ခုဆိုလည်း
မနားတမ်းသွားရမှာဘဲ
ရန်သူတွေအများကြီးနဲ့ တိုက်ခိုက်ရှေ့ဆက်သွားစို့
ငါ့လက်ကို တွဲထားလိုက်ဦး
အကြင်နာတွေနဲ့ ဖေးမလိုက်ဦး
အတူတူရင်ဆိုင်ရဲရင့်ကြစို့
မလိုသူတွေ တိုက်ခိုက်လာခဲ့ရင် မင်းရှေ့က မင်းရဲ့တံတိုင်း
မင်းရဲ့ ရဲတိုက်တစ်ခု ဖြစ်ရပါစေမယ်
အမှန်တရားအတွက်၊ တို့ရည်ရွယ်ချက်အတွက်
တို့သွားကြစို့
ချွန်ထက်လွန်းတယ် မင်းဟာမြားတစ်စင်းဆိုလည်း
ငါဟာ လေးတစ်စင်းပေါ့
သွားမယ်ပစ်မှတ်များအထိ
မင်းဟာ ဓားတစ်စင်းဆိုလည်း
ငါဟာ ဒိုင်းတစ်လက်ပဲပေါ့
ဒီမှာ အမှန်တရားအတွက်ဆို
တို့နှစ်ယောက် အသက်စွန့်ကြစို့
မင်းလဲတဲ့ အချိန်တွဲထားပေးဖို့
ဒဏ်ရာတွေကြုံလည်း နှစ်သိမ့်ပေးဖို့
အမြဲတမ်း မင်းအနားမှာ ငါအားပေးမယ်
ရဲရင့်ကြစို့
ငါတို့ရှေ့မှာ အတားအဆီးများ
ဘာကိုမှ မကြောက်ဘူး၊ ရှေ့ဆက်မှာ
နယ်မြေသစ်များစွာ
အတူစွန့်စားကြစို့
မင်းနဲ့ငါ
နယ်မြေသစ်များစွာ
အတူသိမ်းပိုက်မှာပဲ

စာကြွင်း။ ။ကျွန်တော်တွင် ရှိသော များစွာသော သူငယ်ချင်းများလည်း နယ်မြေသစ်များစွာ စာစဉ်တွင် ပါဝင်သည်။

Tuesday, February 26, 2008

ရွေ့လျားနေသော ပစ်မှတ်များကို ထိမှန်အောင် ပစ်ခြင်း

ယနေ့ခေတ်တွင် လူငယ်အများစုသည် အမြဲတမ်းရွေ့လျားနေသော ပစ်မှတ်များကို ထိမှန်အောင်ပစ်နေကြရသည်။ တိုးတက်နေသော ခေတ်ကာလကြီးထဲတွင် ဆန်းသစ်မှုများလည်း အမြဲတမ်း ပေါ်နေသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခု၊ သုံးခုအတွင်း ရှင်သန်ခဲ့ကြသော လူများသည် မိမိတို့အားသန်ရာ ရည်မှန်းချက်တစ်ခုကို ချမှတ်ပြီး တစ်စိုက်မတ်မတ် လုပ်ဆောင်သွားပါက ဘ၀တွင် အောင်မြင်မှုရရှိကြသည်။ သို့ရာတွင် နှစ်ဆယ်ရာစုကုန်လွန်ပြီး နှစ်ဆယ့်တစ်ရာစုတွင်မူ လူငယ်များသည် ရွေ့လျာနေသော ပန်းတိုင်များဆီသို့ စမ်းတ၀ါးဝါးနှင့် သွားနေကြရသည်နှင့် တူလာသည်။ ကျွန်တော်စိတ်ကူး၊ ကျွန်တော့်အတွေးထဲတွင်လျှင် မိမိကိုယ်တိုင်သတ်မှတ်ထားသော ရည်မှန်းချက်ကိုရရှိရန် လိုအပ်ချက်များကို ကြိုးစားပြီးလျှင် ပန်းတိုင်ကို ရောက်ရှိ၊ ရရှိမည်ဟု ယုံကြည်ခဲ့သည်။ သို့ရာတွင် ထိုယုံကြည်မှုများသည် ယခုအချိန်တွင် ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့သည်။ ဘာကြောင့်ထိုသို့ဖြစ်ရသနည်းဟု အဖြေကို ကျွန်တော်ရှာဖွေမိသည်။ ယနေ့အထိ ကျွန်တော်သိခဲ့ရသည့် ယူဆချက်ကလေးကို ရေးသားထားခြင်း ဖြစ်ပါသည်။ ကျွန်တော်သိခဲ့ရသည်မှာ များစွာလွန်းသော လူနေထူထပ်လာမှု၊ ဆန်းသစ်သော တိုးတက်နေသော နည်းပညာ၊ အချိန်တိုင်းပြောင်းလဲနေသော အတွေးအခေါ် စသည်တို့ကြောင့်ပင် ဖြစ်သည်ဟု ယူဆမိပါသည်။ ထိုသို့သော အကြောင်းတရားများနှင့် ရွေ့လျာနေသော ပစ်မှတ်များကြားတွင် ကျွန်တော်အပါအ၀င် လူငယ်များသည် ခေတ်ကြီး၏ ပြောင်းလဲမှုများကို မျက်ခြေပြတ်မခံဘဲ စောင့်ကြည့်ကာ မိမိတို့ပစ်ချင်သည့် ပစ်မှတ်ကို အချိန်တိုတို အတွင်းပစ်နိုင်ရန် ကြိုးစားရမည်။ ပစ်မှတ်ကို ထိမှန်ပြီးသော သူများသည်လည်း ဆက်လက်ကာ ချိန်ရွယ်ထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ပစ်မှတ်များသည် အမြဲတမ်း ရွေ့လျားနေသည်ဟူသော အယူအဆအရ မိမိကိုယ်တိုင် ထိမှန်အောင် ပစ်ခဲ့ပြီးသော ပစ်မှတ်သည်လည်း ရွေ့လျားသွားနိုင်သောကြောင့် ဖြစ်သည်။
မှတ်ချက် ။ ။ အထက်ပါ အကြောင်းအရာများသည် ကျွန်တော်၏ ကိုယ်ပိုင်အယူအဆမျှသာ ဖြစ်ရာ မိတ်ဆွေတို့၏ အယူအဆများကိုလည်း ဖြည့်စွက်နိုင်ပါသည်။

Tuesday, January 1, 2008

အိုခြင်းကို ဘယ်လိုအနိုင်ယူမလဲ


ဘ၀သံသရာတွင် ကျင်လည်နေသူမှန်သမျှ အိုခြင်း၊နာခြင်း၊သေခြင်း ဟူသော ဝေဒနာများမလွဲမသွေ ရင်ဆိုင်ရပေမည်။ ယနေ့ခေတ်တွင် တိုးတက်လာသောနည်းပညာများကြောင့် ရုပ်ပိုင်းဆိုင်ရာ အိုမင်းရင့်ရော်မှုများကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သော (Anti- Oxident) ပစ္စည်းများကို စတင်သုံးစွဲနေကြသည်။ သို့သော်လည်း ဇရာမှ ကောင်းစွာလွတ်မြောက်နိုင်သည် မဟုတ်ပါ။ ကျွန်တော်တို့သည် ဇရာမှကောင်းစွာ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်သော်လည်း ပျှော်ရွှင်စွာဖြင့် ကောင်းစွာကျော်လွှားနိုင်ရန် လိုအပ်ပါသည်။ ကိုယ်ယုံကြည်တာ၊ ကိုယ်ဝါသနာပါတာ၊ ကိုက်ကျွမ်းကျင်တာကို ကြိုးစားလုပ်ကိုင်ရင်း “အို”တာကိုမသိ၊ “နာ”တာကိုမရှိဘဲ သေခြင်းတရားကို ညင်သာစွာ လက်ခံနိုင်ရန် ကြိုးစားသင့်သည်။ မိမိအတွက်လည်း အကျိုးရှိ၊ အများအတွက်လည်း အကျိုးရှိစေမည့် အလုပ်များကို လုပ်ဆောင်ရင်း ဇရာကို အန်တုနိုင်သူများသည် လောက၏ သူရဲကောင်းများပင် ဖြစ်ကြသည်။ အိုမင်းရင့်ရော်မှုကို စိတ်ဓာတ်အရ တိုက်ဖျက်ရမယ့် အန္တရာယ်နှစ်ခုရှိပါသတဲ့။ တစ်ခုက အတိတ်က ပျော်ခဲ့ပါးခဲ့တာတွေကို လုံးဝပြန်မတွေးပါနဲ့။ သေသွားတဲ့မိတ်ဆွေ၊ ဆွေမျိုးတွေအကြောင်းလည်း ပြန်မတွေးနဲ့။ အနာဂတ်ကိုသွားမယ့် ကိစ္စကိုသာတွေး၊ လုပ်စရာရှိစရာကိုလုပ်၊ အတိတ်က ကိုယ့်အပေါ် ပိမကျစေနဲ့။ ခံစားချက်က ကိုယ့်အပေါ် ပိမကျစေနဲ့။ နောက်တစ်ခုက ကိုယ့်ကိုကိုယ် ငယ်သေးတယ်လို့ ဇွတ်မထင်နဲ့။ အိုရမယ့် အကြောက်တရားကို ဖက်ရှားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက စိတ်ဝင်စားမှု၊ ၀ါသနာပါမှုတွေကို တဖြည်းဖြည်းနဲ့ ကျယ်ပြန့်တိုးချဲ့ လုပ်ဆောင်သွားဖို့၊ ကိုယ့်ရဲ့ အတ္တတံတိုင်းကြီးကို ဖြိုချသွားဖို့ပဲ ဖြစ်ပါတယ်။

လူ့ဘ၀ဆိုတာ မြစ်တစ်စင်းနဲ့တူပါတယ်။ အစမှာ သေးသေးလေးပဲ။ တဖြည်းဖြည်း စီးဆင်းတယ်။ ကမ်းပါးစောက်ကြီးကြားထဲ ၀င်တယ်။ အရှိန်ပြင်းလာတယ်။ ကျောက်ဆောင် ကျောက်တုံးတွေကို ဖြတ်ခဲ့တယ်။ မြစ်ပြင်ကျယ်ကြီး ဖြစ်လာတယ်။ ကမ်းနှစ်ဘက်လည်း ကျယ်လာတယ်။ ရေလည်းငြိမ်သွားပြီ။ တဖြည်းဖြည်းနဲ့ ပင်လယ်ကြီးနဲ့ ပေါင်းဆုံသွားတယ်။ လူ့ဘ၀လည်း အဲဒီသဘောပါပဲ။ ဘ၀တလျှောက် ဖြတ်သန်းရင်းနဲ့ ကျယ်ပြန့်လာတယ်။ အတွေ့အကြုံနဲ့ ဘ၀သင်ခန်းစာတွေ စုံလာတယ်။ မြစ်ကလေးကနေ ပင်လယ်ကြီးနဲ့ပေါင်းဆုံ သွားတဲ့အခါ အရာရာတည်ငြိမ်စွာနဲ့ ပြီးဆုံးသွားတယ်။ ဘ၀ကို ကောင်းမွန်စွာနဲ့ ရှုမြင်နိုင်ရင် ကိုယ်မရှိလည်း ကိုယ်ဖြစ်စေချင်တာတွေ ဆက်ဖြစ်သွားမယ်။ ခွန်အားတွေ တဖြည်းဖြည်း ဆုတ်ယုတ် လာတာဟာလည်း ငြိမ်းချမ်းစွာ တဖြည်းဖြည်းနဲ့ နောက်ဆုံး အနားရတော့မှာပါလား ဆိုပြီးတွေးလိုက်ရင် ဇရာဆိုတဲ့ အိုခြင်းတရားကို ကောင်းစွာ ရင်ဆိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

အလုပ်နှင့် ဘ၀ကြား မျှခြေကိုက်ဖို့ မျိုးဆက် အိပ်စ်နှင့်ဝိုင် ဆွေးနွေးစို့


လူသားအင်အားစုတွင် မျိုးဆက်အိပ်စ် နှင့် မျိုးဆက်ဝိုင် စသည်ဖြင့် မျိုးဆက်နှစ်ခု ရောယှက်နေသည်။ မျိုးဆက်ဟောင်းကို မျိုးဆက်အိပ်စ်၊ မျိုးဆက်သစ်ကို မျိုးဆက်ဝိုင်ဟု သတ်မှတ်ထားကြသည်။ မျိုးဆက်နှစ်ခုစလုံး တွင်တူညီသော အနေအထားတစ်ခု ရှိသည်။ ယင်းမှာ အလုပ်နှင့် ဘ၀ကြား မျှခြေကိုက်ရေး (work-life balance) ဖြစ်သည်။ မျိုးဆက်အိပ်စ်သည် အသက်၃၀နှစ်နှင့် အထက်ဖြစ်ပြီး အသက်၃၀နှစ်အောက်ကို မျိုးဆက်ဝိုင်ဟု သတ်မှတ်ကြသည်။ အထူးသဖြင့် မျိုးဆက်အိပ်စ်တို့သည်မျိုးဆက်ဝိုင်တို့ကို နားလည်နိုင်အောင်ကြိုးစားရမည်။ မျိုးဆက်ဝိုင်တို့လိုသောအရာကိုသိအောင်ကြိုးစားရမည်။ မျိုးဆက်ဝိုင်မှာ မျိုးဆက်အိပ်စ် အတွက် အသစ်ဆုံး ပေါ်လာသော လုပ်ဖော်ကိုင်ဖက် ဖြစ်သည်။အလုပ်နှင့်ဘ၀မျှခြေကိုက်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်အလုပ်နှင့်ကစားခြင်း ရောစပ်ခြင်းကို နားလည်ရမည်။ အလုပ်လုပ်နေသော လူငယ်တိုင်းအတွက်လုပ်ငန်းခွင်သည်သူတို့အတွက်ပျော်ရွင်စရာကောင်းသော ပတ်ဝန်းကျင်ဖြစ်ရန်လိုသည်။ မိနစ်တိုင်းစက္ကန့်တိုင်း ပျော်ရွင်နေရန်လိုသည်။ အလုပ်လုပ်နေသူအားလုံး တို့သည်မိမိတို့ လုပ်ကိုင်နေသော လုပ်ငန်းခွင်တွင် ရှည်ကြာစွာ လုပ်ကိုင်ကြရန် မျှော်လင့်ကြသည်။ သို့သော်လက်တွေ့နှင့် မျှော်လင့်ချက်ကွာခြားကြသည်။မျိုးဆက်ဝိုင်တို့သည် အလုပ်နှင့် မိသားစုကြား တွင် ဘက်ညီအောင် ဖန်တီးကြသည်။ မျိုးဆက်အိပ်စ်ကမူ အလုပ်နှင့် မိသားစုကြား မျှခြေကိုက်ရေးက လုပ်သားအင်အားစုများ၌ ၀င်လိုက် ထွက်လိုက် လုပ်ခြင်းဖြင့် ဖန်တီးကြသည်။ ယနေ့ခေတ် မျိုးဆက်ဝိုင်တို့တွင် အလုပ်နှင့် အိမ် (work and home ) ခြားနားခြင်း မရှိပေ။ ဘယ်နေရာတွင်ရှိရှိ အချိန်ကို တန်ဖိုးရှိရှိ သုံးစွဲချင်လာသည်။ မျိုးဆက်ဝိုင်တို့သည်အင်တာနက်နှင့် ကြီးပြင်းလာကြသူများဖြစ်သည်။ထို့ကြောင့် စွန့်ဦးတီထွင်မှု အတွက် ပိုက်ကွန်သဖွယ် ဖြစ်လာကြသည်။ မျိုးဆက်ဝိုင်တို့တွင် ရွေးချယ်စရာများ ပိုမိုများပြားလာ သကဲ့သို့ စိန်ခေါ်မှုများလည်း ပိုမိုများပြားလာသည်။ ထို့ကြောင့် အလုပ်နှင့်ဘ၀မျှခြေကိုက်ရေးအတွက်သမရိုးကျနည်းလမ်းဖြင့်မစဉ်းစား နိုင်တော့ပေ။ တီထွင်ဖန်တီးသော ဥာဏ်ဖြင့်သာ ဆင်ခြင်ရပေတော့မည်။ မျိုးဆက်ဝိုင်တို့သည် ခင်မင်ရင်းနှီးမှုကို ပိုမိုတန်ဖိုးထားလာကြသည်။ သူငယ်ချင်းတွေနှင့်အတူ အလုပ်လုပ်ချင်လာကြသည်။ သူငယ်ချင်းများဖြင့် လုပ်ငန်းခွင်ကို ဖန်တီးကြရာ သူငယ်ချင်းဘ၀သည် အလုပ်ပတ်ဝန်းကျင် ဖြစ်လာကြသည်။ ထို့အပြင်မျိုးဆက်ဝိုင်တို့သည် လုပ်ငန်းခွင်ပျော့ပျောင်းခြင်းကို ကြိုက်နှစ်သက်သည်။ အကြောင်းမှာ စိန်ခေါ်မှုများသော ခေတ်ထဲတွင် အခြားတိုးတက်ရာများ ရှာဖွေရသောကြောင့် ဖြစ်သည်။ ထို့အပြင် မျိုးဆက်ဝိုင်တို့သည်အလုပ်ချိန်ထဲမှ တစ်စုံတစ်ရာသော အပိုင်းကိုဖဲ့ကာ စေတနာ့ဝန်ထမ်း ဆောင်ရွက်ခြင်းမျိုးကိုနှစ်သက်ကြသည်။ အတင်းအကျပ် သဘောထက် စေတနာ့ဝန်ထမ်း သဘောကိုပိုမိုခုံမင်သည်။ ယနေ့အချိန်တွင် ရေပန်းစားနေသော လူငယ်အခြေပြု လူမှုအသင်းအဖွဲ့များ၏ အင်အားဖြင့် ကျန်းမာရေး၊ လူမှုရေးစသည်ဖြင့် စေတနာ့ဝန်ထမ်းများ ပြုလုပ်လာကြသည်။ ပရဟိတ ဖောင်ဒေးရှင်းများးထူထောင်ကြရာ လူငယ်များ အင်တိုက်အားတိုက် လုပ်အားပေးလာကြသည်ကိုတွေ့ရသည်။ ပင်ရင်းအလုပ်နှင့် စေတနာ့ဝန်ထမ်း အလုပ်ပူးတွဲလုပ်လာကြရာ မျိုးဆက်ဝိုင်တို့ လုပ်ငန်းခွင်မြဲသည်။ သို့ဖြစ်ရာ ပူးတွဲအကျိုးကျေးဇူးများပါ ရရှိလာသဖြင့် အပေါင်းလက္ခဏာကိုရည်ညွှန်သော (plus after plus) အသွင်ဆောင်လာကြသည်။ှမျိုးဆက်ဝိုင်တို့သည် အလုပ်နှင့် ဘ၀ဘက်ညီစေရန် အလုပ်နှင့်ကစားခြင်းကို အဆင်ပြေပြေ ရောစပ်ပေးရန် လိုသည်။ ထိုအကြောင်းကို မျိုးဆက်အိပ်စ်တို့ ကောင်းစွာ သဘောပေါက်ရန် လိုအပ်ပါသည်။သို့မှသာ စွမ်းအားမြင့်သော လူ့စွမ်းအားရင်းမြစ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။

ကျွန်တော်နှစ်သက်သော အဆိုအမိန့် စာစုများ - (၁)

  • တကယ်လို့များ တစ်စုံတစ်ယောက်ရဲ့ သောကဝေဒနာကို သက်သာစေအောင် ဆောင်ရွက်ပေးနိုင်သည်ပဲ ဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ရဲ့ ဘ၀အမောတွေကို အေးမြသွားအောင် ဆောင်ရွက် ပေးနိုင်သည်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မူးမေ့နေတဲ့ သပိတ်လွယ်ငှက်ကလေးတစ်ကောင်ကို သူ့အသိုက်ထဲကို ပြန်ထည့်ပေးလိုက်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဘ၀ဟာ အချည်းအနှီး မဖြစ်ပါဘူး။ (အင်မလီ ဒစ်ကီဆန်)
  • · မှန်ကန်တယ်လို့ ကျွန်တော်တို့ သိထားတဲ့ ကိစ္စနောက်ကို စိုက်လိုက်မတ်မတ် သစ္စာရှိရှိနဲ့ လိုက်လုပ်ဖို့ တကယ့်ကို သတ္တိမွေးရမယ်။ (ဆာရာ -အီး- အင်ဒိုဆင်)
  • · ကျွန်ုပ်တို့သည် မိမိအကျိုးစီးပွားနှင့် ယှဉ်သော၊ မိမိအတ္တ တည်မြဲရေးအတွက် အဓိကထားစဉ်းစားမှုကို ဖယ်ရှားလိုက်သော အခါတွင် ကျွန်ုပ်တို့၏ စိတ်မနောသည် မွန်မြတ်စင်ကြယ်သော၊ သူရဲကောင်းဆန်သော အသိတရားများ ၀င်ရောက်လာမည်မှာ မလွဲ။ (ဂျိုးဇက် ကင်းဘဲလ်)
  • · သင့်အကြိုက်နှင့် ပြုလုပ်သည့် အလုပ်ဟူသမျှ လှုပသည်ချည်း။ (ရူမီ)
  • · ချစ်ခြင်းမေတ္တာသည် အရာရာကို အောင်မြင်နိုင်စွမ်း ရှိသည်။ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ လက်မြှောက် အရှုံးပေးကြပါစို့။ (ဗါဂျီ)
  • · ရိုင်းပင်းခြင်း၊ကူညီခြင်း ချစ်ခြင်းမေတ္တာနှင့် ကူညီရိုင်းပင်းခြင်းက ကမ္ဘာကြီးကိုပင် ပြောင်းလဲပစ်နိုင်သည့် အာနိသင်ရှိသည်။ (ဂျိမ်းစ် အော်ထရီ)
  • · လူအများကို ကိုင်တွယ်ရာ၌ သူတို့၏ ဆင်ခြင်တတ်သော ဥာဏ်ကို သဘောမပေ့က်လျှင် နေပါစေ။ သူတို့၏ ခံစားမှုများကို နားလည်သဘောပေါက်မှုက အောင်မြင်မှုကို ပိုမိုရရှိစေပါသည်။ (ပေါလ်---ပီ----ပါကား)
  • · မိတ်ဆွေဖြစ်ခြင်းသည် ပျော်ရွှင်မှုများကို တိုးပွားစေပြီး သောကပရိဒေ၀တို့ကို လျော့ပါးစေပါသည်။ (သောမတ်စ် ဖူလာ)