Powered By Blogger

Tuesday, February 26, 2008

ရွေ့လျားနေသော ပစ်မှတ်များကို ထိမှန်အောင် ပစ်ခြင်း

ယနေ့ခေတ်တွင် လူငယ်အများစုသည် အမြဲတမ်းရွေ့လျားနေသော ပစ်မှတ်များကို ထိမှန်အောင်ပစ်နေကြရသည်။ တိုးတက်နေသော ခေတ်ကာလကြီးထဲတွင် ဆန်းသစ်မှုများလည်း အမြဲတမ်း ပေါ်နေသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခု၊ သုံးခုအတွင်း ရှင်သန်ခဲ့ကြသော လူများသည် မိမိတို့အားသန်ရာ ရည်မှန်းချက်တစ်ခုကို ချမှတ်ပြီး တစ်စိုက်မတ်မတ် လုပ်ဆောင်သွားပါက ဘ၀တွင် အောင်မြင်မှုရရှိကြသည်။ သို့ရာတွင် နှစ်ဆယ်ရာစုကုန်လွန်ပြီး နှစ်ဆယ့်တစ်ရာစုတွင်မူ လူငယ်များသည် ရွေ့လျာနေသော ပန်းတိုင်များဆီသို့ စမ်းတ၀ါးဝါးနှင့် သွားနေကြရသည်နှင့် တူလာသည်။ ကျွန်တော်စိတ်ကူး၊ ကျွန်တော့်အတွေးထဲတွင်လျှင် မိမိကိုယ်တိုင်သတ်မှတ်ထားသော ရည်မှန်းချက်ကိုရရှိရန် လိုအပ်ချက်များကို ကြိုးစားပြီးလျှင် ပန်းတိုင်ကို ရောက်ရှိ၊ ရရှိမည်ဟု ယုံကြည်ခဲ့သည်။ သို့ရာတွင် ထိုယုံကြည်မှုများသည် ယခုအချိန်တွင် ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့သည်။ ဘာကြောင့်ထိုသို့ဖြစ်ရသနည်းဟု အဖြေကို ကျွန်တော်ရှာဖွေမိသည်။ ယနေ့အထိ ကျွန်တော်သိခဲ့ရသည့် ယူဆချက်ကလေးကို ရေးသားထားခြင်း ဖြစ်ပါသည်။ ကျွန်တော်သိခဲ့ရသည်မှာ များစွာလွန်းသော လူနေထူထပ်လာမှု၊ ဆန်းသစ်သော တိုးတက်နေသော နည်းပညာ၊ အချိန်တိုင်းပြောင်းလဲနေသော အတွေးအခေါ် စသည်တို့ကြောင့်ပင် ဖြစ်သည်ဟု ယူဆမိပါသည်။ ထိုသို့သော အကြောင်းတရားများနှင့် ရွေ့လျာနေသော ပစ်မှတ်များကြားတွင် ကျွန်တော်အပါအ၀င် လူငယ်များသည် ခေတ်ကြီး၏ ပြောင်းလဲမှုများကို မျက်ခြေပြတ်မခံဘဲ စောင့်ကြည့်ကာ မိမိတို့ပစ်ချင်သည့် ပစ်မှတ်ကို အချိန်တိုတို အတွင်းပစ်နိုင်ရန် ကြိုးစားရမည်။ ပစ်မှတ်ကို ထိမှန်ပြီးသော သူများသည်လည်း ဆက်လက်ကာ ချိန်ရွယ်ထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ပစ်မှတ်များသည် အမြဲတမ်း ရွေ့လျားနေသည်ဟူသော အယူအဆအရ မိမိကိုယ်တိုင် ထိမှန်အောင် ပစ်ခဲ့ပြီးသော ပစ်မှတ်သည်လည်း ရွေ့လျားသွားနိုင်သောကြောင့် ဖြစ်သည်။
မှတ်ချက် ။ ။ အထက်ပါ အကြောင်းအရာများသည် ကျွန်တော်၏ ကိုယ်ပိုင်အယူအဆမျှသာ ဖြစ်ရာ မိတ်ဆွေတို့၏ အယူအဆများကိုလည်း ဖြည့်စွက်နိုင်ပါသည်။

Tuesday, January 1, 2008

အိုခြင်းကို ဘယ်လိုအနိုင်ယူမလဲ


ဘ၀သံသရာတွင် ကျင်လည်နေသူမှန်သမျှ အိုခြင်း၊နာခြင်း၊သေခြင်း ဟူသော ဝေဒနာများမလွဲမသွေ ရင်ဆိုင်ရပေမည်။ ယနေ့ခေတ်တွင် တိုးတက်လာသောနည်းပညာများကြောင့် ရုပ်ပိုင်းဆိုင်ရာ အိုမင်းရင့်ရော်မှုများကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သော (Anti- Oxident) ပစ္စည်းများကို စတင်သုံးစွဲနေကြသည်။ သို့သော်လည်း ဇရာမှ ကောင်းစွာလွတ်မြောက်နိုင်သည် မဟုတ်ပါ။ ကျွန်တော်တို့သည် ဇရာမှကောင်းစွာ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်သော်လည်း ပျှော်ရွှင်စွာဖြင့် ကောင်းစွာကျော်လွှားနိုင်ရန် လိုအပ်ပါသည်။ ကိုယ်ယုံကြည်တာ၊ ကိုယ်ဝါသနာပါတာ၊ ကိုက်ကျွမ်းကျင်တာကို ကြိုးစားလုပ်ကိုင်ရင်း “အို”တာကိုမသိ၊ “နာ”တာကိုမရှိဘဲ သေခြင်းတရားကို ညင်သာစွာ လက်ခံနိုင်ရန် ကြိုးစားသင့်သည်။ မိမိအတွက်လည်း အကျိုးရှိ၊ အများအတွက်လည်း အကျိုးရှိစေမည့် အလုပ်များကို လုပ်ဆောင်ရင်း ဇရာကို အန်တုနိုင်သူများသည် လောက၏ သူရဲကောင်းများပင် ဖြစ်ကြသည်။ အိုမင်းရင့်ရော်မှုကို စိတ်ဓာတ်အရ တိုက်ဖျက်ရမယ့် အန္တရာယ်နှစ်ခုရှိပါသတဲ့။ တစ်ခုက အတိတ်က ပျော်ခဲ့ပါးခဲ့တာတွေကို လုံးဝပြန်မတွေးပါနဲ့။ သေသွားတဲ့မိတ်ဆွေ၊ ဆွေမျိုးတွေအကြောင်းလည်း ပြန်မတွေးနဲ့။ အနာဂတ်ကိုသွားမယ့် ကိစ္စကိုသာတွေး၊ လုပ်စရာရှိစရာကိုလုပ်၊ အတိတ်က ကိုယ့်အပေါ် ပိမကျစေနဲ့။ ခံစားချက်က ကိုယ့်အပေါ် ပိမကျစေနဲ့။ နောက်တစ်ခုက ကိုယ့်ကိုကိုယ် ငယ်သေးတယ်လို့ ဇွတ်မထင်နဲ့။ အိုရမယ့် အကြောက်တရားကို ဖက်ရှားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက စိတ်ဝင်စားမှု၊ ၀ါသနာပါမှုတွေကို တဖြည်းဖြည်းနဲ့ ကျယ်ပြန့်တိုးချဲ့ လုပ်ဆောင်သွားဖို့၊ ကိုယ့်ရဲ့ အတ္တတံတိုင်းကြီးကို ဖြိုချသွားဖို့ပဲ ဖြစ်ပါတယ်။

လူ့ဘ၀ဆိုတာ မြစ်တစ်စင်းနဲ့တူပါတယ်။ အစမှာ သေးသေးလေးပဲ။ တဖြည်းဖြည်း စီးဆင်းတယ်။ ကမ်းပါးစောက်ကြီးကြားထဲ ၀င်တယ်။ အရှိန်ပြင်းလာတယ်။ ကျောက်ဆောင် ကျောက်တုံးတွေကို ဖြတ်ခဲ့တယ်။ မြစ်ပြင်ကျယ်ကြီး ဖြစ်လာတယ်။ ကမ်းနှစ်ဘက်လည်း ကျယ်လာတယ်။ ရေလည်းငြိမ်သွားပြီ။ တဖြည်းဖြည်းနဲ့ ပင်လယ်ကြီးနဲ့ ပေါင်းဆုံသွားတယ်။ လူ့ဘ၀လည်း အဲဒီသဘောပါပဲ။ ဘ၀တလျှောက် ဖြတ်သန်းရင်းနဲ့ ကျယ်ပြန့်လာတယ်။ အတွေ့အကြုံနဲ့ ဘ၀သင်ခန်းစာတွေ စုံလာတယ်။ မြစ်ကလေးကနေ ပင်လယ်ကြီးနဲ့ပေါင်းဆုံ သွားတဲ့အခါ အရာရာတည်ငြိမ်စွာနဲ့ ပြီးဆုံးသွားတယ်။ ဘ၀ကို ကောင်းမွန်စွာနဲ့ ရှုမြင်နိုင်ရင် ကိုယ်မရှိလည်း ကိုယ်ဖြစ်စေချင်တာတွေ ဆက်ဖြစ်သွားမယ်။ ခွန်အားတွေ တဖြည်းဖြည်း ဆုတ်ယုတ် လာတာဟာလည်း ငြိမ်းချမ်းစွာ တဖြည်းဖြည်းနဲ့ နောက်ဆုံး အနားရတော့မှာပါလား ဆိုပြီးတွေးလိုက်ရင် ဇရာဆိုတဲ့ အိုခြင်းတရားကို ကောင်းစွာ ရင်ဆိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

အလုပ်နှင့် ဘ၀ကြား မျှခြေကိုက်ဖို့ မျိုးဆက် အိပ်စ်နှင့်ဝိုင် ဆွေးနွေးစို့


လူသားအင်အားစုတွင် မျိုးဆက်အိပ်စ် နှင့် မျိုးဆက်ဝိုင် စသည်ဖြင့် မျိုးဆက်နှစ်ခု ရောယှက်နေသည်။ မျိုးဆက်ဟောင်းကို မျိုးဆက်အိပ်စ်၊ မျိုးဆက်သစ်ကို မျိုးဆက်ဝိုင်ဟု သတ်မှတ်ထားကြသည်။ မျိုးဆက်နှစ်ခုစလုံး တွင်တူညီသော အနေအထားတစ်ခု ရှိသည်။ ယင်းမှာ အလုပ်နှင့် ဘ၀ကြား မျှခြေကိုက်ရေး (work-life balance) ဖြစ်သည်။ မျိုးဆက်အိပ်စ်သည် အသက်၃၀နှစ်နှင့် အထက်ဖြစ်ပြီး အသက်၃၀နှစ်အောက်ကို မျိုးဆက်ဝိုင်ဟု သတ်မှတ်ကြသည်။ အထူးသဖြင့် မျိုးဆက်အိပ်စ်တို့သည်မျိုးဆက်ဝိုင်တို့ကို နားလည်နိုင်အောင်ကြိုးစားရမည်။ မျိုးဆက်ဝိုင်တို့လိုသောအရာကိုသိအောင်ကြိုးစားရမည်။ မျိုးဆက်ဝိုင်မှာ မျိုးဆက်အိပ်စ် အတွက် အသစ်ဆုံး ပေါ်လာသော လုပ်ဖော်ကိုင်ဖက် ဖြစ်သည်။အလုပ်နှင့်ဘ၀မျှခြေကိုက်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်အလုပ်နှင့်ကစားခြင်း ရောစပ်ခြင်းကို နားလည်ရမည်။ အလုပ်လုပ်နေသော လူငယ်တိုင်းအတွက်လုပ်ငန်းခွင်သည်သူတို့အတွက်ပျော်ရွင်စရာကောင်းသော ပတ်ဝန်းကျင်ဖြစ်ရန်လိုသည်။ မိနစ်တိုင်းစက္ကန့်တိုင်း ပျော်ရွင်နေရန်လိုသည်။ အလုပ်လုပ်နေသူအားလုံး တို့သည်မိမိတို့ လုပ်ကိုင်နေသော လုပ်ငန်းခွင်တွင် ရှည်ကြာစွာ လုပ်ကိုင်ကြရန် မျှော်လင့်ကြသည်။ သို့သော်လက်တွေ့နှင့် မျှော်လင့်ချက်ကွာခြားကြသည်။မျိုးဆက်ဝိုင်တို့သည် အလုပ်နှင့် မိသားစုကြား တွင် ဘက်ညီအောင် ဖန်တီးကြသည်။ မျိုးဆက်အိပ်စ်ကမူ အလုပ်နှင့် မိသားစုကြား မျှခြေကိုက်ရေးက လုပ်သားအင်အားစုများ၌ ၀င်လိုက် ထွက်လိုက် လုပ်ခြင်းဖြင့် ဖန်တီးကြသည်။ ယနေ့ခေတ် မျိုးဆက်ဝိုင်တို့တွင် အလုပ်နှင့် အိမ် (work and home ) ခြားနားခြင်း မရှိပေ။ ဘယ်နေရာတွင်ရှိရှိ အချိန်ကို တန်ဖိုးရှိရှိ သုံးစွဲချင်လာသည်။ မျိုးဆက်ဝိုင်တို့သည်အင်တာနက်နှင့် ကြီးပြင်းလာကြသူများဖြစ်သည်။ထို့ကြောင့် စွန့်ဦးတီထွင်မှု အတွက် ပိုက်ကွန်သဖွယ် ဖြစ်လာကြသည်။ မျိုးဆက်ဝိုင်တို့တွင် ရွေးချယ်စရာများ ပိုမိုများပြားလာ သကဲ့သို့ စိန်ခေါ်မှုများလည်း ပိုမိုများပြားလာသည်။ ထို့ကြောင့် အလုပ်နှင့်ဘ၀မျှခြေကိုက်ရေးအတွက်သမရိုးကျနည်းလမ်းဖြင့်မစဉ်းစား နိုင်တော့ပေ။ တီထွင်ဖန်တီးသော ဥာဏ်ဖြင့်သာ ဆင်ခြင်ရပေတော့မည်။ မျိုးဆက်ဝိုင်တို့သည် ခင်မင်ရင်းနှီးမှုကို ပိုမိုတန်ဖိုးထားလာကြသည်။ သူငယ်ချင်းတွေနှင့်အတူ အလုပ်လုပ်ချင်လာကြသည်။ သူငယ်ချင်းများဖြင့် လုပ်ငန်းခွင်ကို ဖန်တီးကြရာ သူငယ်ချင်းဘ၀သည် အလုပ်ပတ်ဝန်းကျင် ဖြစ်လာကြသည်။ ထို့အပြင်မျိုးဆက်ဝိုင်တို့သည် လုပ်ငန်းခွင်ပျော့ပျောင်းခြင်းကို ကြိုက်နှစ်သက်သည်။ အကြောင်းမှာ စိန်ခေါ်မှုများသော ခေတ်ထဲတွင် အခြားတိုးတက်ရာများ ရှာဖွေရသောကြောင့် ဖြစ်သည်။ ထို့အပြင် မျိုးဆက်ဝိုင်တို့သည်အလုပ်ချိန်ထဲမှ တစ်စုံတစ်ရာသော အပိုင်းကိုဖဲ့ကာ စေတနာ့ဝန်ထမ်း ဆောင်ရွက်ခြင်းမျိုးကိုနှစ်သက်ကြသည်။ အတင်းအကျပ် သဘောထက် စေတနာ့ဝန်ထမ်း သဘောကိုပိုမိုခုံမင်သည်။ ယနေ့အချိန်တွင် ရေပန်းစားနေသော လူငယ်အခြေပြု လူမှုအသင်းအဖွဲ့များ၏ အင်အားဖြင့် ကျန်းမာရေး၊ လူမှုရေးစသည်ဖြင့် စေတနာ့ဝန်ထမ်းများ ပြုလုပ်လာကြသည်။ ပရဟိတ ဖောင်ဒေးရှင်းများးထူထောင်ကြရာ လူငယ်များ အင်တိုက်အားတိုက် လုပ်အားပေးလာကြသည်ကိုတွေ့ရသည်။ ပင်ရင်းအလုပ်နှင့် စေတနာ့ဝန်ထမ်း အလုပ်ပူးတွဲလုပ်လာကြရာ မျိုးဆက်ဝိုင်တို့ လုပ်ငန်းခွင်မြဲသည်။ သို့ဖြစ်ရာ ပူးတွဲအကျိုးကျေးဇူးများပါ ရရှိလာသဖြင့် အပေါင်းလက္ခဏာကိုရည်ညွှန်သော (plus after plus) အသွင်ဆောင်လာကြသည်။ှမျိုးဆက်ဝိုင်တို့သည် အလုပ်နှင့် ဘ၀ဘက်ညီစေရန် အလုပ်နှင့်ကစားခြင်းကို အဆင်ပြေပြေ ရောစပ်ပေးရန် လိုသည်။ ထိုအကြောင်းကို မျိုးဆက်အိပ်စ်တို့ ကောင်းစွာ သဘောပေါက်ရန် လိုအပ်ပါသည်။သို့မှသာ စွမ်းအားမြင့်သော လူ့စွမ်းအားရင်းမြစ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။

ကျွန်တော်နှစ်သက်သော အဆိုအမိန့် စာစုများ - (၁)

  • တကယ်လို့များ တစ်စုံတစ်ယောက်ရဲ့ သောကဝေဒနာကို သက်သာစေအောင် ဆောင်ရွက်ပေးနိုင်သည်ပဲ ဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ရဲ့ ဘ၀အမောတွေကို အေးမြသွားအောင် ဆောင်ရွက် ပေးနိုင်သည်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မူးမေ့နေတဲ့ သပိတ်လွယ်ငှက်ကလေးတစ်ကောင်ကို သူ့အသိုက်ထဲကို ပြန်ထည့်ပေးလိုက်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဘ၀ဟာ အချည်းအနှီး မဖြစ်ပါဘူး။ (အင်မလီ ဒစ်ကီဆန်)
  • · မှန်ကန်တယ်လို့ ကျွန်တော်တို့ သိထားတဲ့ ကိစ္စနောက်ကို စိုက်လိုက်မတ်မတ် သစ္စာရှိရှိနဲ့ လိုက်လုပ်ဖို့ တကယ့်ကို သတ္တိမွေးရမယ်။ (ဆာရာ -အီး- အင်ဒိုဆင်)
  • · ကျွန်ုပ်တို့သည် မိမိအကျိုးစီးပွားနှင့် ယှဉ်သော၊ မိမိအတ္တ တည်မြဲရေးအတွက် အဓိကထားစဉ်းစားမှုကို ဖယ်ရှားလိုက်သော အခါတွင် ကျွန်ုပ်တို့၏ စိတ်မနောသည် မွန်မြတ်စင်ကြယ်သော၊ သူရဲကောင်းဆန်သော အသိတရားများ ၀င်ရောက်လာမည်မှာ မလွဲ။ (ဂျိုးဇက် ကင်းဘဲလ်)
  • · သင့်အကြိုက်နှင့် ပြုလုပ်သည့် အလုပ်ဟူသမျှ လှုပသည်ချည်း။ (ရူမီ)
  • · ချစ်ခြင်းမေတ္တာသည် အရာရာကို အောင်မြင်နိုင်စွမ်း ရှိသည်။ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ လက်မြှောက် အရှုံးပေးကြပါစို့။ (ဗါဂျီ)
  • · ရိုင်းပင်းခြင်း၊ကူညီခြင်း ချစ်ခြင်းမေတ္တာနှင့် ကူညီရိုင်းပင်းခြင်းက ကမ္ဘာကြီးကိုပင် ပြောင်းလဲပစ်နိုင်သည့် အာနိသင်ရှိသည်။ (ဂျိမ်းစ် အော်ထရီ)
  • · လူအများကို ကိုင်တွယ်ရာ၌ သူတို့၏ ဆင်ခြင်တတ်သော ဥာဏ်ကို သဘောမပေ့က်လျှင် နေပါစေ။ သူတို့၏ ခံစားမှုများကို နားလည်သဘောပေါက်မှုက အောင်မြင်မှုကို ပိုမိုရရှိစေပါသည်။ (ပေါလ်---ပီ----ပါကား)
  • · မိတ်ဆွေဖြစ်ခြင်းသည် ပျော်ရွှင်မှုများကို တိုးပွားစေပြီး သောကပရိဒေ၀တို့ကို လျော့ပါးစေပါသည်။ (သောမတ်စ် ဖူလာ)


Sunday, December 23, 2007

အချိုမြိန်ဆုံး အရသာ ဆိုတာ

ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ခါး ဟု အရသာ ခြောက်ပါးရှိသည်။ အဆိမ့်၊ ချိုဆိမ့်၊ အပူဟူသောနောက်ထပ် အရသာများလည်း ရှိသေးသည်။ မူလအရင်းခံ အရသာ ခြောက်ပါး၊ သူတို့အချင်းချင်းပေါင်းစပ်လိုက်လျှင် အရသာမျိုးစုံထွက်လာနိုင်သည်အရသာဆိုတာ အဘိဓမ္မာသဘောအရ ရသာရုံတစ်ပါးတည်းနှင့်ဆိုင်သော်လည်း တကယ်တမ်းတွင် အရသာ ခြောက်ပါးလုံးနှင့်ဆိုင်သည်။ လောကီလူသားများအတွက် အ၀တ်၊အစား၊အိမ်၊ကား စသည်ကိုယ်သန်ရာ ကိုယ်နောက်လိုက်၊ ကိုယ်ကြိုက်နှစ်သက်ရာ သည်သာအကောင်းဆုံးဖြစ်သည်ဟု သတ်မှတ်ထားကြသော်လည်း မြတ်စွာဘုရားရှင်က “သစ္စံဟဝေသာ ဒုတရံ ရသာနံ” သစ္စာတရားသည်သာ အချိုမြိန်ဆုံး အရသာဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။
သစ္စာတရားသည် ကျယ်ပြန့်၏၊ အရေးပါ၏။ လူနှင့် လူ့ပတ်ဝန်းကျင်တွင် အလိုအပ်ဆုံးအရာသည် သစ္စာတရားဖြစ်သည်။ လူသားများတွင် စောင့်ထိန်းရမည့် သစ္စာတရားများရှိသည်။ ဆိုင်ရာသစ္စာကို မစောင့်ထိန်းဘဲ ချိုးဖောက်ကြလျှင်ဖြင့် ချိုးဖောက်ခံရသူတို့မှာ ခါးသီးစွာ ခံစားရတော့သည်။ လင်နှင့်မယား၊ အလုပ်ရှင်နှင့် အလုပ်သမား၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ခင်မင်ရင်းနှီးသော သူငယ်ချင်း အချင်းချင်း စစသည်ဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အချိုမြိန်ဆုံးသော အရသာကို အမြဲတမ်း ရရှိနေရန် လိုအပ်လှပေသည်။ အကြောင်းမှာ ထိုအချိုမြိန်ဆုံးသော အရသာကိုပင်လျှင် လူသားများအားလုံး ခုံမင်တပ်မက်သောကြောင့် ဖြစ်သည်။

စံချိန်သစ်တွေ ရပ်တန့်တော့မှာလား

လူသားများ၏ ရုပ်ပါဝါစွမ်းဆောင်ရည် အတိုင်းအတာ ကန့်သတ်မှုရှိသောကြောင့် ၂၀၆၀ပြည့်နောက်ပိုင်း နှစ်ကာလတွင် အားကစားလောကတွင် စံချိန်သစ်ဟူသော စကားလုံး ပျောက်ကွယ်နိုင်ကြောင်း ပညာရှင်များ၏ လေ့လာမှုများမှ သိရှိရသည်။ ယင်းကာလတွင် အကန့်အသတ်ဖြင့် ရှိနေသော လူသားစွမ်းရည်သည် အမြင့်ဆုံးသို့ရောက်နေပြီး ယင်းထက်ပိုမြန်သောစွမ်းရည် စံချိန်သစ်မှာ မရှိနိုင်တော့ကြောင်းသုံးသပ်ခဲ့သည်။ ပြင်သစ်နိုင်ငံမှ ဇီဝဆေးပညာရှင်များသည် ၁၈၉၆ခုနှစ်မှ ယနေ့အထိပေါ်ပေါက်ခဲ့သော အိုလံပစ်အားကစား စစ်တမ်းများကို လေ့လာပြီး ယင်းစစ်တမ်းကို ဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ သုတေသနများအရ အစောပိုင်း အိုလံပစ်ပြိုင်ပွဲများတွင် အားကစားသမားများသည် လူ့ဇီဝကမ္မစွမ်းဆောင်ရည်၏ ၇၅ရာခိုင်နှုန်း အသုံးချကာ ယှဉ်ပြိုင်ခဲ့ကြသည်။ ယနေ့ခေတ်တွင်မူ ၉၀ရာခိုင်နှုန်းအထိ အသုံးချကာ ယှဉ်ပြိုင်ခဲ့ကြသည်။ ပြေးခုန်ပစ်၊ စက်ဘီး၊ အလေးမ၊ ရေကူး၊ စကိတ်စီး ဟူသော အားကစား၅မျိုးကို သုတေသနလုပ်ပြီးနောက် လူသား၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ အကန့်အသတ် အတိုင်းအတာသို့ရောက်လာတော့မည်ဟု တွက်ချက်ပြခဲ့ခြင်းဖြစ်သည်။ သုတေသနကို ဦးဆောင်ခဲ့သည့် Irmes တက္ကသိုလ်မှ ယန်းဖရန် ဗစ်ထူးဆန့်က အနာဂတ် အားကစားကမ္ဘာတွင် စံချိန်ချိုးနိုင်ခြင်းက ပြိုင်ပွဲတစ်ခု အနိုင်ရခြင်းလောက် အရေးပါတော့ဖွယ် မရှိကြောင်း သုံးသပ်ခဲ့သည်။ လက်ရှိအချိန်တွင်ပင် အချို့သော ကမ္ဘာ့စံချိန်များမှာ ချိုးနိုင်ရန်ခက်ခဲနေပြီ ဖြစ်ပြီး လက်ရှိစံချိန်နှင့် ထပ်တူပြေးနိုင်ရန်ပင် ခက်ခဲလာပြီ ဖြစ်သည်။
Source: Weekly Eleven News (26.12.07)

GDP နှင့် GDH

ဂျီဒီပီ(GDP)ဆိုသည်မှာ Gross Domestic Product “စုစုပေါင်း ပြည်တွင်းထုတ်ကုန်” ပင်ဖြစ်သည်။ ရှေးယခင် ကတည်းကပင် စီးပွားရေး တိုးတက်မှုကို GDP နှင့်တိုင်းတာခဲ့ကြသည်။ ဂျီဒီပီတက်လျှင် စီးပွားရေး တိုးတက်ပြီး ဂျီဒီပီကျလျှင် စီးပွားရေးကျသည်။ သို့ရာတွင် ဂျီဒီပီသည် စီးပွားရေး တိုးတက်မှုကို ဖော်ပြနိုင်သည့်တိုင် “ဖွံ့ဖြိုးမှု”ကို မတိုင်းတာနိုင်ပေ။ တိုးတက်မှု (Growth) နှင့် ဖွံ့ဖြိုးမှု (Development) ဟူသောဝေါဟာရနှစ်ခု၏ အသုံးဝင်မှုမှာ များစွာ ကွဲပြားသည်။ စီးပွားရေးတိုးတက်ရုံမျှဖြင့် ဖွံ့ဖြိုးမှုကို မရနိုင်ပေ။ ဖွံ့ဖြိုးတွင် တိုးတက်မှုသည် ရေရှည်သဘောဆောင်ရမည်၊ (Substainable) ၊ မျှတရမည်၊( Justic) ဟုယနေ့ဘောဂဗေဒ ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။
ဂျီဒီပီသည် စီးပွားရေးစာမျက်နှာ တစ်မျိုးတည်းကိုသာ ဖော်ပြနိုင်သည့်အ တွက် UNDPအဖွဲ့ကြီးက HDI ဆိုသည့် “လူ့ဖွံ့ဖြိုးမှု ညွှန်ကိန်း”ကို ထပ်မံအားဖြည့် တီထွင်လိုက်ခြင်းဖြစ်သည်။ ထိုညွှန်ကိန်းတွင် လူ့သက်တမ်း၊ ပညာရေးအဆင့် နှင့်ဝယ်လိုအား တို့အပေါ်တွင် အခြေခံထားသည်။ သို့သော်လည်း HDIသည် ဖွံ့ဖြိုးမှု တိုင်းတာချက်တစ်ခုလုံးကို ကိုယ်စားပြုနိုင်သည် မဟုတ်ပေ။
ယနေ့ကမ္ဘာ့ရွာဖြစ်တည်မှု၊ နည်းပညာတိုးတက်မှု ဂယက်များကြောင့် အသုံးဝင်မှု ဂျီဒီပီကို စိတ်ဝင်စားလာကြသည်။ ယနေ့ခေတ်တွင် Utility ၏ ပြဌာန်းချက်သည် အသုံးဝင်မှုတွင်ပင် ရပ်တန့်မနေဘဲ “စိတ်ချမ်းသာ ပျော်ရွင်မှု” အထိ ဦးတည်လာသည်။ ခက်နေသည်မှာ ဂျီဒီပီနှင့် ပျော်ရွင်မှုကို မတိုင်းတာ နိုင်သည်ဖြစ်ရာ နောက်ထပ် တိုင်းတာနည်းသစ်ကို ရှာဖွေလာကြသည်။ ထိုနည်းသစ်မှာ ဂျီဒီအိတ်ခ်ျ (GDH- Gross Domestic Happiness) စုစုပေါင်း ပြည်တွင်းပျော်ရွှင်မှု တန်ဖိုးပင်ဖြစ်သည်။ GDH တွက်ရာတွင် တိုင်းပြည်လူဦးရေ ရှိ ပျော်ရွှင်သူ ရာခိုင်နှုန်းဖြင့် အကဲဖြတ်သည်။ ပျော်ရွင်မှုနှင့် ၀င်ငွေသည် တိုက်ရိုက် ဆက်စပ်မှု ရှိသေည်လည်း အတိုင်းအတား တစ်ခုအထိသာဖြစ်သည်။ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၀၀၀၀ အထိဟု သတ်မှတ် ထားကြသည်။
ယနေ့ခေတ်တွင် အလွန်အမင်း များပြားလာသော လူဦးရေ ဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုလုပ်ငန်းများတိုး တက်လာမှုကြောင့် သဘာဝ ပတ်ဝန်းကျင်ယိုယွင်းမှုနှင့် သယံဇာတကျိန်စာသင့်မှု များဖြစ်ပွား လာသည်။ ထို့ကြောင့် ရှေးကအသုံးပြုခဲ့သော အစဉ်အလာ ဂျီဒီပီကို ပိုမိုတိကျမှု ရှိစေရန်၊ ပိုမိုစစ်မှန်မှု ရှိလာစေရန် ဖြည့်ဆည်းလာကြသည်။ ထိုဖြည့်ဆည်းမှုသည် အစိမ်းရောင် NNP (Green Net National Product) ပင်ဖြစ်သည်။ NNP ကို အစိမ်းရောင် အသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး ဟု မြန်မာမှုပြုထားသည်။ ယခင်က GDP၏ အမှန်တန်ဖိုးကို သိရှိရန် ငွေကြေးဖောင်းပွမှု (Inflation )နှင့် ညှိယူသည်။
ယနေ့အချိန်တွင် သယံဇာတ လျော့နည်းလာမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့ကိုပါ နှုတ်ရန်လိုအပ်လာသည်။ ထိုလျော့နည်းမှုနှင့် ယိုယွင်းမှုကို ပြန်လည် ဖြည့်ဆည်းရသော စရိတ်သည် ၀င်ငွေနှင့်တူညီနေလျှင် (သို့) ပိုနေလျှင်အဆိုပါတိုင်းပြည်အနေဖြင့် GDP တူညီနေသည့်တိုင် NNPကျနေသည်။ ရေရှည်ဖွံ့ဖြိုးရေး (Substainable Development) အတွက် အပေါင်းလက္ခဏာ ကို မဆောင်ဘဲ အနှုတ်ပြနေပြီဖြစ်သည်။ ထိုအခြင်းအရာများသည် GDP နှင့်GDH တို့ကြား ကွဲပြားချက်များပင် ဖြစ်သည်။ ကျွန်တော့် အတွေးအမြင်သစ်ကိုပါ ထည့်သွင်းတင်ပြရလျှင် ယနေ့နိုင်ငံအများစု ရင်ဆိုင်နေရသော ဆင်းရဲမွဲတေမှုကို ကျော်လွှားနိုင်ရန် GDH သည် GDP နှင့်စာလျှင် သာလွန်ထိရောက်မှု ရှိမည်ဖြစ်သည်။
ကောက်နှုတ်ချက်။ ။ ရန်ကုန်တိုင်းမ် (၂၀.၁၂.၀၇)