Powered By Blogger

Thursday, August 7, 2008

အလယ်လူ ဘာကြောင့်ပျောက်နေလဲ

စီမံခန့်ခွဲမှုလို့ပြောရင် အများအမြင်မှာက ရာထူးအဆင့်မြင့်သူတွေ၊ လူကြီးတွေသာ လုပ်ဆောင်ရမယ့်အရာလို့ ယူဆချက် ကလေးတွေ ရှိနေပါတယ်။ အမှန်တကယ်က နေရာတိုင်း၊ လူတိုင်းအတွက် သက်ဆိုင်တဲ့ စကားစု ကလေးပါ။ ဒီတခါတင်ပြချင်လာတဲ့ အကြောင်းအရာကလေးက နိုင်ငံတကာမှာ အထူးသဖြင့် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အချို့သော အကြောင်းအရာဖြစ်ပါတယ်။ ရှေးအစဉ်အဆက်ကတည်းက ယဉ်ကျေးမှု၊ စာပေ၊ ရိုးရာ စသည်ဖြင့် အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့တာပါ။ ဒါပေမယ့် အကြောင်းအရာ တစ်ခုကိုတော့ လက်ဆင့်ကမ်းဖို့ ပျက်ကွက်နေဆဲပါ။ လူအမျိုးမျိုး၊ စိတ်အထွေထွေ ဆိုသကဲ့သို့ အခုတင်ပြမယ့် အကြောင်းအရာ အပေါ်မှာလည်း ကွဲလွဲမှုလေးတွေ ရှိနေနိုင်ပါတယ်။
ယနေ့ခေတ်မှာ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက ၀န်ထမ်းပဲ ဖြစ်ဖြစ် ကိုယ့်နေရာကို ကိုယ်မလုပ်နိုင်တော့တဲ့အချိန်မှာ ရောက်လာမယ့်သူကို ၀မ်းမြောက်စွာ ကြိုဆိုလိုခြင်း လွန်စွာနည်းပါးပါတယ်။ ဥပမာအနေနဲ့ တင်ပြရမယ်ဆိုရင် ပင်စင်ယူရတော့မယ့် အကြီးအကဲတစ်ယောက်ဟာ သူ့နေရာမှာ ဆက်လက်တာဝန်ထမ်းဆောင်မယ့် ၀န်ထမ်းကို လုပ်ငန်းဆိုင်ရာ သဘောတရားများ၊ လုပ်ထုံးလုပ်နည်းများကို ကောင်းစွာ ဖြန့်ဝေသင့်ပါတယ်။ ဒီနေရာမှာ မြန်မာလူမျိုးတွေရဲ့ သန္တန်မှာ စွဲနေတဲ့ အယူအဆက `ငါမွေးတဲ့ မျောက် ငါ့ပြန်ခြောက်မှာစိုးလို့´ စတဲ့အယူအဆတစ်ခုနဲ့ ဆရာစားများစွာ ချန်ထားတာတွေ့ရပါတယ်။ ဒီလိုဆရာစားချန်ထားတဲ့အတွက် နောက်ရောက်လာတဲ့သူက လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ စမ်းတ၀ါးဝါးနဲ့ လုပ်ဆောင်ရတာ ကြန့်ကြာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မန်နေဂျာကောင်း ခေါင်းဆောင်ကောင်း တစ်ယောက်အနေနဲ့ Sharing, Transferring, Explaining စတဲ့ မူဝါဒကောင်းလေးတွေ ရှိဖို့လိုအပ်ပါတယ်။
အထက်ပါ ယူဆချက်ကလေးနဲ့ ပတ်သက်ပြီး နောက်လိုက်တွေ၊ လူငယ်တွေဘက်မှလည်း ပြုပြင်စရာ လိုပါသေးတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရေးသားသော လူကြီးနဲ့ လူငယ် စကားပြေထဲကလို အယူအဆလွဲတာမျိုးလည်း မဖြစ်သင့်ပါဘူး။ လုပ်ငန်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို သေချာသင်ယူသင့်ပါတယ်။ မိမိတာဝန်ယူရတဲ့အလှည့်မှာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လိုက်လျောညီထွေ လုပ်ဆောင်နိုင်ရန် ကြိုးစားသင့်ပါတယ်။ ရှေ့လူကလည်း ဆရာစားမချန်၊ နောက်လူကလည်း ကြိုးစားမှုရှိရင် အလယ်လူ ပျောက်တယ်ဆိုတာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမည်ဟု မျှော်လင့်ပါကြောင်း

Tuesday, August 5, 2008

သင်၏ ယုံကြည်နိုင်မှုစွမ်းရည် (Trust Quotitent)

ဥစ္စာစီးပွားများကို အသစ်အသစ်တို့ကို လက်ဝယ်ပိုင်ဆိုင်နိုင်ရန် မိတ္တဗလကွန်ရက်အား အတူတကွ တည်မြဲစွဲကပ်စေမည့် အင်္ဂတေသည်ကား ယုံကြည်မှုပင် ဖြစ်တော့သည်။ ယုံကြည်နိုင်စွမ်းနှင့် အယုံအကြည်ခံနိုင်စွမ်းတို့သည် လုပ်ငန်းခွင်တွင် လည်းကောင်း၊ မိတ်ဆွေသင်္ဂဟအသိုင်းအ၀ိုင်းတွင်လည်းကောင်း အဓိကကျသည့် မဏ္ဍိုင်ပင်ဖြစ်ပါသည်။ သင်၏ယုံကြည်မှုစွမ်းရည် Trust Quotient ကိုတိုင်းတာဆန်းစစ်နိုင်ရန် အောက်ပါ အင်တာနက်စာမျက်တွင် အဖြေရှာနိုင်ပါသည်။ http://trustedadvisor.com/trust Quotient/dm
ဘ၀တွင် ကောင်းစွာနေထိုင်နည်း (Life and Living it Well)
လူသားများစွာတို့သည် ဆိုင်ရာဘ၀စာမျက်နှာများတွင် ရုန်းကန်လှုပ်ရှားရင်း ရပ်တည်နေထိုင်နိုင်ရန် ကြိုးစားရသည်။ ထိုကဲ့သို့နေထိုင်ရာတွင် ကောင်းစွာနေထိုင်တတ်စေရန် ရှောင်ရန်၊ ဆောင်ရန်များကို တင်ပြလိုက်ပါတယ်။
ရှောင်ရန်
၁။ အိပ်မက်များကို အကောင်အထည်ဖော်ရာတါင် အရှုံးပေးလက်လျှော့လိုက်ခြင်း
(လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခု ဖြစ်စေကာမူ ကြိုးစားအားထုတ်ရင်း အရာများစွာကို သင်ပိုင်ဆိုင်ရပါလိမ့်မည်။)
၂။လိုချင်တာမရတော့သဖြင့် စိတ်ပျက်အားလျှော့လိုက်ခြင်း
(အဲဒီအရာကို မရလိုက်ပေမဲ့ အတွေ့အကြုံတော့ ရလိုက်ပါတယ်လေ။)
၃။သွားရာလမ်းတွင် ဆူးညောင့်ခလုပ်တွေကြောင့် နောက်ကြောင်းပြန်လှည့်ခြင်း
(ဆူးညှောင့်ခလုပ်တွေရှိနေခြင်းက သင့်အား နှုတ်ထွက်ဖို့ မဟုတ်၊ သင်ဆန္ဒမည်မျှ ပြင်းပြသည် ဆိုသည်ကို သက်သေပြရန်သာ ဖြစ်သည်။)
၎။ အခြားသူများက သင်၏ရှုံးနိမ့်မှုများ၊ အမှားအယွင်းများအား လက်ညှိုးထိုး ရှုံ့ချကြလေလျှင် စိတ်ပျက်အားငယ်ကာ လက်မှိုင်ချလိုက်ခြင်း
( သူတို့ ရှုံ့ချတာက ကိုယ်ပိုကောင်းတာ မြင်ချင်လို့၊ ကိုယ့်ကိုဂရုစိုက်လို့ ဖြစ်မှာပေါ့။)
၅။စောတဒတက်ခြင်း၊ ငြီးငြူစွာ ဆူဆူပူပူလုပ်ခြင်း
(ပြဿနာကို ထိုကဲ့သို့ မဖြေရှင်းနို်င်ပါ။ ယင်းသို့ ပြုလုပ်မည့်အစား အလုပ်ကို ပိုမိုကြိုးစားလိုက်ပါ။ ရေရှည်တွင် ပိုမို အကျိုးရှိပါလိမ့်မည်။)
ဆောင်ရန်
၁။ ပျော်ရွှင်မှုနှင့် စူးစမ်းရှာဖွေမှု (အမြဲအသစ်အဆန်းတစ်ခုခု ဖန်တီးမှု)ကို အမြဲတစေ ထိန်းသိမ်းထားပါ။
(ကိုယ့်အသက်က ဘယ်လောက်ကြီးနေပစေပေါ့။)
၂။ ဘ၀၏ ရှုထောင့်စုံကို အကောင်းမြင်ဝါဒနှင့် ရှုမြင်သုံးသပ်ပြီး စိတ်အားထက်သန်မှုနှင့် စွမ်းရည်မြှင့်တင်ပါ။
၃။ အရာဝတ္ထုများထက် လူသားများကို ပိုမိုတန်ဖိုးထားပါ။
၎။လူတွေနှင့် အလုပ်ကောင်းကောင်း လုပ်ကိုင်ရာ၊ ကစားပွဲကောင်းများ ဆင်နွှဲရာတွင်
- မှန်သောစကားကို ဆိုပါ။ သိက္ခာရှိရှိ နေထိုင်ပါ။
- ကောင်းကောင်းမွန်မွန် တောင်းပန်တိုးလျှိုးတတ်ပါစေ။
- ကိုယ်မချစ်မနှစ်သက်သူများနှင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် စိတ်ရှည်ရှည်ထားပါ။
-မည်သူ တစ်ဦးတစ်ယောက်မျှ မကောင်းဆိုးဝါး သတ္တ၀ါစစ်စစ်များ မဟုတ်ကြချေ။ အချိန်ပေးပြီး စောင့်ကြည့်ကာ သူတို့၏ ကောင်းကွက်ကလေးများကို ရှာဖွေပါ။
၅။ ကူညီခဲ့ဘူးသူများအား ကျေးဇူးတုန့်ပြန်ရန် သတိရပါ။
၆။ သင်၏ လက်ရှိဘ၀ကို ကောင်းမွန်စွာ ဖြတ်ကျော်ပြီး နည်းလမ်းကောင်းများနဲ့ ဆက်လက်ချီတက်ကာ ရှင်သန်ပါ။ ကြီးမားတဲ့ စွမ်းအားများက အရာရာကို စောင့်မကြည့်ရှု ပါလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ အိပ်မက်များအတိုင်း ဖြစ်လာမည်မှာ မလွဲပင် ဖြစ်ပါသည်။

စာကြွင်း ။ ။ ယခုတင်ပြသော စာစုသည် Human Capacity Enhancing သင်တန်းမှ သင်တန်းပို့ချသူတစ်ဦး၏ တွေးခေါ်မှုများဖြစ်ပါသည်။ ကျွန်တော်နှစ်သက်သောကြောင့် မိတ်ဆွေများအား တစ်စုံတစ်ရာ စိတ်ဓာတ်အင်အားများ ရရှိစေရန် တင်ပြလိုက်ရပါသည်။

စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာ

် စီမံခန့်ခွဲမှုဆိုတာ လုပ်ဆောင်တတ်မှု အတတ်ပညာ( Art Of conducting)၊ ညွှန်ကြားတတ်မှု (Directing) ၊ တစ်နည်းအားဖြင့် Hands By Management လူအများက်ု လက်ညှိုးထိုးပြီး စီမံခန့်ခွဲနိုင်ခြင်းကို ဆိုလိုပါတယ်။ အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ အစိတ်အပိုင်းအားလုံးကို ဦးဆောင်နိုင်ရမယ်။ ကောင်းမွန်ထိရောက်သော ညွှန်ကြားမှုများကို လုပ်ဆောင်နိုင်ရမယ်။ ထိုကဲ့သို့ စီမံခန့်ခွဲနိုင်ခြင်းကို စီမံခန့်ခွဲမှုစွမ်းအား (Leading Power)ဟု ခေါ်ဆိုပါသည်။ ရရှိထားပြီးသော လူသားရင်းမြစ်စွမ်းအားအပြင် ဘဏ္ဍာငွေ၊ ဥာဏ်ရည်ဥာဏ်စွမ်း စသည့်စွမ်းအားစုများနှင့် စနစ်တကျ ပေါင်းစပ်အသုံးချတတ်ရန်လိုအပ်ပါသည်။ စီမံခန့်ခွဲသူ တစ်ယောက် အနေဖြင့် မိမိအဖွဲ့အစည်းအတွင်း မည်သူ့ထံတွင် မည်သည့်စွမ်းရည်များရှိသည်ကို ကောင်းစွာ လေ့လာ အကဲဖြတ်နိုင်ရန် လိုအပ်သည်။ စီမံခန့်ခွဲမှုသည် နေရာတိုင်းတွင် တည်ရှိနေသည်။ တစ်ဦး တစ်ယောက်ခြင်း သည်လည်း မိမိတို့ကိုယ်တိုင် ကောင်းစွာစီမံတတ်ရန် လိုအပ်လှပါသည်။ ပြောင်းလဲတိုးတက်မှုများစွာ ဖြစ်ပေါ်နေသော ယနေ့ခေတ်တွင် စီမံခန့်ခွဲမှုသည် ပိုမိုအရေးပါသော နေရာတွင် ရပ်တည်လာသည်။ သို့ဖြစ်ရာ ဧရိယာအမျိုးမျိုးပေါ်မူတည်ပြီး သီးသန့်ကွဲပြားတဲ့ လုပ်ဆောင်ချက်တိုင်းအတွက် စီမံခန့်ခွဲမှုတိုင်းသည် အရေးပါလှပေသည်။
စီမံခန့်ခွဲသူတစ်ယောက်တွင် ရှိရမည့် အခြေခံအချက် (၉)ချက်
၁။ အမြင်ကျယ်ရမည်။ ( Communicate the Big Picture)
၂။ တာဝန်ကို ခွဲဝေပေးတတ်ရမည်။ ( Delegate work and Responsibilities)
၃။ တက်ကြွအောင် စေ့ဆော်တတ်ခြင်း ( Help Employees Set Goals)
၎။ ပြဿနာကို ရှာဖွေတတ်ခြင်း ( Recognize Problems)
၅။အကျိုးကို ပြန်လည်ပေးအပ်ခြင်း (Reward Employees)
၆။ လုပ်ငန်းအတွေ့အကြုံ မျှဝေပေးခြင်း ( Be a Mentor)
၇။ သုံးသပ်ဆင်ခြင်ခြင်း ( Give Review)
၈။ ကိုယ်ခြင်းစာတတ်ခြင်း ( Have a Heart)
၉။ မန်နေဂျာကောင်းဖြစ်ရန် အချိန်ယူခြင်း (Take the Time to Be a Manager)

Friday, March 7, 2008

ယှဉ်ပြိုင်ခြင်း သီအိုရီ

ကျွန်တော်က Management ဘာသာတချို့ကို သင်ခဲ့ရဘူးတော့ မတောက်တစ်ခေါက် အသိဥာဏ်လေးပေါင်းပြီး ယှဉ်ပြိုင်ခြင်း သီအိုရီကို ရေးလိုက်တာပါ။ သင်ကြားခဲ့ရဘူးတဲ့ သင်ခန်းသာတွေက စီးပွားရေးလုပ်ငန်းတွေမှာ သုံးလေ့ရှိတဲ့ သီအိုရီပါ။ အဲဒါတွေထဲက ပြန်လည်တင်ပြထားတာပါ။
စီးပွားရေးလုပ်ငန်းတွေများစွာ တွင်ကျယ်လာတာကြောင့် ဈေးကွက်ထဲမှာ နေရာကောင်းကောင်းရပြီး ရပ်တည်နိုင်ဖို့ဆိုတာ ခက်ခဲလာပါပြီ။ လုပ်ငန်းရှင်ဟောင်းတွေရော အသစ်တွေပါ နေရာတစ်နေရာရဖို့ ကြိုးစားနေရပါတယ်။
ယှဉ်ပြိုင်ခြင်းသီအိုရီဆိုတာ Porter's Competitive Strategies ကို တင်ပြထားတာပါ။
ဒီသီအိုရီထဲမှာ နည်းလမ်းသုံးခုပါဝင်ပါတယ်။
၁။Differentiations theory ကိုယ်ရဲ့ ကုန်စည်ကို အခြားသော ကုန်စည်တွေနဲ့ ကွဲပြားခြားနားစွာ ဈေးကွက်ထဲမှာ ရပ်တည်နိုင်အောင် လုပ်ရမယ်။ ကြော်ငြာ၊ ကုန်ပစ္စည်းရဲ့ အသွင်အပြင်၊ ၀န်ဆောင်မှုတွေကို အခြားကုန်စည်တွေနဲ့ မတူအောင် ဖန်တီးထားရမယ်။ နည်းပညာ အသစ်တွေသုံးပြီး သီးခြားပုံစံ ဖြစ်အောင် လုပ်ထားနိုင်ရမယ်။ အားသာချက်ကတော့ ပြိုင်ဘက်တွေရဲ့ ယှသ်ပြိုင်မှုကို လျှော့ချနိုင်ပြီး ကုန်စည်အချင်းချင်း အစားထိုးသုံးစွဲမှုကိုလည်း သက်သာစေတယ်။ စားသုံးသူတွေ အနေနဲ့ companyရဲ့ brand ကိုLoyalty ဖြစ်စေမည်။ အားနည်းချက်တွေက ကုန်ကျစရိတ်များမယ်။ ဈေးနှုန်းကို အဓိက မထားတဲ့ စားသုံးသူတွေသာ သုံးစွဲနိုင်မယ့် ကုန်စည်အသွင်ကို ဆောင်နေလိမ့်မယ်။ ဒါကြောင့် သာမန်ကုန်စည်တွေမှာ ဒီနည်းနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်။
၂။low-cost strategy က ဈေးကွက်ထဲမှာ အမြဲသုံးမယ့် သာမန်ကုန်စည်တွေ အတွက် ပိုပြီးအဆင်ပြေစေတယ်။ တည်ငြိမ်နေတဲ့ စီးပွားရေးလုပ်ငန်းမျိုးတွေ၊ ကျဆင်းစပြုနေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒီနည်းလမ်းကို သုံးသင့်ပါတယ်။ စရိတ်သက်သာစွာနဲ့ ထုတ်လုပ်နိုင်ဖို့အတွက် ထုတ်လုပ်မှုအပိုင်း၊ လုပ်သားများရဲ့လုပ်ဆောင်မှုအပိုင်းနဲ့ နည်းပညာတွေ အပေါ်မှာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
၃။Focus strategy ဒီနည်းလမ်းကတော့ ကိုယ်လိုချင်တဲ့ဈေးကွက်ကို အရင်ဆုံးရွေးချယ်ဆုံးဖြတ်ပြီးမှ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ Differentiations ရော Low-cost strategy ကိုပါ အသုံးပြုနိုင်ပါတယ်။
ယှဉ်ပြိုင်ခြင်းဆိုတာ နေရာတိုင်းမှာ ရှိနိုင်တာမို့ ဥာဏ်ရှိသလို သုံးစွဲနိုင်ပါတယ်။

Monday, March 3, 2008

မာခြင်းအဆင့် ပြိုင်ကြမယ်

ဟိုးရှေးရှေးတုန်းကတဲ့--------
အမျိုးသမီးငယ်လေးတစ်ယောက်က သူမဘ၀မှာ ဘာပဲလုပ်လုပ် အဆင်မပြေတဲ့အတွက် လောကကြီးထဲမှာ မနေချင်လောက်အောင် စိတ်ဓာတ်တွေကျပြီး အရမ်းစိတ်ဆင်းရဲနေရတယ်တဲ့။ အဲဒါကြောင့် သူမဟာ သူမရဲ့ဖခင်ကြီးထံသွားပြီး အကျိုးအကြောင်းတွေ ပြောပြသတဲ့။ သူမက ဖခင်ကြီးထံမှ တစ်စုံတစ်ရာ ပြန်ပြီး နှစ်သိမ့်စကားကြားရလိမ့်မယ်လို့ မျှော်လင့်နေတာပေါ့။ ဒါပေမဲ့ ဖခင်ကြီးက ဘာတစ်ခွန်းမှ ပြန်မပြောဘဲ မီးဖိုခန်းထဲ ၀င်သွားသတဲ့။ ဒီတော့ မိန်းမငယ်လေးဟာ ပိုပြီးဝမ်းနည်းသွားတာပေါ့။ ဖခင်ကြီးဟာ မီးဖိုခန်းထဲ ၀င်သွားပြီး မီးပြင်းပြင်းဖို ပြီးတော့ ရေနွေးအိုး သုံးအိုးကို တပြိုင်နက် တည်လိုက်သတဲ့။ နောက်ပြီး ရေနွေးသုံးအိုးလုံး တပြိုင်နက်ဆူရော သမီးကိုခေါ်ပြီးတော့ မုန်လာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ် အဲဒီသုံးမျိုးကို ရေနွေးအိုးတစ်အိုးစီကို တစ်မျိုးစီ ထည့်ခိုင်းလိုက်တယ်။ နောက်မိနစ်အနည်းငယ်လည်းကြာရော မုန်လာဥ၊ ကြက်ဥနဲ့ လက်ဖက်ခြောက်တွေကို နှိုင်းယှဉ်ခိုင်းသတဲ့။ မုန်လာဥကတော့ ပျော့ပြဲသွားပြီး မပြုတ်ခင်က အကြမ်းမခံနိုင်တဲ့ ကြက်ဥဟာ မာပြီးတောင့်တင်းသွားရောတဲ့။ လက်ဖက်ခြောက်ကတော့ မီးပြင်းလို့ ရေနွေးအိုးဆူလေ ရနံ့လည်း ပိုမွှေးလေတဲ့။
အဲဒီအဖြစ်အပျက်ကလေးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
လောကမှာ မည်သူမဆိုကြုံတွေ့ရမယ့် လောကဓံတရားတွေ့ရဲ့အောက်မှာ လူတိုင်း လူတိုင်း မိမိတို့ကိုယ်တိုင်ရင်ဆိုင်နားလည်ရမှာ ဖြစ်တယ်ဆိုတာကို သတိပြုရုံပါပဲ။
တချို့လူတွေက အပေါ်ယံကြည့်ရင် မာကျောတောင့်တင်းပြီး အရာရာကို ရင်ဆိုင်နိုင်တယ်လို့ထင်ရပေမယ့် တကယ့် လက်တွေ့မှာ အခက်အခဲနဲ့လဲလည်း ရင်ဆိုင်ရရော မခံနိုင်တော့ပဲ လက်လျော့ ရှုံးနိမ့်ခဲ့ရတာပဲ။
တချို့ကျပြန်တော့ အရမ်းပျော့ပျောင်းပြီး ဒုက္ခတွေနဲ့ ရင်ဆိုင်ပြီးရော လောကကြီးကို တောင်အကောင်းမမြင်တော့ဘဲ တစ်ဖက်စွန်းရောက်ပြီး အားလုံးကို ဆန့်ကျင်သွားတော့တာပဲ။
ဒါပေမဲ့ အချို့အချို့သော လူတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်ရလေ ပိုပြီးတည်ငြိမ်လာပြီး ပိုပြီးရင့်ကျက်လာတော့တာပဲ။ သူတို့တွေက အခက်အခဲ၊ ဒုက္ခတွေကို သင်ခန်းစာ အဖြစ်ရှုပြင်ပြီး ဆင်ခြင်ခဲ့ကြလို့ပါပဲ။
အသက်ရှင်နေစဉ် ရင်ဆိုင်ရမယ့် အမျိုးမျိုးသော အကြောင်းတရားတွေ အပေါ် အကောင်းဘက်က ရှုမြင်နိုင်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်မယ်ဆိုရင် ကြာလေ မွှေးလေ မီးပြင်းလေ ပိုမွှေးလေ ဖြစ်တဲ့ လက်ဖက်ခြောက် ဖြစ်လာမှာပါ။
လူ့ဘ၀ ခဏတာအတွင်း ရွှင်ကြည်တဲ့ ဘ၀င်၊ အေးချမ်းတဲ့စိတ်နဲ့ ပျော်ရွှင်သော ဘ၀ကို ဖြတ်သန်းနိုင်ပါစေဟု ဆန္ဒပြုရင်း-----
စာကြွင်း။ ။ ဤဆောင်းပါးကို ရေးနိုင်အောင် အတ္တကျော်စာအုပ်ကို လက်ဆောင်ပေးခဲ့သော မိတ်ဆွေတစ်ဦးအား ကျေးဇူးတင်လျှက်

Sunday, March 2, 2008

သီချင်းတစ်ပုဒ်အကြောင်း ဆွေးနွေးရအောင်

ပင်ပန်းနွမ်းနယ်မှုများစွာ ရှိနေသော လူသားတို့တွင် စိတ်အပန်းဖြေစရာ များစွာရှိသည်။ ထိုသို့သော များစွာများစွာ တို့အနက်မှ တေးသီချင်းများသည်လည်း ကောင်းစွာနေရာယူလာကြသည်။ တေးသီချင်းအမျိုးအစားမျိုးစုံ၊ တေးဂီတမျိုးစုံ တို့ဖြင့်နေ့ညမပြတ် အသစ်အသစ်တို့ကို ခံစားနားဆင်နိုင်ပေသည်။ မိမိနှစ်သက်ရာ ရွေးချယ်ကာ ခံစားချက်များတိုက်ဆိုင်ရာ သီချင်းပေါင်းများစွာ ရှိသည်။ ယနေ့ခေတ်ရေစီးအရ နည်းပညာတိုးတက်မှုကြောင့် များစွာဆန်းကြယ်သော တေးသီချင်းများ ပေါ်ထွက်ဆဲ၊ ပေါ်ထွက်မြဲ၊ ပေါ်ထွက်နေဦးမည်သာ ဖြစ်သည်။ ကျွန်တော့် ခံစားချက်နှင့် တိုက်ဆိုင်သော၊ နှစ်သက်သော သီချင်းများထဲမှ တစ်ပုဒ်ကို စာသားနှင့် သံစဉ် လိုက်ဖက်ညီမှု၊ အနှစ်သာရ ကောင်းမွန် ပြည့်စုံလှသော သီချင်းကလေးအား သူငယ်ချင်းများစွာလည်း ရင်ခုန်နှစ်သက် ခံစားနိုင်စေရန် တင်ပြလိုက်ချင်းပင် ဖြစ်သည်။
သီချင်းနှစ်သက်သူများသည် သီချင်းများကို နားဆင်ခံစားရင်း သီချင်းပိုင်ရှင်အား ရွေးချယ်တတ်ကြသည်။ ရွေးချယ်မှု ထပ်တူညီကာ ပြန်လည်ခံစားနားဆင်သည့်အခါတွင် နှစ်သက်ကြည်နူးမှုဟူသော ရသနှင့် တွဲဖက်ကာ ပျော်ရွှင်မှုကို ရရှိခံစားကြရပေသည်။ ယခု ကျွန်တော်နှစ်သက်သည့် သီချင်းတွင်လည်း သီချင်းပိုင်ရှင် ရှိနေလေသည်။ ထိုသီချင်းကလေးမှာ အိုင်စီ၏ ပင်တိုင်အဆိုရှင် တစ်ဦးဖြစ်သူ အငဲသီဆိုထားသည့် “နယ်မြေသစ်များစွာ” ပင်ဖြစ်သည်။ သီချင်းစာသားများသည် စိတ်အားငယ်နေသူ၊ ၀မ်းနည်းနေသူ၊ လမ်းပျောက်နေသူအား ကူညီဖေးမ လက်တွဲခေါ်မည်ဟူသော အနှစ်သာရပင် ဖြစ်သည်။ ဤစာစဉ်ဖြင့် ကျွန်တော်လွန်စွာ ချစ်ခင်နှစ်သက်သော၊ ကျွန်တော်လိုအပ်ချိန်တွင် အမြဲတမ်းဖေးမ ကူညီတတ်သော သူငယ်ချင်းအား မှတ်တမ်းတင်လိုက်ခြင်းလည်း ဖြစ်သည်။ ကျွန်တော်နှင့် သူသည် လွန်ခဲ့သော ခုနစ်နှစ်ကတည်းက သူငယ်ချင်းတော်ခဲ့ကြခြင်း ဖြစ်သည်။ ထိုကာလရှည်ကြီး တလျှောက်လုံးတွင် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် နားလည်ကူညီ ပေးရင်း ခင်မင်မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်လိုအပ်သည့်အချိန်တိုင်းတွင် ဘေးမှအမြဲ ကူညီတတ်သော၊ နားလည်ပေးသော သူငယ်ချင်းပင် ဖြစ်သည်။ ယခုသီချင်းကလေးအား သီချင်းပိုင်ရှင်ရွေးချယ်မှုတွင် ထိုသူငယ်ချင်းကလေးကပင် ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ သီချင်းကလေး၏ စာသားထဲတွင် မည်သည့်အခက်အခဲပင် ကြုံတွေ့ရသည်ဖြစ်စေ၊ တိုက်ခိုက်ထိုးနှက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် ဖြစ်စေ အတူလက်တွဲကာ ရင်ဆိုင်ဖြေရှင်းသွားမည် ဟူသော အနှစ်သာရများပင် ဖြစ်သည်။ သူငယ်ချင်းများစွာ ခံစား နိုင်ရန် သီချင်းကလေးအား ဖော်ပြလိုက်ရပေသည်။
ငါ့စိတ်ကူးတွေ အဝေးကို ရွက်လွှင့်ဆဲ
ဘယ်လိုအခက်အခဲတွေ့လည်း ရှေ့ဆက်သွားစို့
ဘ၀ဟာ game တစ်ခုဆိုလည်း
မနားတမ်းသွားရမှာဘဲ
ရန်သူတွေအများကြီးနဲ့ တိုက်ခိုက်ရှေ့ဆက်သွားစို့
ငါ့လက်ကို တွဲထားလိုက်ဦး
အကြင်နာတွေနဲ့ ဖေးမလိုက်ဦး
အတူတူရင်ဆိုင်ရဲရင့်ကြစို့
မလိုသူတွေ တိုက်ခိုက်လာခဲ့ရင် မင်းရှေ့က မင်းရဲ့တံတိုင်း
မင်းရဲ့ ရဲတိုက်တစ်ခု ဖြစ်ရပါစေမယ်
အမှန်တရားအတွက်၊ တို့ရည်ရွယ်ချက်အတွက်
တို့သွားကြစို့
ချွန်ထက်လွန်းတယ် မင်းဟာမြားတစ်စင်းဆိုလည်း
ငါဟာ လေးတစ်စင်းပေါ့
သွားမယ်ပစ်မှတ်များအထိ
မင်းဟာ ဓားတစ်စင်းဆိုလည်း
ငါဟာ ဒိုင်းတစ်လက်ပဲပေါ့
ဒီမှာ အမှန်တရားအတွက်ဆို
တို့နှစ်ယောက် အသက်စွန့်ကြစို့
မင်းလဲတဲ့ အချိန်တွဲထားပေးဖို့
ဒဏ်ရာတွေကြုံလည်း နှစ်သိမ့်ပေးဖို့
အမြဲတမ်း မင်းအနားမှာ ငါအားပေးမယ်
ရဲရင့်ကြစို့
ငါတို့ရှေ့မှာ အတားအဆီးများ
ဘာကိုမှ မကြောက်ဘူး၊ ရှေ့ဆက်မှာ
နယ်မြေသစ်များစွာ
အတူစွန့်စားကြစို့
မင်းနဲ့ငါ
နယ်မြေသစ်များစွာ
အတူသိမ်းပိုက်မှာပဲ

စာကြွင်း။ ။ကျွန်တော်တွင် ရှိသော များစွာသော သူငယ်ချင်းများလည်း နယ်မြေသစ်များစွာ စာစဉ်တွင် ပါဝင်သည်။

Tuesday, February 26, 2008

ရွေ့လျားနေသော ပစ်မှတ်များကို ထိမှန်အောင် ပစ်ခြင်း

ယနေ့ခေတ်တွင် လူငယ်အများစုသည် အမြဲတမ်းရွေ့လျားနေသော ပစ်မှတ်များကို ထိမှန်အောင်ပစ်နေကြရသည်။ တိုးတက်နေသော ခေတ်ကာလကြီးထဲတွင် ဆန်းသစ်မှုများလည်း အမြဲတမ်း ပေါ်နေသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခု၊ သုံးခုအတွင်း ရှင်သန်ခဲ့ကြသော လူများသည် မိမိတို့အားသန်ရာ ရည်မှန်းချက်တစ်ခုကို ချမှတ်ပြီး တစ်စိုက်မတ်မတ် လုပ်ဆောင်သွားပါက ဘ၀တွင် အောင်မြင်မှုရရှိကြသည်။ သို့ရာတွင် နှစ်ဆယ်ရာစုကုန်လွန်ပြီး နှစ်ဆယ့်တစ်ရာစုတွင်မူ လူငယ်များသည် ရွေ့လျာနေသော ပန်းတိုင်များဆီသို့ စမ်းတ၀ါးဝါးနှင့် သွားနေကြရသည်နှင့် တူလာသည်။ ကျွန်တော်စိတ်ကူး၊ ကျွန်တော့်အတွေးထဲတွင်လျှင် မိမိကိုယ်တိုင်သတ်မှတ်ထားသော ရည်မှန်းချက်ကိုရရှိရန် လိုအပ်ချက်များကို ကြိုးစားပြီးလျှင် ပန်းတိုင်ကို ရောက်ရှိ၊ ရရှိမည်ဟု ယုံကြည်ခဲ့သည်။ သို့ရာတွင် ထိုယုံကြည်မှုများသည် ယခုအချိန်တွင် ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့သည်။ ဘာကြောင့်ထိုသို့ဖြစ်ရသနည်းဟု အဖြေကို ကျွန်တော်ရှာဖွေမိသည်။ ယနေ့အထိ ကျွန်တော်သိခဲ့ရသည့် ယူဆချက်ကလေးကို ရေးသားထားခြင်း ဖြစ်ပါသည်။ ကျွန်တော်သိခဲ့ရသည်မှာ များစွာလွန်းသော လူနေထူထပ်လာမှု၊ ဆန်းသစ်သော တိုးတက်နေသော နည်းပညာ၊ အချိန်တိုင်းပြောင်းလဲနေသော အတွေးအခေါ် စသည်တို့ကြောင့်ပင် ဖြစ်သည်ဟု ယူဆမိပါသည်။ ထိုသို့သော အကြောင်းတရားများနှင့် ရွေ့လျာနေသော ပစ်မှတ်များကြားတွင် ကျွန်တော်အပါအ၀င် လူငယ်များသည် ခေတ်ကြီး၏ ပြောင်းလဲမှုများကို မျက်ခြေပြတ်မခံဘဲ စောင့်ကြည့်ကာ မိမိတို့ပစ်ချင်သည့် ပစ်မှတ်ကို အချိန်တိုတို အတွင်းပစ်နိုင်ရန် ကြိုးစားရမည်။ ပစ်မှတ်ကို ထိမှန်ပြီးသော သူများသည်လည်း ဆက်လက်ကာ ချိန်ရွယ်ထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ပစ်မှတ်များသည် အမြဲတမ်း ရွေ့လျားနေသည်ဟူသော အယူအဆအရ မိမိကိုယ်တိုင် ထိမှန်အောင် ပစ်ခဲ့ပြီးသော ပစ်မှတ်သည်လည်း ရွေ့လျားသွားနိုင်သောကြောင့် ဖြစ်သည်။
မှတ်ချက် ။ ။ အထက်ပါ အကြောင်းအရာများသည် ကျွန်တော်၏ ကိုယ်ပိုင်အယူအဆမျှသာ ဖြစ်ရာ မိတ်ဆွေတို့၏ အယူအဆများကိုလည်း ဖြည့်စွက်နိုင်ပါသည်။